ဘုရားသခင်၏အလိုတော်အား ရှာဖွေတွေ့ရှိခြင်း

    Download Formats:

အခန်း
သင်နှင့် ဤစာအုပ်

ခရစ်ယာန်မြောက်မြားစွာတို့သည် မိမိတို့အသက်တာအတွက် ဘုရားသခင်၏အလိုတော်ကို ရှာဖွေရာ၌ စိတ်ရှုပ်ထွေးလျက် မရှင်းမလင်းဖြစ်နေကြသည်။ ဤစာအုပ်သည် ထိုသူတို့အား အကူအညီပေးရန် ရည်ရွယ်ပါသည်။ ဤစာအုပ်သည် အမှားကင်းသောလမ်းညွှန်မှုကိုပေးနိုင်မည့် ပြီးပြည့်စုံသော ပုံသေနည်း တစ်ရပ်ကို တင်ပြထားခြင်းမရှိပါ။ အကြောင်းမှာ သမ္မာကျမ်းစာ၌လည်း ထိုကဲ့သို့ဖော်ပြထားခြင်း မရှိ သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏လမ်းညွှန်မှုကို ရှာဖွေရာ၌ ဝိညာဉ်ရေးရာနည်းလမ်းထက် စက်ယန္တရားဆန်ဆန်နည်းလမ်းဖြင့် ချဉ်းကပ်ခြင်းမျိုးကို သတိပြုသင့်သည်။

ဤစာအုပ်သည် သင့်အား အဖြေအားလုံးပေးနိုင်ရန် မရည်ရွယ်ပါ။ သန့်ရှင်းသောဝိညာဉ်တော်အပေါ် သာ၍ မှီခိုအားထားလာနိုင်ရန်အတွက် သင့်အား တိုက်တွန်းအားပေးလိုခြင်းသည် ဤစာအုပ်၏ အဓိက ရည်ရွယ်ချက်ဖြစ်သည်။

ဝပ်ချ်မန်းနီး (Watchman Nee) က "ကျွန်ုပ်တို့လူသားတွေဟာ ပြီးပြည့်စုံတဲ့စာအုပ်တွေကို ထုတ်လုပ်ဖို့ မဟုတ်ပါဘူး။ အဲဒီလိုပြီးပြည့်စုံခြင်းရဲ့ အန္တရာယ်ကတော့ လူတစ်ဦးဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အကူအညီမပါဘဲ သဘော ပေါက်နားလည်နိုင်ခြင်းဖြစ်တယ်။ တကယ်လို့ ဘုရားသခင်က ကျွန်ုပ်တို့ကို စာအုပ်တွေကို ပေးတယ်ဆိုရင် ၎င်းတို့ဟာ အမြဲတမ်း တစ်ပိုင်းတစ်စစီဖြစ်ပြီး ရှင်းရှင်းလင်းရှိမှာမဟုတ် သလို တစ်သမတ်တည်း၊ဒါမှမဟုတ် ကျိုးကြောင်းဆီလျော်မှုရှိမှာမဟုတ်ဘဲ ကောက်ချက်ချမှုတွေလည်း ပါဝင်မှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီစာအုပ်တွေဟာ သက်ဝင်လှုပ်ရှားမှုနဲ့အတူ ကျွန်ုပ်တို့ထံရောက်ရှိလာပြီး ကျွန်ုပ်တို့ရဲ့ ဝိညာဉ်ရေးရာအသက်တာကို ကြွယ်ဝစေမှာဖြစ်တယ်။ ဘုရားသခင်ထံကလာတဲ့ အချက် အလက်တွေကို ကျွန်ုပ်တို့ ခွဲခြမ်းစိတ်ဖြာလို့မရနိုင်သလို လိုရင်းထုတ်နုတ်ခြင်း၊ ဒါမှမဟုတ် စနစ်တကျစီမံ ခြင်းမျိုး လုပ်လို့မရနိုင်ပါဘူး။ ရင့်ကျက်မှုမရှိတဲ့ ခရစ်ယာန်ကသာ ဆင်ခြင်တွေးခေါ်မှုဆိုင်ရာ စိတ်ကျေနပ်ဖွယ် သုံးသပ်ကောက်ချက်ချမှုတွေကို အမြဲတောင်းဆိုတတ်ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ကိုယ်တိုင်က အခြေခံအားဖြင့် ကျွန်ုပ်တို့ရဲ့ စိတ်ဝိညာဉ်နဲ့ အသက်တာကို အမြဲတမ်း စကားပြောတတ်တဲ့ ပင်ကိုစရိုက်လက္ခဏာရှိပါတယ်" ဟု ပြောသည်။

ဤစာအုပ်သည် သင့်စိတ်နှလုံးအတွက် သတင်းအချက်အလက်ပေးရုံ သက်သက်သာမဟုတ်ဘဲ အရေးကြီးဆုံးမှာ သင့်စိတ်ဝိညာဉ်အတွက် အသက်ကို ပေးစွမ်းနိုင်ပါစေ။

ဤစာအုပ်၏မာတိကာနှင့်သက်ဆိုင်သည့်စကား - ဤစာအုပ်အား စာအုပ်တစ်အုပ်လုံး၏ အကြောင်းအရာ ဆက်စပ်မှုရှုထောင့်မှ မဖတ်ရှုပါက စာပိုဒ်တစ်ခု၊ သို့မဟုတ် အခန်းတစ်ခန်းသည် သူ့ဘာသာသူ ပြည့်စုံမှုရှိမည် မဟုတ်ပါ။ အချို့အခြေအနေများတွင် စာအုပ်ထဲမှ စာကြောင်းတစ်ကြောင်းအား လျစ်လျူရှု မိခဲ့လျှင်ပင်၊ သို့မဟုတ် ပေါ့ပေါ့ဆဆ ဖတ်မိခဲ့လျှင်ပင် မူလဆိုလိုရင်းမှ လုံးဝကွဲပြားခြားနားသည့် ထင်မြင် ယူဆချက်ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ပေးလိုသည့်သတင်းစကားကို မှန်မှန်ကန်ကန် ရရှိနိုင်ရန် အတွက် စာအုပ်တစ်အုပ်လုံးအား ဖြည်းဖြည်းနှင့် ဂရုတစိုက်ဖတ်ရှုရန် (ဖြစ်နိုင်လျှင် နှစ်ကြိမ်ဖတ်ရန်) စာဖတ်သူအား တိုက်တွန်းလိုပါသည်။

အခန်း (၂) သည် ဤစာအုပ်၏ အရေးကြီးဆုံးအခန်း ဖြစ်နိုင်ပါသည်။ ဘုရားသခင်၏အလိုတော်ကို ရှာဖွေတွေ့ရှိနိုင်ရန် ချမှတ်ထားသည့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်မည်ဆိုပါက လမ်းညွှန်မှု ရရှိရန်မှာ အမြဲလိုလို ရိုးရှင်းသောကိစ္စဖြစ်လာသည်။ ကျွန်ုပ်တို့ ဘာမှမလုပ်နိုင်ဘဲ ရှေ့ဆက်တိုး၍မရသော အခါ အများအားဖြင့် မဖြစ်မနေလိုက်နာရမည့်အချက်များကိုလုပ်ဆောင်ရန် ပျက်ကွက်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံ စေရန် လုပ်ဆောင်ခြင်းဖြင့် သူ၏ဘုန်းတော်အား ထင်ရှားစေရန် ကျွန်ုပ်တို့တစ်ဦးစီတိုင်းကို ဘုရားသခင် ကူမတော်မူပါစေ။

ဤစာအုပ်၌ King James Versions ကို အသုံးမပြုထားပါ။ အကြောင်းမှာ ၎င်း၏ ရှေးဟောင်းဘာသာ စကားအသုံးအနှုန်းများက သမ္မာကျမ်းစာ၏ အမှန်တကယ် ဆိုလိုရင်းအား ကျွန်ုပ်တို့နားလည်သဘော ပေါက်နိုင်ရန် အတားအဆီးဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ယင်းအစား သမ္မာကျမ်းစာကိုးကားချက် အားလုံးအတွက် ခေတ်သစ်ဘာသာပြန်သမ္မာကျမ်းများကို အသုံးပြုထားပါသည်။ တမန်တော်ဝတ္ထု အခန်းကြီး ၈:၃ဝ၊ ၃၁ ပါအဖြစ်အပျက်တစ်ခုအား ဆီလျော်အောင်ဘာသာပြန်ဆိုမှုတစ်ခုကို ကျွန်ုပ်ကြားခဲ့ ရသည်။ "သင်ဖတ်နေသည့်အရာကို နားလည်ပါသလား" ဟု ဖိလိပ္ပုက အဲသယောပိအမတ်အားမေးသည့် အခါ "ခေတ်နှင့်ညီသည့် ဘာသာပြန်ဆိုမှုအားဖြင့် မဖော်ပြလျှင် အဘယ်သို့ နားလည်နိုင်မည်နည်း"ဟု ထိုအမတ်က ပြန်ဖြေခဲ့သည်။

* "JBP"(ဓမ္မသစ်ကျမ်းအား ပြန်ဆိုသော J.B. Phillips ၏ ဘာသာပြန်သမ္မာကျမ်းကို ရည်ညွှန်းသည်)၊ ** "TLB" (Kenneth Taylor ၏ သမ္မာကျမ်းစာ စကားပြေပြန်ခြင်း "The Living Bible" အားရည်ညွန်းသည်)၊ "NASB" (New American Standard Bible အားရည်ညွှန်းသည်) ဟု ဖော်ပြသည့်နေရာများမှလွဲ၍ သမ္မာကျမ်း ကိုးကားချက်အားလုံးကို Amplified Bible မှ အသုံးပြုထားပါသည်။ ဤဘာသာပြန် သမ္မာကျမ်းများမှ ကိုးကားချက်များကို အသုံးပြုခွင့်ရသည့်အတွက် ကျေးဇူးတင်လျက် အသိအမှတ်ပြု ပါသည်။

ဤစာအုပ်၏ မူရင်းစာမူအား ဖတ်ရှုပြီး အထောက်အကူဖြစ်စေသည့် အကြံပြုချက်များကို ပေးခဲ့သော ဘုရားသခင်၏အစေခံ အမှုတော်ဆောင်များစွာကို ကျေးဇူးတင်ရှိပါသည်။

အခန်း 1
သင့်ဘဝအတွက် ဘုရားသခင်၏အကြံအစည်

လူသား၏အမြင့်ဆုံးသော ဂုဏ်အသရေနှင့်အခွင့်ထူးမှာ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရခြင်း ဖြစ်သည်။ ဤအရာသည် သူ၏တပည့်တော်များအား သခင်ယေရှုသင်ကြားခဲ့သောအရာဖြစ်သည်။

ငါ့ခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်သောသူသာလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်ဟု သခင်ယေရှုက ပြောခဲ့သည် (မဿဲ ၇:၂၁)။

ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူသည် သူ၏စစ် မှန်သောညီအစ်ကိုမောင်နှမများ ဖြစ်သည်ဟုလည်း သခင်ယေရှုက ဆိုသည် (မဿဲ ၁၂:၅ဝ)။

ဤသွန်သင်ချက်အပေါ်အလေးထားမှုကို တမန်တော်များသည် ၎င်းတို့၏မျိုးဆက်များထံ မှန်ကန်စွာ လက်ဆင့်ကမ်းနိုင်ခဲ့သည်။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နိုင်ရန်အတွက် လူတို့အား အပြစ်မှ ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ရှင်ပေတရုက အလေးအနက်ပြောဆိုခဲ့သည် (၁ ပေ ၄:၁-၂)။ ယုံကြည်သူများ သည် သူတို့အတွက် ဘုရားသခင် အသေးစိတ် ကြိုတင်စီစဉ်ပြင်ဆင်ပေးထားသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ရန် ယေရှုခရစ်တော်၌ အသစ်ဖန်ဆင်းပြုပြင်ခံရသူများဖြစ်ကြောင်းကို ရှင်ပေါလုက အခိုင်အမာပြောဆိုခဲ့သည်။ ထို့ကြောင့် ဧဖက်မြို့ရှိ ခရစ်ယာန်များအနေဖြင့် မိုက်မဲသောသူများမဖြစ် ကြဘဲ သူတို့၏အသက်တာအတွက် ဘုရားသခင်၏အလိုတော်အား သိရှိနားလည်ရန် ရှင်ပေါလုက တိုက်တွန်းခဲ့သည် (ဧဖက် ၂:၁ဝ၊ ၅:၁၇)။ ကောလောသဲမြို့ရှိခရစ်ယာန်များသည် ဘုရားသခင်၏ အလိုတော်ကိုသိသောဉာဏ်နှင့် ပြည့်ဝစေရန်အတွက် ရှင်ပေါလု ဆုတောင်းပေးခဲ့သည်။ သူတို့သည် ဘုရားသခင်၏ အလိုတော်ရှိသမျှကို အပြည့်အဝဆောင်ရွက်နိုင်မည့်အကြောင်း သူ၏လုပ်ဖော်ဆောင်ဖက် ဧပဖြသည်လည်း သူတို့အတွက် ဆုတောင်းပေးလျက်ရှိကြောင်း ရှင်ပေါလုကပြောသည် (ကော ၁:၉၊ ၄:၁၂)။ဘုရားသခင်၏ အလိုတော်ကိုဆောင်ရွက်သောသူသာ ကာလအစဉ်အဆက်တည်ကြောင်း တမန်တော်ယောဟန်က သွန်သင်ခဲ့သည် (၁ ယော ၂:၁၇)။

ကျွန်ုပ်တို့၏ခေတ်ကာလနှင့်မျိုးဆက်၌ ထိုသွန်သင်ချက်အပေါ် အလေးထားမှုရှားပါးနေခြင်းမှာ စိတ် မကောင်းစရာပင်။ အကျိုးဆက်အနေဖြင့် ယနေ့ခေတ်၌ သာမန်ကာလျှံကာ ယုံကြည်သူများနှင့် သူတို့၏ ပေါ့ပျက်ပျက်ဖြစ်ခြင်း၊ အစွမ်းတန်ခိုးကင်းမဲ့ခြင်းတို့ကိုသာ တွေ့ရှိရသည်။ အပြစ်မှ ခွင့်လွှတ်ခြင်းခံရရန် သက်သက်အတွက်သာ သခင်ယေရှုထံသို့လာရန် လူတို့အား တိုက်တွန်းကြသည်။ တမန်တော်ခေတ်တွင် အပြစ်မှခွင့်လွှတ်ခံရခြင်းသည် ဘုရားသခင်၏အလိုတော်အလုံးစုံကို ပြည့်စုံစေရန်အတွက် ဆက်ကပ် အပ်နှံထားသောအသက်တာ၏ ရှေ့ပြေးလက္ခဏာတစ်ရပ်သာဖြစ်ကြောင်းကို လူတို့အား သွန်သင်ခဲ့သည်။

ဒါဝိဒ်သည် "ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူ"ဟု မိန့်တော်မူခံရသည်ဟု တမန်တော်ဝတ္ထု ၁၃:၂၂ ၌ ရည်ညွှန်းပြောဆိုရခြင်းမှာ ဒါဝိဒ်သည် ဘုရားသခင်၏အလိုတော်တစ်ခုတည်းကိုသာ ဆောင်ရွက် ရန် ဆန္ဒရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏အလိုတော်ဆောင်ရွက်ရခြင်းကို အားရဝမ်းမြောက် ကြောင်း ဒါဝိဒ်ကိုယ်တိုင် အခြားတစ်နေရာ၌ ပြောထားသည် (ဆာလံ ၄ဝ:၈)။ သူသည် ခြောက်ပြစ်ကင်း ပြီးပြည့်စုံသောသူတစ် ဦးမဟုတ်ခဲ့ပါ။ အပြစ်ဒုစရိုက်များစွာကို ကျူးလွန်ခဲ့ပြီး သူ့အား ဘုရားသခင် ပြင်းထန်စွာ အပြစ်ပေးဆုံးမခဲ့ရသည်အထိ အချို့သောကြီးလေးသည့် အပြစ်များကို ကျူးလွန်ခဲ့သူ ဖြစ်သည်။ သို့တိုင်အောင် ဒါဝိဒ်သည် ပင်ကိုအားဖြင့် ဘုရားသခင်၏အလိုတော်ရှိသမျှကို ဆောင်ရွက်ရန် ဆန္ဒရှိသောကြောင့် သူ့အား ဘုရားသခင် ခွင့်လွှတ်ခဲ့ပြီး သူ့အပေါ်၌ အားရဝမ်းမြောက်ခဲ့ရခြင်း ဖြစ်သည်။ အကယ်၍သာ ကျွန်ုပ်တို့၏နှလုံးသားများကို ဘုရားသခင်၏အလို တော်ဆောင်ရွက်ရန်အတွက် ပြဋ္ဌာန်း ထားမည်ဆိုပါက ကျွန်ုပ်တို့သည်လည်း အလုံးစုံသောမစုံလင်မှုကြားမှ ဘုရားသခင်၏စိတ်တော်နှင့် တွေ့သော အမျိုးသားများနှင့် အမျိုးသမီးများ ဖြစ်လာနိုင်ပါသည်။

သခင်ယေရှု၏ပုံသက်သေအတိုင်း နာခံလိုက်လျှောက်ကာ သူအသက်ရှင်လျှောက်လမ်းခဲ့သည့်အတိုင်း လျှောက်လှမ်းရန် ဓမ္မသစ်ကျမ်းက ယုံကြည်သူတို့အား တိုက်တွန်းထားသည်။ သခင်ယေရှု၏အသက်တာ တစ်ခုလုံးနှင့် အမှုတော်မြတ်လုပ်ငန်း၏ လမ်းညွှန်ဥပဒေသမှာ ခမည်းတော်ဘုရား၏အလိုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်။ ခမည်းတော်မပြောမချင်း ဘယ်သောအခါမှ သူ လှုပ်ရှားဆောင်ရွက်ခြင်း မပြုခဲ့ပေ။ သူ လှုပ်ရှားဆောင်ရွက်သည့်အခါ၌လည်း ရန်သူတို့၏ခြိမ်းခြောက်မှုများ၊ သို့မဟုတ် မိတ်ဆွေ များ၏ တောင်းပန်ပြောဆိုမှုများက ခမည်းတော်စေခိုင်းသည့်အရာကို မလုပ်ဆောင်နိုင်ရန် သူ့အား မတားဆီးနိုင်ခဲ့ပေ။ သူ၏နေ့စဉ်အစားအစာမှာ ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်ခြင်းပင် ဖြစ်သည် (ယောဟန် ၄:၃၄)။ လူတို့သည် မိမိတို့၏ခန္ဓာကိုယ်၌ အာဟာရရရှိစေရန် အစားအစာကို တောင့်တသကဲ့သို့ သူ့အားစေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ရွက်ရန် သခင်ယေရှု တောင့်တခဲ့သည်။

ဘုရားသခင်၏ အလိုတော်ရှိသမျှကိုဆောင်ရွက်ရန် ထိုကဲ့သို့သော ဆာငတ်တောင့်တမှုမျိုး ယုံကြည်သူ တိုင်း၌ ရှိသင့်ပါသည်။ "အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌ ပြည့်စုံပါစေ"ဟု ပြီးစလွယ် ဆုတောင်းပြီးနောက် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ၌ ဘုရားသခင်၏ လမ်းညွှန်မှုကို မရှာဖွေဘဲ ကျွန်ုပ်တို့စိတ်တိုင်းကျ အသက်ရှင်တတ်ကြသည်။

ဘုရားသခင်၏အကြံအစည်သည် အကောင်းဆုံးဖြစ်သည်

ဘုရားသခင်၏လမ်းညွှန်မှုအား မရှာဖွေခြင်းသည် ကမ်းကုန်မိုက်မဲမှုပင်ဖြစ်သည်။ ညဉ့်နက်နက် အမှောင် မိုက်ဆုံးအချိန် ထူထပ်သော တောအုပ်အလယ်၌ ဘယ်သို့သွားရမည်မသိဘဲ သင်တစ်ယောက်တည်း ဖြစ်ခဲ့မည်ဆိုလျှင် ထိုတောအုပ်အကြောင်း တစ်လက်မမကျန် အကုန်သိရှိနားလည်သည့် သင်အပြည့်အဝ စိတ်ချယုံကြည်ကိုးစားနိုင်သူတစ်ဦးနှင့် အတူရှိမည်ဆိုပါက သင်ဝမ်းသာမည်ဖြစ်သည်။ သူ မည်သည့်လမ်း သို့သွားသည်ဖြစ်စေ မည်သည့် မေးခွန်းမျှမမေးဘဲ မကြာမီ ထိုသူနောက်သို့ သင်လိုက်သွားမည်ဖြစ်သည်။ ထိုသူပေးသည့်အကြံအဉာဏ်အား လျစ်လျူရှုလျက် မမြင်နိုင်သည့်အန္တရာယ်များနှင့် ပြည့်နှက်နေသော မည်းမှောင်ထူထပ်သည့်တောအုပ်ထဲသို့ မိမိဘာသာမိမိဝင်ရောက်သွားခြင်းသည် မိုက်မဲရာကျမည်ဖြစ် သည်။ သို့သော် မြောက်မြားစွာသော ယုံကြည်သူတို့သည် ထိုကဲ့သို့သောပုံစံအတိုင်း ပြုလုပ်တတ်ကြ သည်။

ကျွန်ုပ်တို့အရှေ့၌ရှိနေသည့်အနာဂတ်သည် ကမ္ဘာပေါ်ရှိ အမှောင်မိုက်ဆုံးဖြစ်နိုင်သည့် မည်သည့်အရာ ထက်မဆို ပို၍မှောင်မိုက်သည်။ မည်သည့်အရာကိုမှ ကြိုတင်၍မမြင်နိုင်သော်လည်း ကျွန်ုပ်တို့ ရှေ့ဆက် တိုး၍ လျှောက်လှမ်းရမည်ဖြစ်သည်။ တစ်ခါတစ်ရံ၌ အကျိုးဆက်ကြီးမားကျယ် ပြန့်သောဆုံးဖြတ်ချက် များကို ချမှတ်ရသည့် အသက်တာ၏ လမ်းဆုံလမ်းခွများဆီသို့ ကျွန်ုပ်တို့ ရောက်သွားတတ်သည်။ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်နှင့် ဘဝလက်တွဲဖော်ရွေးချယ်ခြင်းကဲ့သို့သော ဆုံးဖြတ်ချက်များ သည် ကျွန်ုပ်တို့၏ အနာဂတ်တစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှု ရှိသည်။ ထိုသို့သောအချိန်များ၌ ကျွန်ုပ်တို့ မည်ကဲ့သို့ ဆုံးဖြတ်ချက်ချမည်နည်း။ ခရီးလမ်းတစ်ခုချင်းစီ၌ အန္တရာယ်များ၊ မထင်မှတ်ဘဲ ကျရောက် နိုင်သည့် ဘေးရန်များနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာမှသိရှိထားခြင်းမရှိပေ။ ကျွန်ုပ်တို့အတွက် စာတန်ချခင်းထားသည့် ထောက်ချောက်များအကြောင်းကိုလည်း ကျွန်ုပ်တို့ ဘာမှမသိရှိပါ။ သို့သော် လည်း မည်သည့်လမ်းကို ရွေးချယ်မည်ကို ကျွန်ုပ်တို့ဆုံးဖြတ်ရမည်ဖြစ်သည်။

ထို့ကြောင့် ထိုကဲ့သို့သောအချိန်များ၌ အနာဂတ်တစ်ခုလုံးကို သိရှိသော ကျွန်ုပ်တို့အပြည့်အဝ ယုံကြည် ကိုးစားနိုင်သူတစ်ဦးဦး ကျွန်ုပ်တို့နံဘေး၌ ရှိနေဖို့ရန်မှာ နှစ်လိုဖွယ်ဖြစ်ရုံသာမကဘဲ ကျွန်ုပ်တို့အတွက် လိုအပ် သောအရာဖြစ်လိမ့်မည်။ သခင်ယေရှုခရစ်တော်တည်းဟူသော ထိုကဲ့သို့ သောပုဂ္ဂိုလ်တော်မျိုးကို ကျွန်ုပ်တို့ရရှိထားပြီးဖြစ်ကာ သူသည် လုံခြုံစိတ်ချရဆုံးနှင့် အကောင်းဆုံးသော လမ်းခရီးတစ်လျှောက်၌ ကျွန်ုပ်တို့အား လမ်းပြပို့ဆောင်ရန် စိတ်ထက်သန်ပြင်းပြလျက်ရှိပါသည်။

ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ အသက်တာအတွက် ဘုရားသခင်၌ သီးခြားသတ်မှတ်ထားသည့် အကြံအစည်ရှိ သည်ဟု သမ္မာကျမ်းစာက သွန်သင်ထားသည် (ဧဖက် ၂:၁ဝ)။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကို ကြိုတင်စီစဉ်ပေးထားပြီး ကျွန်ုပ်တို့၏ ဘဝလက်တွဲဖော် ကိုလည်း ရွေးချယ်ပေးထားပြီးဖြစ်ကာ ကျွန်ုပ်တို့ မည်သည့်နေရာ၌ နေထိုင်သင့်သည်၊ နေ့စဉ် ကျွန်ုပ်တို့ ဘာလုပ်သင့်သည်ဆိုသည်ကိုပင် စီစဉ်ပေးထားပြီးဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အကြောင်း ကောင်းကောင်းသိရှိထားပြီး အကြောင်းအရာအချက်အလက်တိုင်းကို ထည့်သွင်းစဉ်းစားသူဖြစ်သော ကြောင့် အခြေအနေတိုင်း၌ ကိုယ်တော်၏ရွေးချယ်မှုသည်သာလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။ ထို့ကြောင့် မည်သည့် အမှုအရာအကြီးအငယ်၌မဆို ဘုရားသခင်၏ အလိုတော်အားရှာဖွေခြင်းသည် ဉာဏ်အမြော်အမြင်အရှိဆုံး ဖြစ်လိမ့်မည်။

ကျွန်ုပ်တို့၏ အကန့်အသတ်ရှိသော အသိဉာဏ်၏ တွေးခေါ်မြော်မြင်နိုင်စွမ်းနှင့် ခံစားချက်များ၏ စေညွှန်ရာသက်သက်နောက်ကိုသာ လိုက်မည်ဆိုလျှင် မိုက်မဲရာကျရုံသာမကဘဲ အန္တရာယ်ပါရှိနေသည်။ ဘုရားသခင်၏ အကြံအစည်သည်သာ အမှန်ပင် အကောင်းဆုံးဖြစ်သည်ဟူသည့် ခံယူချက်သည် ကျွန်ုပ်တို့အား လွှမ်းမိုးဆုပ်ကိုင်ထားခြင်းမရှိပါက ကျွန်ုပ်တို့သည် ၎င်းအား ရှာဖွေရန် စိတ်အားအထက် သန်ဆုံး အခြေအနေ၌ ရှိနေမည်မဟုတ်ပါ။

လူများစွာတို့သည် မိမိတို့ငယ်ရွယ်စဉ်အချိန်ကတည်းက ဘုရားသခင်၏အလိုတော်အား ရှာဖွေရန် ပျက်ကွက်ခဲ့ခြင်းကြောင့် သူတို့၏ အသက်တာများ၌ ပြန်လည်အဖတ်ဆယ်၍မရနိုင်သည့် ဆုံးရှုံးမှုများကို ကြုံတွေ့ကြရသည်။ စင်စစ် လူသည် "ငယ်ရွယ်စဉ်အခါ ထမ်းပိုးထမ်းသည်မှာ ကောင်းပေ၏" (ယေရမိမြည်တမ်းစကား ၃:၂၇)။ ရှင်မဿဲခရစ်ဝင် ၁၁:၂၈-၃ဝ ၌ သူ၏ထမ်းပိုးကို ယူ၍ထမ်းရန် သခင်ယေရှုက ဖိတ်ခေါ်နေသည်။ ထမ်းပိုးထမ်းခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လယ်ထွန်ရာ၌ အသုံးပြုသည့်နွားများကို ၎င်းတို့၏လည်ပင်းများပေါ်၌ ထမ်းပိုးတစ်ခုတင်လျက် အတူတူ ထားရှိသည်။ နွားအသစ်တစ်ကောင်အား လယ်ထွန်ရန် လေ့ကျင့်ပေးသည့်အခါ ၎င်းအား အတွေ့အကြုံရှိ သည့် နွားတစ်ကောင်နှင့် အတူတွဲ၍ ထမ်းပိုးတင်လေ့ရှိသည်။ ဤသို့ဖြင့် နွားအဟောင်း၏ ဦးတည် ချက်နှင့် အရှိန်အတိုင်း တူညီစွာလျှောက်ရန် နွားအသစ်အား လှုံ့ဆော်ပေးသည်။

ယင်းသည် သခင်ယေရှု၏ထမ်းပိုးကို ကျွန်ုပ်တို့အပေါ်၌ ယူ၍ထမ်းခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ကျွန်ုပ်တို့ သည် သခင်ယေရှု၏ဦးဆောင်မှုမပါဘဲ မည်သည့်အရာကိုမှ အလျင်စလိုမလုပ်ဆောင်ခြင်း၊ သို့မဟုတ် နာခံခြင်းဖြင့် ခြေလှမ်းအသစ်လှမ်းရန် သူဖိတ်ခေါ်ချိန်၌ နောက်ကျကျန်ရစ်နေခြင်းမရှိဘဲ ကိုယ်တော် နှစ်သက်သည့်လမ်း၌ သူနှင့်အတူ လျှောက်လှမ်းရမည်ဖြစ်သည်။ ဤထမ်းပိုးထမ်းခြင်း၏အဓိပ္ပာယ်အား နားလည်သူ အနည်းငယ်သာရှိသည်။ ထိုထမ်းပိုးအား လက်ခံရန် ဆန္ဒရှိသူမှာ ပို၍ပင်နည်းသေးသည်။ နွားသည် သူ၏လည်ပင်းပေါ်၌ ထမ်းပိုးကိုထမ်းရန် ပိုင်ရှင်ဖြစ်သူ၏ အတင်းအကျပ် စေခိုင်းခြင်းကို ခံရသည်။ သို့သော် သခင်ယေရှုက ကျွန်ုပ်တို့အားဖိတ်ခေါ်နေခြင်းဖြစ်သည်။ ဤနေရာ၌ မဖြစ်မနေ အတင်းအကျပ်စေခိုင်းသည့် သဘောမျိုးမရှိပါ။ ထိုဖိတ်ခေါ်မှုအား ကျွန်ုပ်တို့ငြင်းပယ်မည်ဆိုလျှင် မည်မျှ မိုက်မဲရာကျမည်နည်း။ စစ်မှန်သည့်လွတ်လပ်မှုနှင့် နက်ရှိုင်းသည့်ငြိမ်သက် အေးချမ်းမှုကို ယူဆောင်လာ သည့် သခင်ယေရှု၏ ပေါ့ပါးသော ထမ်းပိုးအစား ကျွန်ုပ်တို့ကိုယ်ပိုင်ဆန္ဒ၏လေးလံသော ထမ်းပိုးနှင့် အတူပါလာသော စိတ်ပျက်စရာများ၊ ရှုံးနိမ့်မှုများနှင့် နောင်တများကို ကျွန်ုပ်တို့ ထမ်းပိုးထား လိုကြသည်။

"လေးလံသောထမ်းပိုးအောက်၌ ခက်ခဲပင်ပန်းစွာ လုပ်ဆောင်နေသူများအားလုံး ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အား ငြိမ်သက်ချမ်းသာမှုကို ပေးမည်။ ငါသည် ပေါ့ပါးသောဝန်ကိုသာ သင်တို့အား ပေးသောကြောင့် ငါ့ထမ်းပိုးကိုယူ၍ထမ်းကာ ငါ့ထံ၌ သင်ယူကြလော့ (အသက်အရွယ်ပိုကြီး သည့်နွားက အတွေ့အကြုံမရှိသေးသည့်နွားအား သင်ကြားပေးသကဲ့သို့)။ ထိုအခါ သင်တို့၏ စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်" (မဿဲ ၁၁:၂၈-၃ဝ - TLB)။

ဧနောက်သည် "ဘုရားသခင်နှင့်အတူ သွားလာခဲ့သည်" ဟု ကျွန်ုပ်တို့ဖတ်ရှုရပြီး(ကမ္ဘာ ၅:၂၂) သူသည် ဘုရားသခင်၏ အရှေ့ကနေ အလောတကြီး မလျှောက်ခဲ့သလို နောက်ကျကျန်နေခဲ့ခြင်းလည်းမရှိဘဲ ထမ်းပိုးထမ်းရွက်ထားသူတစ်ဦးကဲ့သို့ ဘုရားသခင် ခွဲခန့်သတ်မှတ်ထားသည့် လမ်းကြောင်း၌ အနှစ်သုံးရာ ပတ်လုံး သွားလာခဲ့သည်။ ရလဒ်အနေဖြင့် သူသည် ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု ဘုရားသခင်၏ သက်သေခံခြင်းကိုရရှိခဲ့သည် (ဟေဗြဲ ၁၁:၅)။ သူ၏ထမ်းပိုးအောက်၌ ပြီး ပြည့်စုံသော အလိုတော်အတိုင်း နေထိုင်အသက်ရှင်လှုပ်ရှားခြင်းသည်သာ ကျွန်ုပ်တို့အား ဘုရားသခင်၏စိတ်တော်နှင့် တွေ့စေမည့် တစ်ခုတည်းသောလမ်းဖြစ်သည်။ သို့မှသာ သခင်ပြန်လည်ကြွလာသည့်အခါ နောင်တမရှိ ဘဲ ကိုယ်တော်၏ရှေ့တော်၌ ကျွန်ုပ်တို့ရပ်နိုင်မည်ဖြစ်သည်။

ဘုရားသခင်၏အကြံအစည်နှင့်လွဲချော်ခြင်း

ယုံကြည်သူတစ်ဦးသည် သူ၏အသက်တာအတွက် ဘုရားသခင်၏ ပြီးပြည့်စုံသောအလိုတော်နှင့် လွဲချော် နိုင်ပါသည်။ ရှောလုသည်ဣသရေလနိုင်ငံအားအုပ်စိုးရန် ရှင်ဘုရင်အဖြစ် ဘုရားသခင်၏ရွေးကောက်ခြင်း ကို ခံခဲ့ရသော်လည်း သူ၏စိတ်မရှည်မှုနှင့် နာခံမှုမရှိခြင်းတို့ကြောင့် နောက်ဆုံး၌ သူ့အား ဘုရားသခင် ငြင်းပယ်ခဲ့ရသည်။ သူသည် ရှင်ဘုရင်အဖြစ် နောက်ထပ် နှစ်အနည်းငယ် ဆက်လက်စိုးစံခဲ့ရသည်မှာ မှန်သော်လည်း သူ့ဘဝအတွက် ဘုရားသခင်ထားရှိသည့်အကြံအစည်နှင့် လွဲချော်ခဲ့ရသည်။ ရှောလမုန် သည် နောက်ထပ်ဖြစ်ရပ်ဥပမာတစ်ခုဖြစ်သည်။ သူ၏အစောပိုင်းနှစ်ကာလများ၌ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သူဖြစ်ခဲ့သော်လည်း ရုပ်တုကိုးကွယ်သူမိန်းမများနှင့် လက်ထပ်ခြင်းဖြင့် သူသည် နောက်ပိုင်း၌ လမ်းလွဲခဲ့သည်။

တောကန္တာရထဲ၌ သေကျေပျက်စီးခဲ့ကြသည့် ဣသရေလလူမျိုးတို့၏ဖြစ်ရပ်မှ သတိပေးချက်ကို သင်ခန်းစာယူရန် ဓမ္မသစ်ကျမ်း၌ နှစ်ကြိမ်တိုင်တိုင် ကျွန်ုပ်တို့အား အလေးအနက် တိုက်တွန်းထားသည်။ သူတို့အတွက် ဘုရားသခင်၏ ပြီးပြည့်စုံသောအလိုတော်မှာ ခါနန်ပြည်သို့ ဝင်ရောက်ရန်ဖြစ်သည်။ သို့သော် မယုံကြည်မှုနှင့် မနာခံမှုကြောင့် ထိုသူတို့အထဲမှ နှစ်ဦးကလွဲပြီး ကျန်ရှိသူအားလုံး ဘုရားသခင်၏ အကောင်းဆုံးသော အကြံအစည်နှင့် လွဲချော်ခဲ့ရသည်(၁ ကော ၁ဝ:၁-၁၂၊ ဟေဗြဲ ၃:၇-၁၄)။ အလားတူပင် များစွာ သောယုံကြည်သူတို့သည် မကြာခဏဆိုသလိုပင် အိမ်ထောင်ပြုခြင်း၊ သို့မဟုတ် အလုပ်အကိုင် ရွေးချယ်ခြင်း၌ နာခံမှုမရှိခြင်းနှင့် အပေးအယူအလျှော့အတင်း ပြုလုပ်ခြင်းအားဖြင့် သူတို့၏အသက်တာ အတွက် ဘုရားသခင်၏ အကောင်းဆုံးသောအကြံအစည်ကို လွဲချော်ခဲ့ကြသည်။

"ကျွန်တော့်ဘဝရဲ့ အချိန်အများစုကို ဘုရားသခင်ရဲ့ ဒုတိယအကောင်းဆုံးဆိုတဲ့အရာအပေါ်မှာပဲ အသက်ရှင်ခဲ့တယ်" ဟု တစ်နေ့၌ သူ၏ကျောင်းသူကျောင်းသားများကို ပြောပြခဲ့သည့် ကျမ်းစာကျောင်းမှ ဆရာတစ်ဦးအကြောင်းကို ဂျီခရစ်ရှန်ဝိုက်စ်(G Christian Weiss)က 'ပြီး ပြည့်စုံသောဘုရားသခင်၏ အလိုတော် (The Perfect Will of God)' ဟူသည့် သူ၏စာအုပ်၌ ဖော်ပြထားသည်။ သူအသက်ငယ်ရွယ် စဉ်အခါ သာသနာပြုအဖြစ် ဘုရားသခင်ကခေါ်ယူခဲ့သော်လည်း အိမ်ထောင်ပြုခြင်း၏အကျိုးဆက် ကြောင့် ထိုခေါ်သံမှ သူလမ်းလွဲခဲ့သည်။ ငွေရှာရန်အဓိက ရည်ရွယ်ချက်ဖြင့် ဘဏ်တစ်ခု၌အလုပ်လုပ်ကာ တစ်ကိုယ်ကောင်းဆန်သည့် အသက်မွေးဝမ်းကျောင်းဘဝကို စတင်ခဲ့သည်။ ဘုရားသခင်သည် သူ့အား နှစ်ပေါင်းများစွာ ဆက်လက်စကားပြောခဲ့သော်လည်း လက်လျှော့ရန်သူငြင်းဆန်ခဲ့သည်။ တစ်နေ့၌ သူ၏ ကလေးငယ်သည် ကုလားထိုင်ပေါ်မှပြုတ်ကျကာ သေဆုံးခဲ့သည်။ ထိုဖြစ်ရပ်က သူ့အား ဒူးထောက် အရှုံးပေးစေခဲ့ပြီး ဘုရားသခင်ရှေ့တော်၌ ညလုံးပေါက် မျက်ရည်ဖြင့်တိုးဝင်ခဲ့ပြီးနောက် သူ့အသက်တာ အား ဘုရားသခင်၏လက်တော်ထဲသို့ အလုံးစုံအပ်နှံခဲ့သည်။ ယခုမှာမူ အာဖရိက သို့ သာသနာပြုအဖြစ် သွားရန် သူ့အတွက် အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။ သူ့အတွက် တံခါးပိတ်သွားခဲ့လေပြီ။ သာသနာပြု အလုပ်မှာ သူ့အတွက် ဘုရားသခင်၏ အကောင်းဆုံးအကြံအစည်ဖြစ်မှန်း သူသိရှိခဲ့သော်လည်း ထို့အခွင့် အရေးနှင့် သူလွဲချော်သွားခဲ့ရသည်။ အတတ်နိုင်ဆုံး သူလုပ်နိုင်သည့်အရာမှာ ကျန်ရှိနေသည့်သူ့ဘဝ၏ အချိန်များကို အကျိုးရှိရှိအသုံးခံနိုင်ရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်းပင်ဖြစ်သည်။ သူသည် ကျမ်းစာကျောင်းတစ်ခု၌ စာချပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သော်လည်း ထိုအလုပ်မှာ သူ့အတွက် ဘုရားသခင် ၏ ဒုတိယအကောင်းဆုံးအကြံအစည်သာဖြစ်ကြောင်း သူဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပေ။

"အဲဒီအချိန်ကစပြီး အလားတူသက်သေခံချက်မျိုးကို ဝေမျှခဲ့ကြသူ တော်တော်များများကို ကျွန်တော် တွေ့ခဲ့ရတယ်။ အများအားဖြင့် အဲဒီ သက်သေခံချက်တွေဟာ ခါးသီးတဲ့မျက်ရည်တွေနဲ့ ရွှဲနစ်နေတယ်၊ ဒါမှမဟုတ် အနည်းဆုံးတော့ အဲဒီမျက်ရည်တွေနဲ့ စွန်းထင်းနေခဲ့ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင် တာကတော့ အပြစ်ကျူးလွန်ခဲ့သူတွေနဲ့ ပြီးပြည့်စုံတဲ့ ဘုရားသခင်ရဲ့ အလိုတော်လမ်းကြောင်းထဲကို ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသောဝင်ပေါက်ကို ကျော်လွန်သွားခဲ့သူတွေကိုတောင် အသုံးပြုနိုင်တဲ့ နည်းလမ်းတွေ ဘုရားသခင်မှာရှိပေမယ့် အသက်တာကတော့ ဘုရားသခင် နဂိုမူလရည်မှန်းထားခဲ့တဲ့ နည်းလမ်းအတိုင်း ဘယ်တော့မှ ဖြစ်လာနိုင်တော့မှာမဟုတ်ဘူး။ လူတစ်ဦးရဲ့အသက်တာအတွက် ပြီးပြည့် စုံတဲ့ ဘုရားသခင်ရဲ့အလိုတော်နဲ့ လွဲချော်သွားခြင်းဟာ ကပ်ဆိုးတစ်ခုပါပဲ။ ဒီစကားလုံးတွေနဲ့ ဒီသက်သေ ခံချက်ကို အသင်ခရစ်ယာန် သတိထားမှတ်သားပါ။ မဟုတ်ရင်တော့ သင်လည်း ဘုရားသခင်ရဲ့ ပထမဦးစားပေးရွေးချယ်မှုနဲ့ လွဲချော်သွားနိုင်ပါတယ်။ သံသယရှိဖို့မလိုတာက ဘဝလမ်းခရီးရဲ့ ဘယ်နေရာမှာပဲရောက်နေနေ မိမိဘဝကို သူ့ရဲ့လက်တော်ထဲ ဆက်ကပ်အပ်နှံသူ မည်သူ့ကိုမဆို ဘုရား သခင်အသုံးပြုမှာ ဖြစ်ပေမယ့် ဘဝခရီးရဲ့ အစကနဦးမှာကတည်းက ဘုရားသခင်ရဲ့အလိုတော်ကို ရှာဖွေပြီး အသက်တာကို အပ်နှံခဲ့ကြသူတွေထဲမှာ ကျွန်ုပ်တို့လည်းအပါအဝင်ဖြစ်အောင် ကြိုးစားပြီး ဘဝလမ်းခရီးမှာ အဲဒီရှက်ရွံ့နာကျင်ဖွယ်ရာ လမ်းလွှဲတွေကို ရှောင်ရှားကြပါစို့"ဟု ဝိုက်စ်က ဆက်လက်၍ ပြောသည်။

ကျွန်ုပ်တို့စိတ်ကြိုက်ရွေးချယ်ထားသည့် မည်သည့်နေရာ၌မဆို အောင်မြင်သည့်အသက်တာအား ရှင်သန် ရန်၊ သို့မဟုတ် ဘုရားသခင်အတွက် အစွမ်းကုန်အသုံးဝင်ရန်၊ သို့မဟုတ် အခြားသူများအတွက် ကောင်းချီး မင်္ဂလာဖြစ်စေရန်မှာ မဖြစ်နိုင်ပါ။ တချို့မှာ မိမိတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်၊ မိမိတို့နေထိုင်မည့် နေရာအား မိမိတို့ကိုယ်တိုင်ရွေးချယ်ကြပြီးနောက် သူတို့ရှိနေသည့် မည်သည့်နေရာ၌မဆို သခင်ဘုရား အတွက် သက်သေဖြစ်နိုင်မည့် အခွင့်အလမ်းကို ရှာဖွေကြသည်။

ဘုရားသခင်သည် သူ၏ကရုဏာတော်ကြောင့် ထိုကဲ့သို့သော ယုံကြည်သူများအား နည်းလမ်း အကန့် အသတ်ဖြင့် အသုံးပြုကောင်း အသုံးပြုနိုင်ပါသည်။ သို့ရာတွင် ဘုရားသခင်၏စပျစ်ဥယျာဉ်၌ သူတို့၏ အသုံးဝင်မှုသည် ဘုရားသခင်၏အကြံအစည်အား သူတို့စိတ်အားထက်သန်စွာ ရှာဖွေ ခဲ့ပြီး ပြီးပြည့်စုံသော ဘုရာသခင်၏အလိုတော်ဗဟိုချက်၌ ဆက်လက်တည်ရှိနေခဲ့မည်ဆိုပါက ဖြစ်ပေါ်နိုင်ခဲ့သည့် အသုံးဝင်မှု ၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။ ဝိညာဉ်ရေးရာကြီးထွားမှုကြုံလှီခြင်းနှင့် အကန့်အသတ် ဖြင့်သာ အသီးသီးခြင်းမှာ ဘုရားသခင်၏ဥပဒေသများကို ဂရုမစိုက်အလေးမထားခြင်း၏ အကျိုးဆက်များ ပင်ဖြစ်သည်။

ကိစ္စရပ်တစ်ခုခု၌ ဘုရားသခင်အား နာခံမှုမရှိခဲ့ပါက အချိန် သိပ်မလွန်ခင် ဘုရားသခင်အထံတော်သို့ ယခုပင် နောင်တဖြင့် တိုးဝင်ပါ။ ယောန၏ဖြစ်ရပ်မှာကဲ့သိုပင် သင့်အသက်တာအတွက် ဘုရားသခင်၏ မူလ ပင်မအကြံအစည်ထဲသို့ ပြန်လည်ဝင်ရောက်နိုင်ရန် သင့်အတွက် ဖြစ်ကောင်း ဖြစ်နိုင်ပါသေးသည်။

ကျွန်ုပ်တို့တစ်ဦးချင်းစီတိုင်းသည် ဘဝတစ်ခုကိုသာ ရရှိထားကြသည်။ အသက်တာလမ်းဆုံး၌ မိမိအား ဘုရားသခင်ပေးအပ်ခဲ့သည့် တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောနိုင်ခဲ့သည့် ရှင်ပေါလုကဲ့သို့သောသူသည် မင်္ဂလာရှိသောသူဖြစ်သည် (၂ တိ ၄:၇)။

"လောကနှင့် လောကီတပ်မက်ခြင်းစိတ်အလိုဆန္ဒများသည် တစ်နေ့၌ ရွေ့လျားပျောက်ကွယ်သွား လိမ့်မည်။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား ထာဝရကာလ၏အစိတ်အပိုင်းတစ်ခု ဖြစ်ကာ အစဉ်အမြဲအသက်ရှင်သည်" (၁ ယော ၂:၁၇ - JBP)။

"အသက်ရှင်သန်ရခြင်း၏ အဓိပ္ပာယ်နှင့်ရည်ရွယ်ချက်အား မသိရှိသောလူတို့ကဲ့သို့မဟုတ်ဘဲ ထိုအရာတို့ ကို သိရှိသောသူတို့ကဲ့သို့ မှန်ကန်သော တာဝန်သိစိတ်ဖြင့် အသက်ရှင်ကြလော့။ နေ့ရက်ကာလတို့သည် ကြမ်းတမ်းခက်ခဲသောကြောင့် သင်၏အချိန်ကို ကောင်းစွာအသုံးပြုလော့။ ဘုရားသခင်၏အလိုတော်ဟု သင်သိထားသောအရာအပေါ် ဇဝေဇဝါမဖြစ်ဘဲ ခိုင်မြဲစွာဆုပ်ကိုင်လော့" (ဧဖက် ၅:၁၅-၁၇ - JBP)။

အနှစ်ချုပ်

၁။ လူသား၏အကြီးမြတ်ဆုံးသော ဂုဏ်အသရေနှင့်အခွင့်ထူးမှာ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက် ရခြင်းဖြစ်သည်ဟု သခင်ယေရှုနှင့် တမန်တော်များက သင်ကြားခဲ့သည်။

၂။ ကျွန်ုပ်တို့အားလမ်းပြရန် ဘုရားသခင်က စောင့်ဆိုင်းနေချိန်၌ အနာဂတ်ကာလထဲသို့ မိမိတို့ဘာသာမိမိ ဝင်ရောက်သွားခြင်းမှာ မိုက်မဲရာကျသည်။ ဘုရားသခင်၏အကြံအစည်သာ အကောင်းဆုံးဖြစ်သည်။ ဘုရားသခင်ထံ အရှုံးပေးအပ်နှံပါက စာတန်၏ထောင်ချောက်များမှ ကျွန်ုပ်တို့အား ဘုရားသခင် ကယ်တင် နိုင်ပါသည်။

၃။ ဂရုမစိုက်အလေးမထားခြင်းနှင့် နာခံမှုမရှိခြင်းတို့ကြောင့် ကျွန်ုပ်တို့အသက်တာများအတွက် ဘုရား သခင်၏ ပြီးပြည့်စုံသောအလိုတော်နှင့် လွဲချော်ရန် ဖြစ်နိုင်ခြေရှိပါသည်။

အခန်း 2
ဘုရားသခင်၏အလိုတော်အား ရှာဖွေရာတွေ့ရှိရန် လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များ

ဘုရားသခင်နှင့် ကိုယ်တိုင်ကိုယ်ကျဆက်ဆံရေးမရှိဘဲ ဘုရားသခင်၏ လမ်းညွှန်မှုအကြောင်းသက်သက် ကို သီးသန့် စဉ်းစားဆင်ခြင်၍မရနိုင်ပါ။ လူများစွာတို့သည် ဆုကျေးဇူးပေးသူကိုမဟုတ်ဘဲ ထိုဆုကျေးဇူး များကိုသာ လိုချင်တောင့်တကြသည်။ ကျွန်ုပ်တို့သည် လမ်းညွှန်မှုကိုလိုချင်သော်လည်း ဘုရားသခင် ကိုယ်တော်တိုင်အား ဆာငတ်တောင့်တမှုမရှိပါက ကျွန်ုပ်တို့ရှာဖွေနေသည့်လမ်းညွှန်မှုကို ရရှိမည်မဟုတ် ပေ။

လူတစ်ဦးသည် သူ၏အသက်တာ၌ ဘုရားသခင်၏လမ်းပြမှုကို တွေ့ကြုံခံစားနိုင်ရန် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ ရင်းနှီးကျွမ်းဝင်မှု ရှိရမည်ဖြစ်သည်။ ပထမဆုံးဦးစွာ သူသည် အသစ်မွေးဖွားခြင်းမှ တစ်ဆင့် ခရစ်တော်နှင့် အရေးပါသောဆက်ဆံရေးသို့ ရောက်ရှိလာရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော် ထိုအရာတစ်ခုတည်းဖြင့် မလုံလောက်ပါ။ ဘုရား သခင်၏ဦးဆောင်လမ်းပြမှုအား သိရှိလိုပါက မဖြစ်မနေ လိုက်နာဆောင်ရွက်ရ မည့် အခြားသတ်မှတ်ချက်များ ရှိနေပါသည်။ ထိုသတ်မှတ်ချက်များကို ဓမ္မဟောင်းကျမ်း၌တစ်ခု၊ ဓမ္မသစ်ကျမ်း၌တစ်ခုအနေဖြင့် သမ္မာကျမ်းစာရှိ ကျမ်းပိုဒ်နှစ်ပိုဒ်တွင် ဖော်ပြ ထားသည် (သုတ္တံ ၃:၅-၆၊ ရောမ ၁၂:၁-၂)။ ထိုကျမ်းပိုဒ်များအား အသေးစိတ်လေ့လာကြပါစို့။

ယုံကြည်ခြင်း

"ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့...သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည် (သုတ္တံ ၃:-၅-၆)။

ဘုရားသခင်၏အလိုတော်ကို တစ်ခါမှ သိရှိနားလည်ခြင်းမရှိသူ များစွာရှိနေပါသည်။ အကြောင်းမှာ သူတို့အား ဘုရားသခင်လမ်းပြမည်ဟု အမှန်တကယ် မယုံကြည်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင် ၏လမ်းညွှန်မှုအား ကျွန်ုပ်တို့ရှာဖွေသည့်အခါ ယုံကြည်ခြင်းသည် အဓိကကျသည့် မရှိမဖြစ် လိုအပ်ချက် တစ်ခုဖြစ်သည်။ ယုံကြည်ခြင်းဆိုသည်မှာ သမ္မာတရားအား စိတ်ပိုင်းဆိုင်ရာဖြင့် လက်ခံခြင်းသက်သက် မဟုတ်ဘဲ ဘုရားသခင်အား ကိုယ်တိုင်ကိုယ်ကျသိကျွမ်းခြင်းမှ ထွက်ပေါ်လာသည့် ဘုရားသခင်အပေါ် ယုံကြည်စိတ်ချမှုဖြစ်သည်။

ကျွန်ုပ်တို့ ဉာဏ်ပညာချို့တဲ့သည့်အခါ (အခြေအနေတစ်ရပ်ရပ်တွင် ဘုရားသခင်၏စိတ်နေသဘောထား အကြောင်း သိရှိနားလည်မှု) ဘုရားသခင်ထံမှ ဉာဏ်ပညာကိုတောင်းခံရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်ထားပြီး ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့တောင်းလျှောက်မည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့အား ဉာဏ်ပညာကို ကြွယ်ဝစွာချပေးမည်ဟု ကတိပေးထားပါသည်။ ယုံကြည်ခြင်းမပါဘဲ တောင်းလျှောက်သောသူသည် တစ်စုံတစ်ခုအား ဘယ်တော့မှ ရရှိလိမ့်မည်မဟုတ်ပါ (ယာကုပ် ၁:၅-၇)။

ဘုရားသခင်အကြောင်းသိကျွမ်းခြင်း၌ နှစ်ပေါင်းများစွာ ကြီးထွားတိုးတက်လာခဲ့သည့် ရင့်ကျက်သူ များသာ ဘုရားသခင်၏လမ်းညွှန်မှုကို ရရှိကြသည်ဟု ယုံကြည်သူလူငယ်များက ခံစားမိပေလိမ့်မည်။ ဘုရားသခင်နှင့် သာ၍လျှောက်လှမ်းလေလေ သူ၏စိတ်သဘောကို ကျွန်ုပ်တို့ ပို၍ ထိုးထွင်းသိမြင်နိုင် လေလေဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ဘုရားသခင်သည် သူ၏သားသမီး အားလုံးကို လမ်းပြရန် ဆန္ဒရှိသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ရှင်ပေါလုအား ပြောခဲ့သောအရာသည် ကျွန်ုပ်တို့ အားလုံးအတွက်လည်း မှန်ပါသည်။

"မိမိ၏အလိုတော်ကို သိမြင်လာစေရန်၊ ပိုမိုခိုင်ခန့်ရှင်းလင်းစွာ သိမှတ်လက်ခံလာရန်နှင့် သာ၍ရင်းနှီး ကျွမ်းဝင်မှုရှိလာကာ သူ၏အလိုတော်ကို တစ်ဆင့်ပြီးတစ်ဆင့်တိုး၍ သိရှိလာရန်ရည်ရွယ်၍ ဘုရားသခင် သည် သင့်အား ကြိုတင်ခန့်အပ်ထားတော်မူသည်" (တမန် ၂၂:၁၄)။

ဖခင်တစ်ဦးသည် သူ၏သားသမီးများအား သူတို့အတွက်ထားရှိသည့် သူ၏ဆန္ဒများနှင့်အစီအစဉ်များကို အသက်အရွယ်ပိုကြီးသော သားသမီးများကိုသာမကဘဲ ငယ်ရွယ်သည့်သားသမီးများကိုပါ ဝမ်းမြောက်စွာ ဖော်ပြသည်။ ကျွန်ုပ်တို့၏ကောင်းကင်ဖခင်သည်လည်း ထိုနည်းတူပင်ဖြစ် သည်။ ယနေ့ခေတ်ပဋိညာဉ် တရားသစ်ကာလ (သို့မဟုတ် ဓမ္မသစ်ကာလ) ၌ သူ၏သားသမီးများအားလုံးသည် "အငယ်ဆုံးသောသူမှ စ၍ အကြီးဆုံးသောသူတိုင်အောင်" သူ့ကိုသိကြလိမ့်မည်ဟု နှုတ်ကပါတ်တော်၌ ဘုရားသခင်က ပြောထားသည် (ဟေဗြဲ ၈:၁ဝ၊ ၁၁)။ ဘုရားသခင်သည် သူ၏ အလိုတော်ကိုရှာသော သားသမီးများအား မိမိအလိုတော်အား ဖော်ပြရသည်ကို နှစ်သက်ဝမ်းမြောက်သည်ဟူသည့် "ယုံကြည်စိတ်ချမှုအပြည့် အဝဖြင့်" ကျွန်ုပ်တို့ အယောက်စီတိုင်း ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်နိုင်ပါသည်။

ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်ဟု ဟေဗြဲ ၁၁:၆ ၌ ဖော်ပြထားသည်။ ဘုရားသခင်သည် သူ့ကို စိတ်အားထက်သန်စွာ ကြိုးစားရှာဖွေသောသူအား အကျိုးပေးတော်မူကြောင်းကို ကိုယ်တော်ထံ ချဉ်းကပ်သောသူသည် ယုံကြည်ရမည်ဟု ထိုကျမ်းချက်၌ ဆက်လက်ဖော်ပြထားသည်။ လူတစ်ဦး၏ယုံကြည်ခြင်းသက်သေအား ဆုတောင်းရာတွင် ထိုသူ၏မဆုတ်မနစ်ဇွဲလုံ့လရှိခြင်း၌ တွေ့ရှိ နိုင်သည်။ စိတ်အားထက်သန်မှုသည် ခိုင်ခံ့သောယုံကြည်ခြင်း၏ အကျိုးရလဒ်ဖြစ်သောကြောင့် ဘုရား သခင်သည် စိတ်အားထက်သန်မှုအား အလေးထားဂုဏ်ပြုသည်။ ကျွန်ုပ်တို့သည် ဦးစွာပြင်းပြသည့် လိုအင်ဆန္ဒမရှိဘဲ ဘုရားသခင်ထံမှ မည်သည့်အဖိုးတန် အရာကိုမှ မရရှိနိုင်ပါ။ "ဘုရားသခင်သည် ဆာငတ်တောင့်တသောစိတ် ဝိညာဉ်ကို(သာ) ရောင့်ရဲကျေနပ်စေတော်မူသည်" (ဆာလံ ၁ဝ၇:၉)။ "ထို့နောက် သင်တို့သည် ငါ့ကို စိတ်နှလုံး အကြွင်းမဲ့ရှာသောအခါ ငါ့အား မရှိမဖြစ်လိုအပ်မှုအဖြစ် စိတ်အား ထက်သန်စွာ ရှာဖွေမေးမြန်းစုံစမ်းလျက် ငါ့ကိုရှာတွေ့လိမ့်မည်"ဟု ဘုရားသခင် မိန့်တော်မူသည် (ယေရမိ ၂၉:၁၃)။ ဘုရားသခင်၏လမ်းပြမှုကို ကျွန်ုပ်တို့ရှာဖွေသည့်အခါ စိတ်မပါ့တပါ လုပ်ဆောင်လေ့ရှိသည်မှာ အမှန်ပင်မဟုတ်ပါလား။ သခင်ယေရှုသည် ဂေသရှေမန်ဥယျာဉ်၌ ခမည်းတော်၏အလိုတော်ကို ရှာသော အခါ "အလွန်ပြင်းပြသောဆုတောင်းပတ္ထနာနှင့် မျက်ရည်ကျလျက် မချိတင်ကဲဝေဒနာကို ခံရသော အားဖြင့်" အထပ်ထပ် အသနားခံတောင်းလျှောက်ခဲ့သည် (ဟေဗြဲ ၅:၇ - JBP)။ ထိုအရာနှင့် နှိုင်းယှဉ်လျှင် ဘုရားသခင်၏အလိုတော်ကိုရှာဖွေရာ၌ ကျွန်ုပ်တို့ မည်မျှပင်အလေး အနက်မထားဘဲ ပေါ့ဆနိုင်လွန်း သနည်း။ ထို့ကြောင့် ဘုရားသခင်၏အလိုတော်အား ကျွန်ုပ်တို့ရှာမတွေ့ခြင်းမှာ အံ့သြစရာမဟုတ်ပေ။ ဘုရားသခင်၏အလိုတော်အား ကမ္ဘာပေါ်ရှိ အဖိုးတန်ဆုံး သောရတနာကဲ့သို့ ကျွန်ုပ်တို့ တန်ဖိုးထားမည် ဆိုပါက ကျွန်ုပ်တို့သည် အလိုတော်အား စိတ်နှလုံးအကြွင်းမဲ့ရှာဖွေလိမ့်မည်။ အလိုတော်ကို လုံ့လဝီရိယ ဖြင့် ကြိုးစား၍ ရှာဖွေသူများအား ဘုရားသခင် အကျိုးပေးတော်မူကြောင်းကို ကျွန်ုပ်တို့ အမှန်တကယ် ယုံကြည်ပါသလား။ သို့ပြုလျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် လက်မလျှော့ဘဲ စွဲစွဲမြဲမြဲဆုတောင်းခြင်း၌ မိမိဘာသာမိမိ သက်သေထူလိမ့်မည်ဖြစ်သည်။ ကျွန်ုပ်တို့အသက်တာများ၏ အခန်းကဏ္ဍတိုင်း၌ သူ၏အလိုတော်ကို ဖြည့်ဆည်းဆောင်ရွက်ရန် ပြင်းပြသည့်စိတ်အားထက်သန်မှုဖြင့် တောက်လောင် နေပါက ဘုရားသခင်သည် သူ၏စိတ်သဘောကို ကျွန်ုပ်တို့အား ဧကန်မုချ ဖော်ပြလိမ့်မည်။ အဖြေရရှိ သည်အထိ ကိုယ်တော်အား လက်မလွှတ်ဘဲ ဖမ်းဆုပ်ထားတတ်သည့် ယုံကြည်ခြင်းအား ဘုရားသခင် ဂုဏ်ပြုချီးမြှောက်ခြင်း မပြုဘဲမနေပါ။

သမ္မာကျမ်းစာ၌ ယုံကြည်ခြင်းကို စိတ်ရှည်သည်းခံမှုနှင့် မကြာဏ တွဲ၍ဖော်ပြသည်။ ဘုရားသခင်၏ ကတိတော်များကို အမွေဆက်ခံလိုပါက ထိုနှစ်ခုစလုံးကို လိုအပ်သည်(ဟေဗြဲ ၆:၁၂၊ ၁၅)။ ကျွန်ုပ်တို့၏ အမှုအရာကို ထာဝရဘုရားထံအပ်နှံလျက် ယုံကြည်ကိုးစားပြီး ကိုယ်တော်၏အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းကာ သူသည် ကျွန်ုပ်တို့အား စိတ်ပျက်စေမည်မဟုတ်ကြောင်းကို စိတ်ချထားနိုင်ကြောင်း ဒါဝိဒ်က တိုက်တွန်းထားသည်(သူ၏ကိုယ်တွေ့အတွေ့အကြုံမှ)(ဆာလံ ၃၇:၅၊ ၇)။ ဘုရားသခင်၏ လမ်းညွှန်မှုကို ရှာဖွေသည့်အခါ ကြုံတွေ့ရသည် အကြီးမားဆုံးသော စုံစမ်းနှောင့်ယှက် ခြင်းများထဲမှတစ်ခု မှာ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်မရှည်ခြင်းတို့ဖြစ်သည်။ သို့သော် ယုံကြည်သောနှလုံးသားမူကား ငြိမ်သက် အေးချမ်းလျက်ရှိသည်။

တချို့သောဆုံးဖြတ်ချက်များအတွက် ဘုရားသခင်၏သဘောထား ကိုဖော်ပြသည့် လုံးဝရှင်းလင်းသော အရိပ်အမြွက်ကို ကျွန်ုပ်တို့စောင့်ဆိုင်း ရန် မလိုပါ။ ဥပမာ- ယခုလ ၁၅ ရက်နေ့ သို့မဟုတ်၊ ၁၆ ရက်နေ့တွင် ခရီးစဉ်တစ်ခုကို အစပြုသင့် မသင့် ဘုရားသခင်၏အလိုတော်ကိုရှာဖွေရာ၌ ဘုရား သခင်ထံမှ ရှင်းလင်း သောအဖြေရရန် သင့်အနေဖြင့် အကန့်အသတ်မရှိ စောင့်ဆိုင်းရန် မလိုပါ။

သို့သော် တချို့ဆုံးဖြတ်ချက်များအတွက်မူ ဘုရားသခင်၏အလိုတော်ကို လုံးဝရှင်းရှင်းလင်းသိရသည့် အချိန်အထိ ကျွန်ုပ်တို့ စောင့်ဆိုင်းရမည်ဖြစ်သည်။ ဥပမာ- အိမ်ထောင်ပြုရန်စဉ်းစားသည့်အခါ ကျွန်ုပ်တို့ မသေချာမရေရာ အဖြစ်မခံနိုင်ပါ။ ကျွန်ုပ်တို့ ဆုံးဖြတ်ချက်မချမီ ဘုရားသခင်၏အလိုတော်ကို လုံးဝ အသေအချာ စိတ်ချမှုရှိရန်လိုပါသည်။ ထိုဆုံးဖြတ် ချက်၏အကျိုးဆက်မှာ ပိုမိုကြီးမားကျယ်ပြန့်သော ကြောင့် ယင်းကဲ့သို့ဆုံးဖြတ်ချက်မျိုးမှာ ခရီးပြုရန်ဆုံးဖြတ်ချက်ထက် သိသိသာသာ အရေးပါသော အခိုက် အတန့်မျိုးဖြစ်သည်။ ဆုံးဖြတ်ချက်က အရေးကြီးလေလေ ဘုရား သခင်၏အလိုတော်အား သေချာစွာသိဖို့ ရန် အချိန်ကြာကြာ စောင့်ရလေလေဖြစ်သည်။

ဘုရားသခင်ကို ကျွန်ုပ်တို့ကိုးစားယုံကြည်ပါက စောင့်ဆိုင်းရန် ကြောက်ရွံ့နေမည်မဟုတ်ပါ။ စောင့်ဆိုင်း လိုက်ရခြင်းကြောင့် အကောင်းဆုံးသောအရာအား ကျွန်ုပ်တို့ လက်လွှတ်ဆုံးရှုံးလိုက်ရမည်ကို စိုးရိမ်စိတ် ဖြင့် ဘုရားသခင်၏အချိန်မတိုင်ခင် မိမိတို့ဘာသာမိမိလုပ်ဆောင်ရန် ကျွန်ုပ်တို့ ကြိုးစားမည် မဟုတ်ပါ။ ဘုရားသခင်သည် နယ်ပယ်ကဏ္ဍတိုင်းတွင် ကျွန်ုပ်တို့အတွက် အကောင်းဆုံးသောအရာကို ကာကွယ် စောင့်ရှောက်ပေးနိုင်စွမ်းရှိသည်။ စိတ်မရှည်စွာဖြင့် ဖမ်းဆုပ်လိုက်သည့်အခါ ဘုရားသခင်၏အကောင်း ဆုံးသောအရာနှင့် ကျွန်ုပ်တို့ ထာဝရလွဲချော်သွားသည်။ "ယုံကြည်သောသူသည် ... အလျင်စလိုပြုမည် မဟုတ်" ဟု သမ္မာကျမ်းစာက ပြောသည် (ဟေရှာယ ၂၈:၁၆)။

ကြီးမြတ်သော "လမ်းညွှန်မှု"ဆာလံဖြစ်သည့် ဆာလံ ၂၅ ၌ ဘုရား သခင်အား မျှော်လင့်စောင့်စားခြင်း အကြောင်းကို ဒါဝိဒ်က ထပ်တလဲလဲ ပြောဆိုထားသည် (အပိုဒ်ငယ် ၃၊ ၅၊ ၂၁)။ ဘုရားသခင်၏အချိန်အား စောင့်မျှော်သည့် မည်သူတစ်ဦးတစ်ယောက်မှ စောင့်ဆိုင်းရခြင်းကြောင့် နောင်တရလိမ့်မည် မဟုတ်ပါ။ အကြောင်းမှာ ဘုရားသခင်သည် "ကိုယ်တော်ကို (စိတ်အားထက်သန်စွာ) စောင့်မျှော်နေသောသူတို့၏ ကိုယ်စား ကိုယ်တော်တိုင် တက်ကြွစွာ လုပ်ဆောင်တော်မူသောကြောင့်ဖြစ်သည်" (ဟေရှာယ ၆၄:၄၊ နှိုင်းယှဉ်ဖတ်ရှုရန် - ဟေရှာယ ၄၉:၂၃)။

ယေဘုယျအားဖြင့် ကျွန်ုပ်တို့စောင့်ဆိုင်းသည့်အချိန်၌သာ ဘုရားသခင်သည် သူ၏စိတ်သဘောကို ကျွန်ုပ်တို့အား ရှင်းလင်းစွာဖော်ပြနိုင်သည်။ ဂျိမ်းစ်မက်ကွန်ကီး(James McConkey) က 'လမ်းညွှန်မှု (Guidance)' ဟူသည့် သူ၏စာအုပ်ငယ်၌ ဤကဲ့သို့ ရေးသားထားသည်။ "တစ်ခါတစ်ရံ ရွှံ့ရောင်ထနေပြီး နောက်ကျိနေတဲ့ ရေတစ်ခွက်ကို ဘုံဘိုင်ခေါင်းကနေ သင်ခပ်ယူတဲ့အခါ ရေကြည်လင်လာအောင် သင်ဘယ်လိုလုပ်မလဲ။ နောက်ကျိနေတဲ့ရေခွက်ကို သင် စားပွဲပေါ်မှာတင်လိုက်တယ်။ အချိန်တရွေ့ရွေ့နဲ့ ဖန်ခွက်ရဲ့အောက်ခြေမှာ အနည်ထိုင်လာတယ်။ ရေက တဖြည်းဖြည်းနဲ့ ပိုပြီး ကြည်လင်လာတယ်။ သိပ်မကြာခင်မှာပဲ ရေထဲကနေတစ်ဆင့် အရာဝတ္ထုတွေကို ခွဲခြားမြင်နိုင်တဲ့အထိ ရေက ကြည်လင်လာ တယ်။ စောင့်ဆိုင်းရုံနဲ့ပဲ အရာအားလုံးဖြစ်ပေါ်လာတယ်။ လမ်းညွှန်မှုနယ်ပယ်မှာလည်း ဥပဒေသက အတူတူပဲဖြစ်တယ်။ ဒီနေရာမှာ ဘုရားသခင်ရဲ့ အနည်ထိုင်စေတဲ့အရာက စောင့်ဆိုင်းခြင်းဖြစ်တယ်။ ကျွန်ုပ်တို့စောင့်ဆိုင်းတဲ့အခါ တဖြည်းဖြည်း အနည်ထိုင်လာတယ်။ အသုံးမဝင်တဲ့အရာတွေဟာ သူတို့နဲ့ သင့်တော်တဲ့ အရေးမပါတဲ့နေရာကို ရောက်ရှိသွားတယ်။ ကြီးမားတဲ့အရာတွေက သူတို့နဲ့သင့်တော်တဲ့ အရေးပါတဲ့နေရာကို သိသာထင်ရှားစွာ ရောက်ရှိသွားတယ်။ စောင့်ဆိုင်းခြင်းဟာ အရာအားလုံးရဲ့အဖြေ ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ အမှားအများစုဟာ အဲဒီအရာကို လျစ်လျူရှုခြင်းကနေ ထွက်ပေါ်လာပါတယ်။ အလျင်စလိုပြုမူခြင်းဟာ လမ်းညွှန်မှုအတွက် မရှိမဖြစ်လိုအပ်ချက်ဆိုတာထက် စာတန်ရဲ့ထောင်ချောက် ပိုပြီးအဖြစ်များလေ့ရှိပါတယ်"။ "တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ရဲ့စိတ်ရှုပ်ထွေးမှုဟာ အလွန်ကြီးမားတဲ့ အတွက် လမ်းညွှန်မှုကို ဘယ်တော့မှ ရရှိတော့မှာမဟုတ်ဘူးလို့ ထင်ရပါတယ်။ အဲဒီလိုအချိန်အခါမျိုး အတွက် ကင်းစောင့်တွေနဲ့ပတ်သက်ပြီး ဆာလံဆရာရဲ့ အဖိုးတန်သတင်းစကားတစ်ခုရှိနေပါတယ်။ "ကင်းစောင့်တို့သည် နံနက်အချိန်ကို စောင့်မျှော်ကြသည်ထက် ငါ၏စိတ်ဝိညာဉ်သည် ဘုရားရှင်ကို စောင့်မျှော်၏"(ဆာလံ ၁၃ဝ:၆)။ ညဘက်အချိန်နာရီတွေမှာ အရုဏ် တက်ချိန်ကို စောင့်မျှော်ကြသူတွေ ဟာ နံနက်ခင်းကို ဘယ်လိုစောင့်ကြည့် တတ်ကြသလဲ။ အဖြေကတော့ အချိန်လေးချိန်နဲ့ စောင့်ကြည့်ကြ ပါတယ်"

"သူတို့ အမှောင်ထဲမှာ စောင့်ကြည့်ကြတယ်။ တဖြည်းဖြည်း ထွက်ပေါ်လာတဲ့အရာကို စောင့်ကြည့်ကြ တယ်။ သေချာပေါက်ထွက်ပေါ်လာမယ့်အရာကို စောင့်ကြည့်ကြတယ်။ ရောက်လာတဲ့အခါ နေ့အလင်း ရောင်ကို ဆောင်ကြဉ်းပေးလာမယ့်အရာကို စောင့်ကြည့်ကြတယ်"

"လမ်းညွှန်မှုကို စောင့်မျှော်နေတဲ့ ကျွန်ုပ်တို့လည်း အလားတူ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မကြာခဏ ဆိုသလို ကျွန်ုပ်တို့ရဲ့စိတ်ရှုပ်ထွေးမှုဟာ အလွန်ပြင်းထန်တဲ့အတွက် ပိန်းပိတ်နေတဲ့ အမှောင်ထုထဲမှာ စောင့်နေရသလိုမျိုး ထင်ရပါတယ်။ အဲဒီလိုပဲ မကြာခဏဆိုသလို နေ့အချိန်ကို စောင့်မျှော်နေတဲ့သူတွေလို ကျွန်ုပ်တို့ စောင့်မျှော်တဲ့အခါမှာလည်း အရုဏ်ဦးရဲ့ မှိန်ပျပျအလင်းတန်းလေးတွေဟာ အလွန်နှေးကွေးစွာ ထွက်ပေါ်လာနေသလိုပါပဲ။ ပြီးတော့ အရုဏ်မိုးသောက်ချိန်မှာ ညအမှောင်က သေချာပေါက် အဆုံးသတ် သွားမှာဖြစ်လို့ မသေချာမရေရာတဲ့ညဆိုတာမျိုး တစ်ညမှ မရှိခဲ့ဖူးသလို ကျွန်ုပ်တို့ရဲ့ မသေချာမရေရာတဲ့ ညအချိန်ဟာလည်း ဘုရားသခင်ရဲ့ လမ်းညွှန်မှုဆိုတဲ့ အရုဏ်အလင်း ထွက်ပေါ်လာချိန်မှာ သေချာပေါက် အဆုံးသတ်သွားမှာဖြစ်တယ်။ အဆုံးမှာတော့ ဖြည်းဖြည်းချင်းထွက်ပေါ်လာနေတဲ့ အရုဏ်ချိန်ရောက်ရှိ လာတဲ့အခါ အလင်းရောင်နဲ့ကောင်းချီးမင်္ဂလာကိုပါ အတိုင်းအဆမရှိ ယူဆောင်လာပေးပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ ဘုရားသခင်ပေးတဲ့လမ်းညွှန်မှုဟာ ကျွန်ုပ်တို့ဆီကို အံ့သြဖွယ် ရောက်ရှိ လာတဲ့အခါ မျှော်လင့်စောင့်စားနေတဲ့ ကျွန်ုပ်တို့ရဲ့စိတ်ဝိညာဉ်တွေကို ဝမ်းမြောက်စေမှာဖြစ်ပြီး ကျွန်ုပ် တို့ရဲ့ မှေးမှိန်နေတဲ့လမ်းခရီးကို ထွန်းလင်းစေမှာဖြစ်တဲ့အတွက် အမှောင်ထုထဲမှာ ကျွန်ုပ်တို့စောင့်ဆိုင်း ခဲ့ရတဲ့ ကြာရှည်လွန်းတဲ့နေ့ရက်တွေကို ကျွန်ုပ်တို့ မေ့ပျောက်လုနီးပါး ဖြစ်သွားပါလိမ့်မယ်"

အလျင်စလိုဖြစ်နေခြင်းကို သတိပြုပါ။ စိတ်မရှည်ခြင်းသည် အမြဲလိုပင် မယုံကြည်မှုမှ အခြေပြုပေါက်ဖွား လာသည်။ "ဘုရားသခင်၏အကြံအစည်များကို(အကောင်အထည်ပေါ်လာရန်) အလေးထားလျက် သူတို့ (စိတ်အားထက်သန်စွာ)မစောင့်ဆိုင်းခဲ့ကြပါ"ဟု တောကန္တာရ၌ ဣသရေလ လူမျိုးနှင့်ပတ်သက်ပြီး ဖော်ပြခဲ့သည်(ဆာလံ ၁ဝ၆:၁၃)။

မိမိကိုယ်မိမိယုံကြည်ကိုးစားမှုအား ဖယ်ရှားခြင်း

"ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်...သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်" (သုတ္တံ ၃:၅-၆)။

ဝိညာဉ်ရေးရာကိစ္စရပ်များ၌ မိမိကိုယ်ပိုင် မွေးရာပါဉာဏ်ပညာကို ယုံကြည်ကိုးစားသောသူသည် ခရစ်ယာန်အသက်တာ၏ အခြေခံသင်ခန်းစာ များထဲမှတစ်ခုကို သင်ယူရန် ကျန်နေသေးသည်။ လူတစ်ဦး သည် ဘုရားသခင်အား မှီခိုအားထားပါက အကန့်အသတ်ရှိသော ဦးနှောက်အသိဉာဏ် သက်သက်ကြောင့် ထိုသူအနေဖြင့် ဘုရားသခင်၏အလိုတော်နှင့်ဆိုင်သောအသိပညာကို မဆုံးရှုံးနိုင်ပါ။ သို့ရာတွင် မိမိ၏ တော်တတ်ထက်မြက်မှုနှင့် အမြော်အမြင်ရှိမှုတို့အပေါ် စိတ်ကြီးဝင်လျက် မှီခိုအားထားခြင်းကသာ ဆုံးရှုံး စေနိုင်သည်။ ယုံကြည်သူတစ်ဦး၏သွင်ပြင်လက္ခဏာကို မိမိကိုယ်မိမိ ယုံကြည်ကိုးစားမှုမပြုခြင်းဖြင့် ပုံဖော်သတ်မှတ်သင့်သည်ဟု ဖိလိပ္ပိ ၃:၃ ၌ ရှင်ပေါလုက ပြောထားသည်။

ရှင်ပေါလုသည် ဉာဏ်ပညာထက်မြက်သူဖြစ်သော်လည်း မိမိကိုယ် မိမိယုံကြည်ကိုးစာမှုမပြုဘဲ ဘုရားသခင်အပေါ် မှီခိုအားထားခဲ့ရသည်။ "သင်တို့အထဲက မည်သူမဆို မိမိကိုယ်မိမိ လောက၌ ပညာရှိသောလူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်ဟု ထင်မြင်ပါက စစ်မှန်သောဉာဏ်အမြော် အမြင် ရှိလာရေးအတွက် သင်ယူနိုင်ရန် မိမိ၏ပညာရှိမှုကို စွန့်လွှတ်စေ။ အကြောင်းမှာ ဤလောက၏ဉာဏ် ပညာသည် ဘုရားသခင် ရှေ့တော်၌ မိုက်မဲသောအရာဖြစ်၏"(၁ ကော ၃:၁၈၊ ၁၉ - JBP)။ လောကီ ဉာဏ်ပညာသည် ဘုရားသခင်၏အလိုတော်ကိုသိရှိရန်အတွက် အတားအဆီးဖြစ်သောကြောင့် ဖယ်ရှား ပစ်ရမည်။

နောက်ဆုံးဖော်ပြချက်အား အထင်အမြင်မလွဲမှားစေရန် ရှင်းပြချင် ပါသည်။ လောကီဉာဏ်ပညာ အားငြင်းပယ်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ ဉာဏ်ရည်ဉာဏ်သွေးကို အသုံးမပြုခြင်းဟု မဆိုလိုပါ။ ရှင်ပေါလုသည် သူ၏ဉာဏ်ရည်ဉာဏ်သွေးအား အသုံးပြုခဲ့ပြီး အခြားသူများအား သူတို့၏ ဉာဏ်ရည် ဉာဏ်သွေးကိုအသုံးမပြုရန် သူတောင်းဆိုခဲ့မည်လားဆိုသည်ကို တွေးကြည့်၍ပင် မရနိုင်ပါ။ လောကီ ပညာဟုဆိုရာ၌ ပညာရေးနှင့်သင်ကြားခံယူမှုကို ရည်ညွှန်း၍မရနိုင်ပါ။ အကြောင်းမှာ အသိပညာကြွယ်ဝ သည့် ရှင်ပေါလုရော အသိပညာနည်းပါးသည့် ကောရိန္သုမြို့သားတို့ပါ(ထိုသူ တို့ထံသို့ ရှင်ပေါလုစာရေး သားခဲ့သည်) လောကီပညာအား စွန့်ပစ်ခဲ့ရသောကြောင့်ဖြစ်သည်။ လောကီပညာဆိုသည်မှာ ကျွန်ုပ်တို့၌ အသိပညာဗဟုသုတ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကျွန်ုပ်တို့၏ ဉာဏ်ပညာထက်မြက်မှုအပေါ် ထားရှိသည့် ကျွန်ုပ်တို့၏ ယုံကြည်မှုအတိုင်းအတာကို ရည်ညွှန်းခြင်း ဖြစ်သည်။ ၎င်းသည် ပညာတတ်သူ ကိုရော မတတ်သူကိုပါ ထပ်တူထပ်မျှ ဒုက္ခပေးနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။

သမ္မာကျမ်းစာက ယုံကြည်သူများကို သိုးနှင့်ခိုင်းနှိုင်းထားသည်။ သိုးသည် ဉာဏ်နည်းသောတိရစ္ဆာန် တစ်ကောင်ဖြစ်ပြီး မိမိသွားရမည့်လမ်းကို ရှာဖွေနိုင်စွမ်းမရှိဘဲ အဝေးသို့မြင်နိုင်စွမ်း အလွန်နည်းပါးသည်။ ၎င်း၏ တစ်ခုတည်းသော ဘေးကင်းလုံခြုံမှုမှာ သိုးထိန်းသွားလေရာနောက်သို့ လိုက်ခြင်း သာ ဖြစ်သည်။ မိမိကိုယ်မိမိယုံကြည်မှုရှိသူတစ်ဦးအနေဖြင့် ယင်းကို အသိအမှတ်ပြုရန်မှာ အလွန်ရှက်ဖွယ်ကောင်းသည့် အချက်ဖြစ်နေသည်။ ဝိညာဉ်ရေးရာကိစ္စရပ်များ၌ သူသည် အလွန်ဉာဏ်နည်းသည်ဟူသည့် အကြံပြုချက် အား သူ၏မာန်မာနက လက်မခံနိုင်ဘဲ ဖီဆန်လိမ့်မည်။ သို့ရာတွင် မိမိကိုယ် မိမိ လုံးလုံးလျားလျား ယုံကြည်မှုမထားခြင်းသည် ကျွန်ုပ်တို့၏အသက်တာ၌ ဘုရားသခင်၏လမ်းညွှန်မှုအားသိရှိရန် ရှောင်လွှဲမရ နိုင်သော အစပြုခြင်းပင် ဖြစ်သည်။ ဒါဝိဒ်သည် ဘုရားသခင်၏ရှေ့တော်၌ သိုးအဖြစ်ခံယူခဲ့ခြင်းကြောင့် ဘုရားသခင်၏လမ်းညွှန်မှုကို တွေ့ကြုံခံစားခဲ့ရသည်။ "ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော် မူ၏...ထာဝရဘုရားသည် ငါ့ကိုလမ်းပြတော်မူ၏...ငါ့ကို ပို့ဆောင်တော်မူ၏" (ဆာလံ ၂၃:၁-၃)။

လူသည် မိမိကိုယ်ကိုနှိမ့်ချလျက် ထိုနှိမ့်ချသောနေရာအား ရယူခြင်းမရှိပါက ဘုရားသခင်၏ လမ်းခရီး တော်တို့ကို သိရှိနိုင်မည်မဟုတ်ပေ။ "ထာဝရဘုရားသည် စိတ်နှိမ့်ချလျက် သူ့ထံသို့ တိုးဝင်သောသူ များအား မှန်ကန်ဖြောင့်မတ်၍ အကောင်းဆုံးဖြစ်သော မိမိ၏လမ်းခရီးတော်တို့ကို သွန်သင် တော်မူ၏"ဟူ၍ (ဆာလံ ၂၅:၉၊ TLB) ဒါဝိဒ်က ပြောထားသည်။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုသည် လောကီသား အတွက် အဆင်ပြေကောင်းအဆင်ပြေမည်ဖြစ်သော်လည်း ဘုရားသခင်၏သားသမီးအတွက် အဆင်မပြေ သည်မှာ သေချာသည်။ ဤနေရာ၌ ယုံကြည်သူများစွာသည် ၎င်းတို့၏အသက်တာ၌ ဘုရားသခင်၏ အကြံအစည်နှင့် လွဲချော်ရသည့်အကြောင်းအရင်း ရှိနေသည်။ သူတို့သည် မိမိတို့၏အစွမ်းအစများအပေါ် စိတ်ချယုံကြည်လျက် ဘုရားသခင်၏အလိုတော်အား စိတ်အားထက်သန်စွာ မရှာဖွေကြပေ။ ထိုသူတို့ သည် ဘုရားသခင်၏ အလိုတော်အစား မိမိတို့၏ဉာဏ်ရည်ထက်မြက်မှုကို မှီခိုအားထားခြင်းကြောင့် လမ်းလွဲသွားကြသည်။

ကျွန်ုပ်တို့စိတ်နှလုံး၏ အလုံးစုံဆိုးယုတ်မှုနှင့် မှားယွင်းနိုင်သော အသိဉာဏ်၏ စိတ်မချရမှုတို့ကို ကျွန်ုပ်တို့ မြင်နိုင်စေရန်အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့၏အသက်တာ၌ ရှုံးနိမ့်မှုနှင့် ရှုပ်ထွေးမှုများကို မကြာခဏ ခွင့်ပြုတတ်သည်။ ဤသို့အားဖြင့် ဘုရားသခင်အား သာ၍နီးကပ်စွာ ဖက်တွယ်ရန်လိုအပ် ကြောင်း ကျွန်ုပ်တို့ သင်ယူနိုင်စေရန်ဖြစ်သည်။ သခင်ဘုရားသည် သူ၏တပည့်တော်များကို သင်ကြားပေး လိုခဲ့သည့် အဓိကသင်ခန်းစာ များထဲမှတစ်ခုမှာ ကိုယ်တော်မပါဘဲ သူတို့သည် မည်သည့်အရာကိုမှ မပြု လုပ်နိုင်ကြောင်းဖြစ်သည် (ယောဟန် ၁၅:၅)။ တပည့်တော်များသည် သင်ယူလေ့လာမှု၌ အလွန်နှေး ကွေးသကဲ့သို့ ကျွန်ုပ်တို့လည်း အလားတူပင်ဖြစ်သည်။

မိမိ၏ အားနည်းချက်အကန့်အသတ်များကို အသိအမှတ်ပြုပြီး ဘုရားသခင်အား လေးလေးနက်နက် ကိုးစားအားထားသည့် စိတ်နှိမ့်ချသောသူသည် ဘုရားသခင်၏အလိုတော်ကို အခက်အခဲမရှိဘဲ သေချာ ပေါက် ရှာဖွေတွေ့ရှိနိုင်လိမ့်မည်။ အခြားတစ်ဖက်တွင်မူ ကျမ်းစာကျောင်း၏ သင်ကြားလေ့ကျင့်ပေးမှု အပေါ် မှီခိုအားထားသည့် မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုရှိသောဓမ္မပညာပါရဂူသည် အမှောင်ထဲ၌ မမြင် မကန်းနှင့် စမ်းတဝါးဝါး ကျန်ရစ်နေခဲ့ရလိမ့်မည်။

အသက်တာ၏ကဏ္ဍတိုင်း၌ နာခံမှုရှိခြင်း

"သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြု လျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူ မည်" (သုတ္တံ ၃:၆)။

အသက်တာ၏ ကဏ္ဍတစ်ရပ်၌ ဘုရားသခင်၏လမ်းညွှန်မှုကိုသိရှိရန် တစ်ခါတစ်ရံ ကျွန်ုပ်တို့ အလွန်စိတ် အားထက်သန်ကြသော်လည်း အခြားကဏ္ဍများ၌မူ ဘုရားသခင်၏လမ်းညွှန်မှုကိုရရှိရန် စိတ်အား ထက်သန်မှု သိပ်မရှိကြပေ။ ဥပမာ- အိမ်ထောင်ပြုရေးကိစ္စ၌ ဘုရားသခင်၏အလိုတော်ကို ကျွန်ုပ်တို့ စိတ်အားထက်သန်စွာ ရှာဖွေသော်လည်း အလုပ်အကိုင် ရှာဖွေရာ၌ ထိုသို့မပြုလုပ်ခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် အထက်ပါကိစ္စရပ်များ၌ ပြောင်းပြန်လုပ်ဆောင်ခြင်းမျိုး ဖြစ်နိုင်သည်။ သို့မဟုတ် ဤလ အတွက် ရရှိသည့်ခွင့်ရက်အား မည်သည့်နေရာ၌ မည်သို့အသုံးပြုရမည်ဆိုသည်နှင့် ပတ်သက်ပြီး ဘုရားသခင်၏လမ်းညွှန်မှုကို ရှာဖွေကောင်းရှာဖွေနိုင်သော်လည်း ကျွန်ုပ်တို့၏ ငွေကြေးအား မည်ကဲ့သို့ သုံးစွဲရမည်ကို ဘုရားသခင်အား ဘယ်တော့မှ မမေးမြန်းခြင်းမျိုး ဖြစ်နိုင်သည်။

အကြောင်းမှာ ကျွန်ုပ်တို့အတွက် အဆင်ပြေအခွင့်သာမှသာ ဘုရားသခင်၏လမ်းညွှန်မှုအား ကျွန်ုပ်တို့ လိုချင်သည့် ဆန္ဒရှိခြင်းကြောင့်ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်များသည် ကျွန်ုပ်တို့ မသိလိုက်ဘဲ ကျွန်ုတို့၏နှလုံးသားထဲ၌ ခိုအောင်းနေတတ်သည်။ ကျွန်ုပ်တို့အား ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်စေမည့် အမှားများကို မကျူးလွန်ချင်သည့်အတွက် အချို့ကိစ္စရပ်များ၌ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ်တို့ ရှာဖွေတတ်ကြသည်။ ထိုသို့ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဘုရားသခင် နှစ်သက်ကျေနပ် စေရန်အတွက်မဟုတ်ဘဲ ကျွန်ုပ်တို့ သက်သောင့်သက်သာရှိရန်နှင့် အကျိုးစီးပွားဖြစ်ထွန်းရန်အတွက် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏လမ်းညွှန်မှုကို ကျွန်ုပ်တို့ မရရှိဘဲ ဆုံးရှုံးကြရသည်။ အကြောင်းမှာ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုသောသူတို့နှင့် သူတို့ အသက်တာ၏ ကဏ္ဍတိုင်းတွင် ဘုရားသခင်၏လမ်းညွှန်မှုအား ဝမ်းမြောက်ဝမ်းသာ လက်ခံကြသောသူတို့ကိုသာ လမ်းပြမည်ဖြစ်ကြောင်း ဘုရားက ကတိပေးထားခြင်းကြောင့်ဖြစ်သည်။

သမ္မာကျမ်းစာ၌ ဘုရားသခင်၏အလိုတော်ကို ဖော်ပြထားပြီးသားဖြစ်သည့် ကဏ္ဍများစွာရှိပါသည်။ ဥပမာ အနေဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား သန့်ရှင်းစေရန်နှင့် ကျေးဇူးတော်ချီးမွမ်းရန် အလိုရှိကြောင်း သမ္မာကျမ်းစာက ပြောထားသည်။


"ဘုရားသခင်၏အလိုတော်ကား သန့်ရှင်းစင်ကြယ်သောအသက်တာ၌ အသက်ရှင်ရန်အတွက် သင်တို့ သည် သီးသန့်ရွေးချယ်ထားခြင်းကို ခံယူကာ...မိမိတို့ကိုယ်မိမိ ဆက်ကပ်အပ်နှံရန်ဖြစ်သည်"

"မည်ကဲ့သို့သော အခြေအနေမျိုး၌ပင်ဖြစ်ပါစေ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းကြလော့။ အကြောင်းမူ ကား (ခရစ်တော်၌ရှိသော) သင်တို့သည် ထိုသို့ပြုကြရန် ခရစ်တော်ယေရှု၌ ဘုရားသခင်အလိုရှိတော်မူ၏။" (၁ သက် ၄:၃၊ ၅:၁၈)။

ထိုနည်းတူ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရန် ကျွန်ုပ်တို့အား ဘုရားသခင် မျှော်လင့်ထား ကြောင်းကို ကျွန်ုပ်တို့ သင်ယူခဲ့ရသည်(ရောမ ၁၃:၉)။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းနှင့် ကယ်တင်ခြင်းကို ကျွန်ုပ်တို့ ရရှိခဲ့ပြီးပြီဆိုလျှင် ကိုယ့်ဝန်းကျင်၌ရှိသူများအတွက်လည်း အလားတူဆန္ဒမျိုး ထားရှိရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သက်သေဖြစ် ကြလိမ့်မည်ဟူသော သခင်ဘုရား၏ အလိုတော် အား ဓမ္မသစ်ကျမ်း၌ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည် (တမန် ၁:၈)။

ကျွန်ုပ်တို့ဝန်းကျင်၌ရှိသူများကိုချစ်ခြင်းသည် အဓိကအားဖြင့် သူတို့၏ ဝိညာဉ်ရေးရာလိုအပ်ချက်များ အတွက်စိုးရိမ်ပူပန်မှုကို ရည်ညွှန်းသော်လည်း သူတို့၏အခြားလိုအပ်ချက်များကို ချန်လှပ်ထားခြင်းမရှိပါ။ "ဆာလောင်မွတ်သိပ်သောသူတို့ကို သင်၏စားစရာအား ဝေမျှေပေးခြင်း၊ အကူအညီမဲ့ ဆင်းရဲနွမ်းပါးကာ အိုးမဲ့အိမ်မဲ့ဖြစ်နေသောသူများကို မိမိတို့အိမ်သို့ ခေါ်လာရန် ငါအလိုရှိသည်။ ချမ်းအေးနေသူများကို အဝတ်ဝတ်ပေးကာ သင်၏အကူအညီလိုအပ်နေသည့် ဆွေမျိုးသားချင်းများကို မပုန်းရှောင်နှင့်။ ထိုသို့ ပြုလျှင် ဘုရားသခင်သည် သူ၏ဘုန်းတော်ရောင်ခြည်အလင်းကို သင့်အပေါ်၌ ထွန်းလင်းစေတော်မူ မည်...သင်ခေါ်သောအခါ ထာဝရဘုရား ထူးတော်မူမည်။ "ငါရှိ၏" ဟု အလျင်အမြန်မိန့်တော်မူမည်။ သင်ပြုရမည်မှာ အားနည်းသူများအား ဖိနှိပ်ခြင်းကို ရပ်တန့်ကာ မှားယွင်းသည့်စွပ်စွဲချက် များပြုလုပ် ခြင်းနှင့် ဆိုးယုတ်သည့် ကောလာဟလများဖြန့်ဝေခြင်းတို့ကို ရပ်တန့်ရန်ဖြစ်သည်။ ဆာလောင်မွတ်သိပ် သောသူအား ကျွေးမွေးလျက် ဒုက္ခရောက်နေသူများအား ကူညီမစပါ။ သို့ပြုလျှင် သင်၏အလင်းသည် အမှောင်ထဲမှာထွန်းလင်း၍ သင့်အနီးအနားရှိမှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ဖြစ်မည်။ ထို့နောက် ထာဝရဘုရားသည် သင့်ကို အစဉ်လမ်းပြတော်မူမည်" (ဟေရှာယ ၅၈:၇-၁၁ - TLB)။

တစ်ကိုယ်ကောင်းမဆန်ဘဲ အခြားသူတို့၏လိုအပ်ချက်များကို အလေးထားသူတို့အား သူ၏စိတ် သဘောကို ဖွင့်ဟဖော်ပြရန် ဘုရားသခင် နှစ်သက်တော်မူသည်။

သူ၏အလိုတော်ကို ဖော်ပြထားပြီးဖြစ်သည့်ကဏ္ဍများတွင် ဘုရားသခင်အားနာခံရန် ကျွန်ုပ်တို့ ပျက်ကွက် ပါက အခြားကဏ္ဍများ၌ ကျွန်ုပ်တို့ အားလမ်းညွှန်ရန် ဘုရားသခင်ကို ကျွန်ုပ်တို့ မျှော်လင့်၍မရနိုင်ပါ။ မိမိ၌ ရှိထားပြီးသားအလင်းကို လျစ်လျူရှုသူအား ဘုရားသခင်သည် နောက်ထပ် အလင်းကို ဘယ်သောအခါမှ ထပ်၍မပေးခြင်းသည် ဘုရားသခင်၏ လမ်းညွှန်မှုဆိုင်ရာ နိယာမတစ်ခုဖြစ်သည်။ ပထမခြေလှမ်းကို ကျွန်ုပ်တို့ မလှမ်းမချင်း ဒုတိယခြေလှမ်းကို ဘုရားသခင်က ပြသလိမ့်မည်မဟုတ်ပေ။ "ခြေ လှမ်းတစ်လှမ်း ချင်း သင်လျှောက်လှမ်းသည့်အခါ သင့်အရှေ့၌ သွားရမည့်လမ်းကို ငါဖွင့်ပေးမည်"ဟု ဘုရားသခင် ကတိ ပေးထားသည်(သုတ္တံ ၄:၁၂ - စကားပြေပြန်ဆိုထားသည်)။ ကျွန်ုပ်တို့၏ခြေလှမ်းတိုင်းကို ဘုရားသခင် စိတ်ဝင်စားသည်။ "(ကောင်းသော) သူ၏ခြေလှမ်းများကို ဘုရားသခင်ပဲ့ပြင်၍ မြဲမြံစေကာ သူသွားရာ လမ်းကို နှစ်သက်တော်မူပြီး ထိုသူ၏ခြေလှမ်းတိုင်းကို ဘုရားသခင် စိတ်နှစ်လျက် ဂရုစိုက်တော်မူ၏" (ဆာလံ ၃၇:၂၃)။ နာခံသောသူအတွက် လမ်းညွှန်းမှုဆိုင်ရာ နောက်ထပ်ကတိတော် တစ်ခုရှိပါသည်။

"(ထာဝရဘုရားမိန့်တော်မူသည်ကား) ငါသည် သင့်ကိုပညာသတိရှိစေ၍ သင်သွားရမည့်လမ်းကို သွန်သင်ပြသမည်။ သင်၏တိုးတက်မှုကိုစောင့် ကြည့်လျက် အကြံပေးမည်။ (သို့ရာတွင်) အသိဉာဏ်မရှိ သောမြင်း၊ သို့မဟုတ် လားကဲ့သို့မဖြစ်စေနှင့်" (ဆာလံ ၃၂:၈၊ ၉ - TLB)။ (မြင်းသည် အမြဲတမ်း အလျင်စလို ပြုလုပ်ချင်သော စိတ်ရှည်သည်း ခံမှုမရှိခြင်းစရိုက်လက္ခဏာကို ပုံဆောင်ကာ လားမှာမူ အရှေ့သို့သွားရန် မကြာခဏငြင်းဆန်တတ်သည့် ပေကပ်ကပ်နိုင်ခြင်းစရိုက်လက္ခဏာကို ပုံဆောင်သည်။ ထိုစိတ်နေ သဘောထား နှစ်မျိုးစလုံးကို ကျွန်ုပ်တို့ ရှောင်ကြဉ်ရမည်)။

ကျွန်ုပ်တို့နာခံမှုမရှိသည့်အခါ ကျွန်ုပ်တို့၏သြတ္တပစိတ်မှတစ်ဆင့် ဘုရားသခင်စကားပြောသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ သြတ္တပစိတ်ကပြောနေသောအသံကို ကျွန်ုပ်တို့အမြဲတမ်း ဂရုတစိုက် နားထောင် သင့်သည်။

"သင်၏မျက်စိသည် ကိုယ်ခန္ဓာ၏ဆီမီးဖြစ်၏။ သင်၏မျက်စိသည် ကောင်းမွန်လျက် ၎င်း၏တာဝန်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သောအခါ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်လည်း ထွန်းလင်းတောက်ပ နေလိမ့်မည်" (လုကာ ၁၁:၃၄)။

မျက်စိဟုဆိုရာ၌ သခင်ယေရှု မည်သည့်အရာကို ဆိုလိုသနည်း။ မဿဲ ၅:၈ ၌ စိတ်နှလုံးဖြူစင်မှုနှင့် ဝိညာဉ်ရေးရာအမြင်အာရုံအား သခင်ယေရှုက ချိတ်ဆက်ဖော်ပြထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သြတ္တပစိတ်၏နှိုးဆော်မှုကို အဆက်မပြတ်နာခံသောအခါ စိတ်နှလုံးသည် ဖြူစင်လာပြီး မျက်စိသည် ထိုသြတ္တပစိတ်ကို ရည်ညွှန်းခြင်းဖြစ်သည်။

သြတ္တပစိတ်သည် ပင်ကိုအားဖြင့် ဘုရားသခင်၏အသံတော် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သြတ္တပစိတ်သည် အသက်တာ၌ ကျွန်ုပ် တို့ခံယူကျင့်သုံးသည့် စည်းမျဉ်းနိယာမများ၏ ပုံသွင်းပြုပြင်မှုနှင့် လွှမ်းမိုးမှုကို ခံရသောကြောင့်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏ သွန်သင်ချက်နှင့်အညီ သြတ္တပစိတ်အား အစဉ်မပြတ်နာခံပါက ၎င်းသည် ဘုရားသခင်၏စံချိန်စံညွှန်းကို ပို၍ တိုး၍ ထင်ဟပ် လာမည်ဖြစ်သည်။ လုကာ ၁၁:၃၄ ပါ ကတိတော်မှာ ကျွန်ုပ်တို့၏သြတ္တပိတ်စိတ်ကို သန့်ရှင်းအောင် စောင့်ထိန်းလျှင် ကျွန်ုပ်တို့၏အသက်တာ၌ ဘုရားသခင်၏အလင်းကို ကြွယ်ဝပြည့်လျှံစွာ ရရှိမည်ဖြစ်ကာ ဤသို့အားဖြင့် ဘုရားသခင်၏အလိုတော်ကို ကျွန်ုပ်တို့သိရှိနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏နေ့စဉ် အသက်တာ၌ သြတ္တပစိတ်၏အသံကို နားထောင်ရန်ပျက်ကွက်ပါက ဘုရားသခင်၏လမ်းညွှန်မှုကို ရှာဖွေရာ၌ သန့်ရှင်းသောဝိညာဉ်တော်၏အသံတော်ကို ကျွန်ုပ်တို့ ကြားနိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့အား ဘုရားသခင် စကားပြောသည့်အခါတိုင်း သူ၏အသံတော်အား ချက်ချင်းနာခံနားထောင်ခြင်းက လမ်းညွှန် မှုရရှိခြင်း၏ လျှို့ဝှက်ချက်များထဲမှ တစ်ခုဖြစ်သည်။

လေယာဉ်အား ကိုယ်တိုင်မောင်းနှင်ပျံသန်းလျက် ဘေးကင်းလုံခြုံစွာ မြေပြင်ပေါ်ဆင်းသက်နိုင်ခဲ့သည့် အသက် ၁၅ နှစ်အရွယ် မွေးရာပါမျက် မမြင်ကောင်လေးတစ်ဦး၏အကြောင်းကို မကြာသေးမီက ကျွန်ုပ် ဖတ်ရှုခဲ့ရသည်။ နည်းပြလေယာဉ်မှူးဖြစ်သူ၏ ညွှန်ကြားချက်တိုင်းကို သူ၏ချက်ချင်း နာခံလုပ်ဆောင်မှု ကြောင့် ဤထူးခြားသည့်စွမ်းဆောင်မှုအား အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ အသက်တာ၌ ဒုက္ခပြဿနာများစွာကို ရင်ဆိုင်ရသည့်အခါ မိမိမသိကျွမ်းသော မမြင်ရသည့်ပြေးလမ်းပေါ်၌ လေယာဉ် ဆင်းသက်ရန်ကြိုးစားနေသည့် မျက်မမြင်များကဲ့သို့ ကျွန်ုပ်တို့ ခံစားရနိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏အမိန့်တော်များကို ချက်ချင်း နာခံတတ်သည့်အလေ့အထကို ပျိုးထောင်ထားပါက ကျွန်ုပ်တို့ ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်သည်ကို တွေ့ရှိရမည်ဖြစ်သည်။

ခြွင်းချက်မရှိ အရှုံးပေးအပ်နှံခြင်း

"သင်တို့၏ကိုယ်အင်္ဂါများနှင့် အစွမ်းအစရှိသမျှကို ဆက်သ၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက် တော်မူသည့် သန့်ရှင်း၍ အသက်ရှင်သောယဇ်အဖြစ် ပြတ်ပြတ်သားသား ဆက်ကပ်အပ်နှံ ကြလော့ ...ဤသို့အားဖြင့် ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်း ဟူသော ဘုရားသခင်အလိုတော်ရှိသောအရာအား သင်သည် (မိမိကိုယ်တိုင်အတွက်) ပိုင်းခြားသိရှိနိုင် လိမ့်မည်" (ရောမ ၁၂:၁၊ ၂)။

သခင်ဘုရား၏ကျွန်ဖြစ်လာရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား အလေးအနက်တိုက်တွန်းထားသည်။ မိမိသည် သခင်ယေရှု၏ကျွန်ဖြစ်သည် ဟု ရှင်ပေါလုက ပြောခဲ့သည်။ ဓမ္မဟောင်းကျမ်း၌ ငွေဝယ်ကျွန်နှင့် အခကြေးငွေနှင့် ငှားရမ်းထားသောအစေခံဟူ၍ အစေခံအမျိုးအစား နှစ်မျိုးရှိသည်။ အခကြေးငွေနှင့် ငှားရမ်းထားသောအစေခံနှင့်မတူဘဲ ငွေဝယ်ကျွန်သည် လုပ်အားခ မရရှိပေ။ သခင်ဖြစ်သူက သူ့အား တန်ဖိုးငွေတစ်ခုနှင့် ဝယ်ယူခဲ့သောကြောင့် သူ့၏ဖြစ်တည်မှုမှန်သမျှနှင့် ပိုင်ဆိုင်မှုမှန်သမျှကို သူ၏ သခင်က ပိုင်ဆိုင်သည်။ ဤအရာသည် ယုံကြည်သူအယောက်စီတိုင်း မိမိကိုယ်မိမိ သိမှတ်လက်ခံ ရမည့်အရာဖြစ်သည်။ ကျွန်ုပ်တို့၏အချိန်၊ ငွေကြေး၊ ပင်ကိုစွမ်းရည်၊ မိသားစု၊ ပိုင်ဆိုင်မှုများ၊ စိတ်နှင့်ခန္ဓာ အရာအားလုံးသည် ကားတိုင်ပေါ်၌ အဖိုးအခပေး၍ ဝယ်ယူထားသည့်အရာများဖြစ်သောကြောင့် ထိုအရာ တို့သည် ကျွန်ုပ်တို့၏အရှင်သခင် ဘုရားသခင် ပိုင်ဆိုင်သောအရာများဖြစ်သည် (၁ ကော ၆:၁၉၊ ၂ဝ)။

ထို့ကြောင့် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအား အသက်ရှင်သောယဇ်အဖြစ်၊ ဓမ္မဟောင်းကျမ်း၌ဆိုလျှင် မီးရှို့ရာ ယဇ်အဖြစ်ပင် ဘုရားသခင်ထံ အပြီးအပြတ် ဆက်ကပ်အပ်နှံရန် ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။ မီးရှို့ရာယဇ်သည် အပြစ်ဖြေရာယဇ်နှင့်မတူဘဲ ဘုရားသခင်ထံ အပြည့်အဝဆက် ကပ်ပူဇော်ရပြီး ဘုရားသခင်ထံ ဆက်ကပ်ပူဇော်သူ၏ အကြွင်းမဲ့ ဆက်ကပ်အပ်နှံမှုကို ဖော်ညွှန်းသည်။ လူတစ်ဦးသည် မီးရှို့ရာယဇ်အား ဆက်ကပ်ပူဇော်သည့်အခါ သူသည် မည့်သည့်အရာကိုမှ ပြန်လည်မရရှိပေ။ ထိုပူဇော် သက္ကာအား ဘုရားသခင် စိတ်ကြိုက် ပြုလုပ်ချင်ရာ ပြုလုပ်နိုင်သည်။ ဤအရာသည် သခင်ယေရှုက"အိုအဖ၊ ကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်စေတော်မူပါ" ဟုဆိုလျက် ခမည်းတော်ထံ မိမိကိုယ်မိမိ အကြွင်းမဲ့ ဆက်ကပ်ပူဇော်ခဲ့သည့် ကရာနီတောင်ကုန်းပေါ်က လက်ဝါးကပ်တိုင်ကို ပုံဆောင်သည်။

ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို အသက်ရှင်သောယဇ်အဖြစ် ဆက်ကပ်ပူဇော်ခြင်း၏အဓိပ္ပာယ်မှာ ဘုရားသခင် သည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအား မည်သည့်နေရာ၌ မည်ကဲ့သို့အသုံးပြုမည်ဆိုသည်နှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆန္ဒနှင့်ရွေးချယ်မှုကို သေဆုံးစေရမည်ဖြစ်သည်။ သို့မှသာ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ်တို့ သိရှိနိုင်မည်ဖြစ်သည်။

ထို့ကဲ့သို့ အရှုံးပေးအပ်နှံခြင်းမျိုးကင်းမဲ့ခြင်းသည် ဘုရားသခင်၏အလိုတော်အား ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိ နိုင်စွမ်းမရှိခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ ဘုရားသခင်ထံ ကျွန်ုပ်တို့ ဆက်ကပ်အပ်နှံရာ၌ မကြာခဏဆိုသလို အပြည့်အဝမဟုတ်ဘဲ ထိမ်ချန်ထားသည်အရာများရှိနေသည်။ ကျွန်ုပ်တို့အား ဘုရားသခင်ပေးအပ်မည့် မည်သည့်အရာကိုမဆို အမှန် တကယ်လက်ခံရယူလိုစိတ် ကျွန်ုပ်တို့၌ မရှိပေ။

အချိန်ပြည့် ခရစ်ယာန်အမှုတော်ဆောင်အလုပ်မှလွဲ၍ မည်သည့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ကိုမဆို လက်ခံရန်ဆန္ဒရှိသည့် ညီအစ်ကိုတစ်ဦးနှင့် တစ်ချိန်၌ ကျွန်ုပ်ဆုံတွေ့ခဲ့ရသည်။ ထိုသို့ ထိမ်ချန်ခြင်း က သူ့အသက် တာအတွက် ဘုရားသခင်၏အကြံအစည်ကို ရှင်းလင်းစွာမသိရအောင် တားဆီးနေကြောင်း သူ့ကို ကျွန်ုပ်ပြောခဲ့သည်။ ဘုရားသခင်ထံ အရာအားလုံးကို သူအရှုံးပေးအပ်နှံလိုက်သည့်အခါ ဘုရားသခင်၏အလိုတော်အပေါ် သာ၍နက်နဲသော စိတ်ချသေချာမှုကို ချက်ချင်းပင် သူရရှိခဲ့သည်။ အချိန်ပြည့် အမှုတော်ဆောင်လုပ်ငန်းအတွက် သူ့အား ဘုရားသခင်ခေါ်ယူတော်မူခြင်းမဟုတ်ဘဲ ထိုခေါ်ယူခြင်းအား သူလက်ခံရယူလိုစိတ်ရှိရန်သာ ဘုရားသခင် အလိုရှိခဲ့ခြင်းဖြစ်သည်။

ဘုရားသခင်၏အလိုတော်အားသိရှိလိုသည်ဟူသည့် မူမမှန်သော အကြောင်းပြချက်ဖြင့် ဘုရားသခင်ထံသို့ လာသောသူများစွာတို့သည် တကယ်တမ်းတွင် မိမိတို့ဘာသာမိမိတို့ ရွေးချယ်ထားပြီးဖြစ်သည့် လမ်း ကြောင်းကို ဘုရားသခင်ထံမှ သဘောတူခွင့်ပြုချက် ရယူလိုခြင်း သက်သက်သာဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဘုရားသခင်ထံမှ မည်သည့် အဖြေကိုမှ မရရှိကြပေ။

"ဒါဟာ တကယ်ပဲ ကိုယ်တော်ရဲ့အလိုတော်ဖြစ်တယ်လို့ ကိုယ်တော်က အတည်ပြုသေချာစေမယ်ဆိုရင် ဘယ်အရာကိုမဆို လက်ခံဖို့ ကျွန်ုပ်အသင့်ရှိပါတယ်။ ကျွန်ုပ်အတွက် ရွေးချယ်ပေးတော်မူပါဘုရား။ ဒီကိစ္စမှာ ကျွန်ုပ်အနေနဲ့ ကိုယ့်ဘာကိုယ်ရွေးချယ်စရာ ဘာမှမရှိပါ"ဟု ဆိုလျက် မိမိတို့ ကိုယ်မိမိ ဘုရားသခင်ထံ ခြွင်းချက်မရှိ ပေးအပ်မည်ဆိုပါက ကျွန်ုပ်တို့၏ လမ်းညွှန်မှုဆိုင်ရာအခက်အခဲပြဿနာ များကို မည်မျှပင် မြန်မြန်ဆန်ဆန်ဖြေ ရှင်းနိုင်လိမ့်မည်နည်း။

အာဗြဟံသည် ဘုရားသခင်အတွက် မည်သည့်အချိန်၌ဖြစ်စေ မည်သည့်နေရာသို့မဆိုသွားကာ မည်သည့် အရာကိုမဆို လုပ်ဆောင်ရန် ဆန္ဒရှိခြင်းက သူ့အား "ဘုရားသခင်၏မိတ်ဆွေ" ဖြစ်စေခဲ့သည်။

အင်္ဂလန်နိုင်ငံ ဘရစ္စတိုလ်မြို့(Brsitol)မှ ဂျော့မူးလာ (George Muller) သည် ယုံကြည်ခြင်းကြီးမားသူ တစ်ဦးဖြစ်ကာ ဘုရားသခင်၏အလိုတော်ကို အံ့သြဖွယ် တိကျသေချာစွာ ရှာဖွေတွေ့ရှိနိုင်စွမ်းရှိသူ ဖြစ်သည်။ ဤအကြောင်းအရာနှင့်ဆက်စပ်၍ "ဖြစ်ပျက်နေတဲ့ကိစ္စရပ်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်ုပ်ရဲ့ နှလုံးသားထဲမှာ မိမိရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒလုံးဝမရှိတဲ့ အနေအထားကို ရောက်ရှိဖို့အတွက် အစကနဦး မှာကတည်းက ကြိုးစားပါတယ်။ လူတွေရဲ့ဒုက္ခပြဿနာ ဆယ်ပုံမှာကိုးပုံက ဒီနေရာမှာ ရှိနေပါတယ်။ ဘယ်လို အရာပဲဖြစ်ပါစေ၊ ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ရွက်ဖို့ ကျွန်ုပ်တို့နှလုံးသားတွေ အသင့်ရှိနေတဲ့အခါ ပြဿနာအခက်အခဲ ဆယ်ပုံမှာ ကိုးပုံကို ကျော်လွှားအောင်မြင်နိုင်ပါတယ်။ လူတစ်ဦးဟာ ဒီအဆင့်မှာ အမှန်တကယ် ရှိနေတယ်ဆိုရင် ဘုရားသခင်ရဲ့ အလိုတော်ကိုသိတဲ့ဉာဏ် ပညာကို ရရှိဖို့ သိပ်မဝေးတော့ဘူး" ဟု ဂျော့မူးလာက ပြောခဲ့သည်။

အချို့တို့သည် နာခံမည် မနာခံမည်ကို မဆုံးဖြတ်ခင် ဘုရားသခင်၏ အလိုတော်ကို သိရှိလိုကြသည်။ သို့သော် ဘုရားသခင်သည် ထိုသို့သော သူတို့အား သူ၏အလိုတော်ကို မဖော်ပြပါ။ "ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန်ဆန္ဒရှိသောသူသည် ပိုင်းခြား၍သိလိမ့်မည်... (ယောဟန် ၇:၁၇)" ဟု သခင်ယေရှုက ပြောခဲ့သည်။ ဘုရားသခင်မိန့်တော်မူသမျှ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆန္ဒရှိခြင်းတစ်ခုတည်းကသာ ဘုရားသခင်၏ ပြီးပြည့်စုံသောအလိုတော်ကိုသိရှိရန် ကျွန်ုပ်တို့အား အရည် အချင်း ပြည့်မီစေမည်ဖြစ်သည်။ ဤအရာသည် အကြောင်းကိစ္စ ကြီးကြီးမားမားရော သေးသေးမွှားမွှား နှင့်ပါ သက်ဆိုင်ပါသည်။

အသစ်ပြုပြင်သောစိတ်နှလုံး

"သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်...သင်တို့၏ စိတ်နှလုံး(တစ်ခုလုံး)ကို စိတ်သဘော အသစ်နှင့် စံနှုန်းအသစ်များဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခြင်းရှိကြလော့။ ဤသို့အားဖြင့် ကောင်းမြတ်သော အရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာ အား သင်သည်(မိမိကိုယ်တိုင်အတွက်) ပိုင်းခြားသိရှိနိုင်လိမ့်မည်" (ရောမ ၁၂:၂)။

ဘုရားသခင်၏အသံတော်အားမကြားနိုင်ရန် လောကီဆန်မှုက ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာနားများကို ပိတ်ဆို့ထားသည်။ ဤလောက၌ အသက်ရှင်နေထိုင်သူတိုင်းအပေါ် လောကီဆန်ခြင်းဝိညာဉ်၏ အကျိုးသက်ရောက်မှုရှိနေသည်။ မည်သူတစ်ဦးတစ်ယောက်မှ ၎င်း၏လွှမ်းမိုးမှုနှင့် မလွတ်ကင်းနိုင်ပေ။ ငယ်စဉ်ကလေးဘဝမှစ၍ ကျွန်ုပ်တို့တစ်ဦးစီတိုင်းသည် တစ်နေ့ပြီးတစ်နေ့ ကျွန်ုပ်တို့ ကြားရ၊ မြင်ရ၊ ဖတ်ရှုရသည့် အရာများအားဖြင့် လောကီ စိတ်ဝိညာဉ်အား အနည်းနှင့်အများဆိုသလို ကျွန်ုပ်တို့အထဲသို့ စုပ်ယူလျက် ရှိသည်။ ၎င်းသည် အထူးသဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးကို ထိခိုက်စေကာ ကျွန်ုပ်တို့၏ တွေးခေါ်ပုံကို လွှမ်းမိုးသည်။ ထို့နောက် ကျွန်ုပ်တို့ ချမှတ်သောဆုံးဖြတ်ချက်များသည် လောကီဆန်သော တွေးခေါ်သုံးသပ်ချက်များမှ ထွက်ပေါ်လာသည်။

ကျွန်ုပ်တို့ "အသစ်တစ်ဖန်မွေးဖွားခြင်း" ခံရသည့်အခါ ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်နေထိုင်ရန် ရောက်ရှိ လာသော ဘုရားသခင်၏ဝိညာဉ်တော်သည် ဤလောက၏ဝိညာဉ်နှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏တွေးခေါ်ပုံကို လုံးဝအသစ်ပြုပြင်ရန် ဆန္ဒရှိသည်။ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အန္တိမ ရည်မှန်းချက်မှာ သားတော်၏သဏ္ဌာန်တော်အတိုင်း ကျွန်ုပ်တို့ ပုံသဏ္ဌာန်ပြောင်းလဲလာရန် ဖြစ်သည်။

ဤသည်မှာ ကျွန်ုပ်တို့အားလုံးအတွက် ဘုရားသခင့်အလိုတော်၏ ပထမဦးစားပေး အစိတ်အပိုင်း ဖြစ်သည်။ ကျွန်ုပ်တို့ မည်သူနှင့်အိမ်ထောင်ပြုသင့်သည်၊ မည်သည့်နေရာ၌နေထိုင်၍ မည်သည့်အလုပ်ကို လုပ်သင့်သည် စသည့် အခြားအရာအားလုံးမှာ ဒုတိယဦးစားပေးဖြစ်သည်။ ဘုရားသခင် နှင့်ကျွန်ုပ်တို့၏ ဆက်ဆံရေးအားလုံးမှာ ကျွန်ုပ်တို့သည် သားတော်၏ ပုံသဏ္ဌာန်နှင့် တညီတည်းဖြစ်လာစေရန်ဟူသည့် အဆုံးသတ်သို့ ဦးတည် လျက်ရှိပါသည် (ရောမ ၈:၂၈-၂၉)။

သို့ရာတွင် ကျွန်ုပ်တို့၏စိတ်နှလုံးအား သန့်ရှင်းသောဝိညာဉ်တော် ၏ နေ့စဉ်အသစ်ပြုပြင်ပေးခြင်းကို ခွင့်ပြုခြင်းဖြင့်သာ ထိုအရာအား ကျွန်ုပ် တို့အထဲ၌ ပြည့်စုံလာစေမည်ဖြစ်သည်။ ကျွန်ုပ်တို့၏စိတ်နှလုံးအား အသစ်ပြုပြင်ပေးခြင်းကို ပို၍ခံယူလေလေ အသက်တာ၏လမ်းဆုံလမ်းခွများ၌ ဘုရားသခင်၏အလိုတော် အား ပိုမိုတိကျစွာ ပိုင်းခြားသိရှိနိုင်လေလေဖြစ်လိမ့်မည်။

လောကီဆန်ခြင်းသည် အခြေခံအားဖြင့် ရုပ်ရှင်သွားကြည့်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက် ခြင်း၊ တန်ဖိုးကြီးပြီး ခေတ်ဆန်သော အဝတ်အစားများနှင့် အဆင်တန်ဆာများ ဆင်ယင်ခြင်း၊ သို့မဟုတ် အသုံးအဖြုန်းကြီးစွာနေထိုင်ခြင်း စသည့် အပြင်ပန်းလက္ခဏာ တစ်စုံတစ်ရာကို ဆိုလိုခြင်းမဟုတ်ပေ။ ထိုအရာများက လောကီဆန်သည့်လူတစ်ဦးကို ရည် ညွှန်းခြင်းဖြစ်နိုင်သော်လည်း ထိုလုပ်ရပ်များသည် ထိုသူ၏လောကီဆန်သောအတွေးအခေါ်ပုံစံများမှ ထွက်ပေါ်လာသည့် အပြင်ပန်းလက္ခဏာများသာ ဖြစ်သည်။ လောကီဆန်မှုသည် လူတစ်ဦးစိတ်နှလုံးထဲ၌ ပင်ကိုအားဖြင့် တည်ရှိနေသောအရာဖြစ်ပြီး ၎င်းကိုယ်၎င်း နည်းလမ်းပေါင်းများစွာဖြင့် ထုတ်ဖော်ပြသကာ အထူးသဖြင့် ထိုလူ၏ဆုံးဖြတ်ချက်များတွင် ထင်ရှား ဖော်ပြလျက်ရှိသည်။ ဥပမာ- အလုပ်အကိုင်၊ သို့မဟုတ် အသက်မွေးဝမ်း ကျောင်းကို စဉ်းစားသည့်အခါ လောကီဆန်သူတစ်ဦးသည် လုပ်ခလစာ၊ ရာထူးတိုးနိုင်ခြေအလားအလာ၊ သက်သောင့်သက်သာရှိမှု၊ လွယ်ကူချောမွေ့ အဆင်ပြေမှု စသည့် အချက်အလက်များ၏ လွှမ်းမိုး ချုပ်ကိုင်မှုကို ခံရလိမ့်မည်ဖြစ်သည်။ ထို့နောက် အိမ်ထောင်ပြုမည့်အရေးကို စဉ်းစားသည့်အခါ သူသည် မိသားစုအဆင့်အတန်း၊ ဇာတ်နိမ့်ဇာတ်မြင့် လူတန်းစားအလွှာ၊ ခန်းဝင် ပစ္စည်းပမာဏ၊ လူနေမှုဘဝ အဆင့်အတန်း၊ ရုပ်ရည် ချောမောလှပမှု သို့မဟုတ် ချမ်းသာကြွယ်ဝမှု စသည့် အချက်အလက်များ၏ လွှမ်းမိုးမှုကို ခံရပေလိမ့်မည်။

အခြားတစ်ဖက်တွင်မူ ယုံကြည်သူတစ်ဦး၏ ဆုံးဖြတ်ချက်များသည် အခြားသောအချက်အလက်များကို လျစ်လျူရှုရန်မဟုတ်သော်လည်း အဓိကအားဖြင့် ဝိညာဉ်ရေးရာအချက်အလက်များ၏ အုပ်စိုးမှုအောက်၌ ရှိသင့်သည်။ ဘုရားသခင်၏နာမတော် ဘုန်းတန်ခိုးထင်ရှားရေးနှင့် ကိုယ်တော်၏ နိုင်ငံတော် တိုးတက်ကျယ်ပြန့်ရေးသည် ကျွန်ုပ်တို့၏ပထမဦးစားပေး အလေးထားသည့်အရာ ဖြစ်သင့်သည်။ ထို့ကြောင့်ပင် သခင်ဘုရားက ကျွန်ုပ်တို့အား "နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော၊ နိုင်ငံတော်တည် ထောင်ပါစေသော" ထို့နောက်မှသာ "အလိုတော်ပြည့်စုံပါစေသော" ဟု ပထမဦးစွာ ဆုတောင်းရန် သင်ကြားပေးခြင်းဖြစ်သည်။

ဘုရားသခင်၏အလိုတော်အား ကျွန်ုပ်တို့သိရှိလိုပါက လောကီဆန်သည့် ရည်ရွယ်ချက်များအား ပိုင်းခြားသိမြင်ခြင်းနှင့် ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းစဉ်မှာ အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များသည် တစ်ကိုယ်ကောင်းဆန်လျက်ပင် "ကျွန်ုပ်အား ဦးဆောင်လမ်းပြတော်မူပါ ဘုရားသခင်"ဟု ပြောခြင်းသည် ဘုရားသခင်အား စော်ကားပြောဆိုရာ ရောက်ပါသည်။ ထိုသို့သောကိစ္စ ရပ်များတွင် ဘုရားသခင်၏ နာမတော်အား အချည်းနှီးအသုံးပြုခြင်းနှင့် ကျွန်ုပ်တို့၏ လောကီဆန်မှုကို ဝိညာဉ်ရေးရာဝတ်ရုံနှင့် လွှမ်းခြုံခြင်းထက် ဆုံးဖြတ်ချက်သည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ် ကြောင်း ပြောဆိုခြင်းက သာ၍ ကောင်းပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေသည်ဟု အခြားသူတို့ (သို့မဟုတ် မိမိတို့ဘာသာမိမိ) ယုံကြည်လာအောင်ပြောဆိုခြင်း သက်သက်ဖြင့် မည်သည့်အရာကိုမှ ကျွန်ုပ်တို့ ရရှိမည်မဟုတ်ပေ။ တကယ် တမ်းတွင် ဘုရားသခင်အား လှည့်စား၍မရနိုင်ပါ။

"ကျွန်ုပ်တို့သည် မှန်ကန်ဖြောင့်မတ်ကြောင်း အမြဲတမ်း သက်သေ ပြနိုင်သည်။ သို့ရာတွင် ဘုရားသခင် ယုံကြည်လက်ခံနိုင်ပါမည်လား...ကျွန်ုပ် တို့ပြုမူကျင့်ကြံသမျှသည် မှန်သည်ဟု အကြောင်းပြချက်ပေးနိုင်သော်လည်း ထာဝရဘုရားသည် ကျွန်ုပ်တို့၏ရည်ရွယ်ချက်များကို ချိန်တွယ် တော်မူ၏" (သုတ္တံ ၁၆:၂၊ ၂၁:၂ - TLB) ဟု သမ္မာကျမ်းစာက ပြောသည်။

ကျွန်ုပ်တို့၏စိတ်နှလုံး အသစ်ပြုပြုပြောင်းလဲခြင်းသည် ဘုရားသခင်တွေးသကဲ့သို့ ကျွန်ုပ်တို့တွေးလျက် အခြေအနေများနှင့်လူများကို ဘုရားသခင်ရှုမြင်သကဲ့ စတင်ရှုမြင်ခြင်းအဖြစ် ရလဒ်ထွက်ပေါ်လာမည် ဖြစ် သည်။ ရှင်ပေါလု၏စိတ်နှလုံးသည် အသစ်ပြုပြင်ခြင်းကို ကြီးစွာခံရသည့်အတွက် သူသည် ခရစ်တော်၏ စိတ်ကိုရရှိကြောင်းနှင့် လူတို့အား ရှုမြင်ရာတွင် လူသား၏အမြင်ရှုထောင့်သက်သက်ဖြင့် မကြည့်ရှုတော့ ကြောင်း ရဲရင့်စွာ ပြောကြားနိုင်ခဲ့သည် (၁ ကော ၂:၁၆၊ ၂ ကော ၅:၁၆)။

"သင်တို့သည် ဝိညာဉ်ရေးရာထိုးထွင်းသိမြင်မှုနှင့် ဓမ္မဉာဏ်ကို ရရှိခြင်းဖြင့် ဘုရားသခင်ရှုမြင်သကဲ့သို့ အကြောင်းအရာအခြေအနေများကို ရှုမြင်တတ်ရန် ဘုရားသခင်ထံ ငါတို့ ဆုတောင်းပတ္ထနာပြုလျက်ရှိ၏"(ကောလောသဲ ၁:၉ - JBP) ဟူ၍ ကောလောသဲမြို့ရှိ ယုံကြည်သူများ ပြုပြင်ပြောင်း လဲခြင်းခံရရန်အတွက် ရှင်ပေါလု ဆုတောင်းပေးခဲ့သည်။

ထိုကဲ့သို့ ကျွန်ုပ်တို့၏ စိတ်နှလုံးပြုပြင်ပြောင်းလဲမှုကြောင့် ဘုရားသခင်နှစ်သက်သောအရာနှင့် မနှစ်သက်သောအရာများကို ကျွန်ုပ်တို့ သိရှိလာနိုင်မည်ဖြစ်ပြီး ဤသို့အားဖြင့် ကျွန်ုပ်တို့ ရင်ဆိုင်တွေ့ကြုံ ရသည့် အခြေအနေအမျိုးမျိုး၌ ဘုရားသခင်၏အလိုတော်ကို လွယ်ကူစွာ ပိုင်းခြားသိမြင် နိုင်စွမ်းရှိလာမည် ဖြစ်သည်။ ဓမ္မသစ်ခေတ်ကာလ၌ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ကတိတော်မှာ-

"ဤအရာသည် သဘောတူညီချက် (သက်သေအထောက်အထား)အသစ်ဖြစ်သည်။ ငါ့ပညတ် တို့ကို သူတို့၏စိတ်နှလုံးပေါ်မှာ ရေးထားခြင်းဖြင့် သူတို့အား ငါဆောင်ရွက်စေချင်သောအရာကို ငါမပြောဘဲနှင့် သူတို့ သိကြလိမ့်မည်။...ငါ့ပညတ်တို့ကို သူတို့၏စိတ်နှလုံးပေါ်မှာ ရေးထားခြင်းဖြင့် သူတို့သည် ငါ၏ အလိုတော်ကို အမြဲတမ်း သိရှိကြလိမ့်မည်"(ဟေဗြဲ ၈:၁ဝ၊ ၁ဝး၁၆ - TLB)။

ထိုသို့သော အသစ်ပြုပြင်ခြင်းသည် ဘုရားသခင်၏အလိုတော်အား သိရှိနိုင်သည့် ဉာဏ်ပညာကိုသာ မကဘဲ ဘုရာသခင်၏နည်းလမ်းနှင့် ဘုရားသခင်၏ရည်ရွယ်ချက်ကိုပါ နားလည်နိုင်စေလိမ့်မည်။ ကျွန်ုပ်တို့အား ဘုရားသခင် မည်သည့်အရာကို ပြုလုပ်စေလိုသည်ကိုသာမကဘဲ ထိုအရာအား မည်ကဲ့သို့ ပြုလုပ်ရမည်၊ မည်သည့်အတွက်ကြောင့် ပြုလုပ်ရမည်ဆိုသည်ကိုပါ ကျွန်ုပ်တို့ သိရှိရလိမ့်မည်။ ဘုရားသခင်၏ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ အလေးထား အသိအမှတ်မပြုပါက ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းမှာ ငြီးငွေ့စရာကောင်းလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ရည် ရွယ်ချက်များကို ကျွန်ုပ်တို့ အမှန်တကယ် အသိအမှတ်ပြုသည့်အခါ ဘုရားသခင်၏အလိုတော်သည် သခင်ယေရှုအတွက် နှစ်သက်ဝမ်းမြောက်စရာဖြစ် ခဲ့သကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း ဝမ်းမြောက်စရာ ဖြစ်လိမ့်မည်။ ကိုယ်တော်အား ကျွန်ုပ်တို့ ပိုမို သိကျွမ်းလာပါက ကိုယ်တော်၏အမိန့်တော်တိုင်းကို လုပ်ဆောင်ရသည့်အတွက် ကျွန်ုပ်တို့ ဝမ်းမြောက်လိမ့်မည်ဖြစ်သည်။

ကျွန်ုပ်တို့၏စိတ်နှလုံးကို မည်ကဲ့သို့ အသစ်ပြုပြင်နိုင်မည်နည်း။ မိမိခင်ပွန်းနှင့် နှလုံးသားချင်းနီးကပ်စွာ အသက်ရှင်နေထိုင်လာသည့် ဇနီးဖြစ်သူသည် နှစ်များစွာကြာလာသည်နှင့်အမျှ ခင်ပွန်းဖြစ်သူ၏ စိတ်နေ သဘောထားနှင့် ပြုမူလုပ်ဆောင်ပုံနည်းလမ်းများကို သာ၍ တိုး၍ သိကျွမ်းလာသည်။ ယုံကြည်သူနှင့် ဘုရားသခင်အကြား ဆက်ဆံရေးသည်လည်း အလားတူပင်ဖြစ်သည်။ အသစ်မွေးဖွားခြင်းသည် သခင်ယေရှုနှင့် ထိမ်းမြားလက်ထပ်ခြင်းနှင့် အလားသဏ္ဌာန်တူသည်။ ကျွန်ုပ်တို့သည် ထိုနေရာမှ အစပြုကာ သခင်ဘုရားနှင့်နီးကပ်စွာ မိတ်သဟာယဖွဲ့လျက် နေ့စဉ်နေ့တိုင်း ကိုယ်တော်နှင့် စကားလက်ဆုံ ပြောဆိုသင့်ပါသည်။

ကိုယ်တော်၏ နှုတ်ကပါတ်တော်အားဖြင့်သာမက ကျွန်ုပ်တို့၏ အသက်တာထဲသို့ ဝင်လာရန် ကိုယ်တော် ခွင့်ပြုလိုက်သော ဆုံးမပဲ့ပြင်ရန် ရည်ရွယ်သည့် စုံစမ်းစစ်ဆေးမှုများအားဖြင့်လည်း ကျွန်ုပ်တို့၏စိတ်နှလုံး ထဲသို့ ကိုယ်တော့်အား နေ့စဉ်စကားပြောခွင့်ပြုရမည်ဖြစ်သည်။ ဤသို့အားဖြင့် ကျွန်ုပ်တို့သည် သခင်ဘုရား၏ ပုံသဏ္ဌာန်တော်နှင့်အညီ တိုးပွား၍ ပြောင်းလဲလျက်ရှိကြောင်းကို တွေ့ရှိ ကြလိမ့်မည် (၂ ကော ၃:၁၈)။ အကယ်၍ ဘုရားသခင်၏နှုတ်ကပါတ်တော်ကို ဆင်ခြင်အောက်မေ့ခြင်းနှင့် သခင်ဘုရားနှင့် မိတ်သဟာယဖွဲ့ဆုတောင်းခြင်းကို ကျွန်ုပ်တို့ လျစ်လျူရှုပါက ဘုရားသခင်၏ စိတ်သဘောကို သိရှိနားလည်ရန် အလွန်ပင်ခက်ခဲကြောင်း တွေ့ရှိရမည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို ဆင်ခြင်အောက်မေ့ခြင်းက ဖောက်ပြန်ကောက်ကျစ်သော ကျွန်ုပ်တို့၏ တွေးခေါ်ဆင်ခြင်မှုနည်းလမ်း များကို ဖြောင့်မတ်စေနိုင်ပြီး ကျွန်ုပ်တို့အား ဝိညာဉ်ရေးရာအသိသတိ ရှိလာစေကာ ဘုရားသခင်၏ အသံတော်ကို ခံစားသိရှိ တုံ့ပြန်လွယ်စေပါသည်။

သခင်ဘုရား၏အသံတော်အား ကြားရဖန်များလာပြီး ရင်းနှီး ကျွမ်းဝင်မှုရှိလာမှသာ ကျွန်ုပ်တို့ သိရှိမှတ်မိ နိုင်မည်ဖြစ်သည်။ "ငါ့သိုးတို့သည် ငါ့အသံကို သိကြ၏" ဟု ခရစ်တော်က ပြောခဲ့သော်လည်း သူသည် သခင်ဘုရား၏အသံကို မကြားရခြင်းမှာ အဘယ်ကြောင့်နည်းဟု မကြာသေးမီကမှ ပြောင်းလဲလာသူ တစ်ဦးက ရင့်ကျက်သော ဘုရား၏အစေခံတစ်ဦးကို မေးသည်။

"သခင်ဘုရားရဲ့သိုးတွေဟာ သခင့်အသံကို သိကြတယ်ဆိုတာ မှန် ပါတယ်။ ဒါပေမဲ့ သိုးကလေးတွေဟာ ဒါကို သင်ယူလေ့လာဖို့လိုတယ်ဆိုတာလည်း မှန်ပါတယ်" ဟု ဘုရား၏အစေခံက တုံ့ပြန်ခဲ့သည်။

သားဖြစ်သူသည် ဖခင်၏အသံအား လွယ်ကူစွာ ခွဲခြားသိရှိနိုင်ခြင်း မှာ ထိုအသံအား သူမကြာခဏ ကြားဖူးနေခြင်းကြောင့်သာဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့သည် ဘုရားသခင်၏အသံတော်အား အစဉ်မပြတ် နားထောင်ခြင်းဖြင့်သာ ဘုရားသခင်၏အလိုတော်အား ရှာဖွေရာ၌ ကျွန်ုပ်တို့၏စိတ်ထဲတွင် မြည်ဟီးလာမည့် အခြားသောအသံများ၏ ဆူညံပွက်လော ရိုက်မှုများကို ခွဲခြားသိရှိနိုင်မည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏အသံတော်အား နားထောင်တတ်သည့် အလေ့အထရှိပါက အရေးပေါ် အခြေအနေများအတွက် ဘုရားသခင်က ဤကဲ့သို့ ကတိပေးထားသည်။

"သင်သည် လက်ယာဘက်၊ သို့မဟုတ် လက်ဝဲဘက်သို့ လှည့်သောအခါ ဤလမ်းသည်မှန်၏။ ဤလမ်းအတိုင်းသွားလော့ဟု သင့်နောက်၌ပြော သောစကားသံကို သင်၏နားနှင့် ကြားရလိမ့်မည်" (ဟေရှာယ ၃ဝ:၂၁)။

အခြားတစ်ဖက်တွင်မူ အရေးပေါ်အခြေအနေရောက်မှသာ ဘုရားသခင်ထံ ကျွန်ုပ်တို့ ချဉ်းကပ်မည် ဆိုပါက ဘုရားသခင်၏အသံတော်အား ကျွန်ုပ်တို့ ကြားနိုင်ခြေ မရှိသလောက်ပင်ဖြစ်သည်။ ဘုရားသခင် ၏ သားသမီးအချို့သည် အလွန်အလုပ်များကြသည့်အတွက် သူတို့၏နေ့စဉ်အသက်တာ၌ ဘုရားသခင်၏ အသံတော်အား နားထောင်ရန် အချိန်မပေးနိုင်ကြသော်လည်း အခက်အခဲအကျပ်တည်းကြုံရချိန်များ၌မူ ဘုရားသခင်၏အလိုတော်အား ချက်ချင်း သိရှိလိုကြသည်။ ထိုကဲ့သို့သော ယုံကြည်သူများနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေ၌ ထိုသူတို့၏ဆုတောင်းခြင်းစိတ်ဝိညာဉ်မှာ အောက်ပါကဲ့သို့ ဖြစ်လိမ့်မည်ဟု ဂျီခရစ်ရှန်ဝိုက်စ်က ပြောခဲ့သည်။

"သခင်ယေရှု၊ ကျွန်ုပ် အင်မတန်အလုပ်များနေလို့ ကိုယ်တော်နဲ့ စကားပြောဖို့ အချိန်သိပ်မရခဲ့တဲ့အတွက် ခွင့်လွှတ်တော်မူပါ။ ဒါပေမဲ့ သခင်၊ အခုအချိန်မှာ ကျွန်ုပ်ပြဿနာကြုံနေရပြီဖြစ်လို့ အင်မတန်အရေး ကြီးတဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သခင့်ရဲ့အလိုတော်ကို မနက်ဖြန်မနက် ၁ဝ နာရီမှာ သိရမှဖြစ်မှာပါ။ အဲဒါ ကြောင့် သခင်ရယ် ကျေးဇူးပြုပြီး ကိုယ်တော်ရဲ့အလိုတော်ကို ကျွန်ုပ်ကို မြန်မြန်လေး ဖော်ပြတော်မူပါ။ အာမင်"

ဘုရားသခင်၏အလိုတော်အား ထိုနည်းအားဖြင့် ဖွင့်ပြမည်မဟုတ် သကဲ့သို့ ထိုကဲ့သို့သောလူမျိုးကိုလည်း ဖွင့်ပြလိမ့်မည် မဟုတ်ပေ။

ကျွန်ုပ်တို့၏အသက်တာ၌ ဘုရားသခင်၏လမ်းညွှန်မှုအား ရရှိလိုပါက နှုတ်ကပါတ်တော် ဆင်ခြင်အောက် မေ့ခြင်းနှင့်ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် နေ့စဉ်မိတ်သဟာယဖွဲ့ရန် အရေးကြီးပါသည်။

အနှစ်ချုပ်

ဘုရားသခင်၏အလိုတော်အား ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိလိုပါက အောက်ပါသတ်မှတ်ချက်များကို လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်။

၁။ ဘုရားသခင်သည် သူ၏အလိုတော်ကို ကျွန်ုပ်တို့အား ဖွင့်ပြမည်ဟု ယုံကြည်ရမည်။ ထိုသို့သော ယုံကြည်ခြင်းမျိုးကို ထက်သန်ပြင်းပြသည့်စိတ်ဆန္ဒနှင့် စိတ်ရှည်သည်းခံမှုဖြင့် ပုံဖော်သတ်မှတ်လိမ့်မည်။ ဘုရားသခင်၏အချိန်အား ကျွန်ုပ်တို့ စောင့်စားလို စိတ်ရှိရမည်။

၂။ ကျွန်ုပ်တို့၏ ပင်ကိုဉာဏ်ထက်မြက်မှုအပေါ် ယုံကြည်ကိုးစားမှု အား ဖယ်ရှားရမည်ဖြစ်ပြီး ဘုရားသခင် အား နှိမ့်ချစွာဖြင့် မှီခိုအားကိုးရမည်။ ကျွန်ုပ်တို့၏ ဉာဏ်စွမ်းဉာဏ်စများကို စွန့်ပစ်ရန် မလိုသော်လည်း ကျွန်ုပ်တို့သည် မိမိတို့ကိုယ်တိုင်အပေါ်မှာ မဟုတ်ဘဲ ဘုရားသခင်၌သာ ယုံကြည်ကိုးစားမှုရှိရမည်။

၃။ကျွန်ုပ်တို့အသက်တာ၏ ကဏ္ဍတိုင်းအချို့၌သာမကဘဲ ကဏ္ဍ အားလုံး၌ ဘုရားသခင်၏အလိုတော်အား ဆောင်ရွက်ရန် ဆန္ဒရှိရမည်။ ကျွန်ုပ်တို့အား ဘုရားသခင် ပေးအပ်ထားပြီးဖြစ်သည့်အလင်းကို နာခံရမည် ဖြစ်ပြီး ကျွန်ုပ်တို့၏သြတ္တပစိတ်အား အစဉ်မပြတ် သန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းရမည်။

၄။ ကျွန်ုပ်တို့သည် မည်သည့်အရာကိုမှ ထိမ်ချန်ခြင်းမရှိဘဲ မိမိတို့ကိုယ်မိမိ ဘုရားသခင်ထံ အရှုံးပေးအပ်နှံ ရမည်ဖြစ်ပြီး ကျွန်ုပ်တို့အတွက် ဘုရားသခင်ရွေးချယ်ပေးသည့် မည်သည့်အရာကိုမဆိုလက်ခံရယူလို သည့် ဆန္ဒရှိရမည်။

၅။ ဘုရားသခင်ပြောလိုသည့်စကားများကို နားထောင်လျက် ဘုရားသခင်နှင့်အတူ နေ့စဉ်လျှောက် လှမ်းရမည်။ ဤသို့အားဖြင့်ကျွန်ုပ်တို့၏စိတ်နှလုံးကို အသစ်ပြုပြင်ခွင့်နှင့်လောကီဆန်သည့် တွေးခေါ်မှု ပုံစံများမှ ကျွန်ုပ်တို့အားကယ်နုတ်ခွင့်ကို ဘုရားသခင်အားပေးရမည်။

အခန်း 3
အတွင်းသက်သေမှတဆင့်လမ်းညွှန်မှု

ဘုရားသခင်၏လမ်းညွှန်မှုနည်းလမ်းများအကြောင်း ဆွေးနွေးပြောဆိုကြသည့်အခါ သမ္မာကျမ်းစာ၏ စည်းမျဉ်းဥပေဒေသများသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော အမျိုးသားများနှင့် အမျိုးသမီး များ၏ အတွေ့အကြုံများထက်ပင် ပို၍ အရေးပါကြောင်းကို ကျွန်ုပ်တို့နားလည်သိမှတ် ထားရမည်ဖြစ် သည်။ ကျွန်ုပ်တို့ ချမှတ်သည့်ပုံစံအတိုင်းလုပ်ဆောင်ရန် ဘုရားသခင်အား ကန့်သတ်၍မရနိုင်ပါ။ ကိုယ်တော်သည် အလုံးစုံကိုအစိုးရသောအရှင် ဖြစ်တော်မူပြီး တစ်ခါတစ်ရံ သာမန်လမ်းညွှန်မှုနည်းလမ်း များအစား အံ့ဖွယ်နည်းလမ်းများကို အသုံးပြုရန် ရွေးချယ်နိုင်သည်။ ကိုယ်တော်သည် တောကန္တာရထဲ၌ မိုးတိမ်တိုင်နှင့် မီးတိုင်တို့ဖြင့် ဣသရေလလူတို့အား လမ်းပြခဲ့သော်လည်း သူတို့ ခါနန်ပြည်ထဲ ဝင်ရောက် သွားသည့်အခါ ထိုနည်းလမ်းမှာ ရပ်တန့်သွားခဲ့သည်။

တမန်တော်ဝတ္ထု၌ သာမာန်ထက်ထူးခြားသော လမ်းညွှန်မှုဖြစ်စဉ်အချို့ကို တွေ့ရှိရသည်။ ကောင်းကင် တမန်တစ်ပါးသည် ဖိလိပ္ပုအား ရှမာရိ နယ်မှထွက်ခွာ၍ တောကန္တာရလမ်းသို့သွားရန် ပြောခဲ့သည် (တမန် ၈:၁၆)။ ရှောလုအား သွား၍တွေ့ဆုံရန် ဗျာဒိတ်ရူပါရုံအားဖြင့် သခင်ဘုရားက အာနနိအား မိန့်ကြားခဲ့ သည် (တမန် ၉:၁ဝ-၁၆)။ သာသနာပလူတို့ထံ ဧဝံဂေလိတရားကို ယူဆောင်သွားရန် ဘုရားသခင် ဖွင့်ပြသည့်ဗျာဒိတ်ရူပါရုံကို ပေတရုမြင်တွေ့ခဲ့သည် (တမန် ၁ဝ:၉-၆)။ မာကေဒေါနိပြည်သို့သွားရန် သူ့အား လမ်းညွှန်နေသည့် ဗျာဒိတ်ရူပါရုံကို ရှင်ပေါလု မြင်တွေ့ခဲ့သည် (တမန် ၁၆:၉)။ ယေရုရှလင်မြို့၌ ရူပါရုံအားဖြင့် သခင်ဘုရားသည် သူ့အား လမ်းညွှန်မှုများပေးခဲ့သည့်အချိန်ကိုလည်း ရှင်ပေါလုက ရည်ညွှန်းပြောဆိုထားသည် (တမန် ၂၂:၁၇-၂၁)။ သို့သော် ဤအရာများသည် စည်းမျဉ်းပညတ်ချက် ဆိုသည်ထက် ခြွင်းချက်ဖြစ်ရပ်များသာဖြစ်သည်။

ယနေ့ခေတ်တွင် ဘုရားသခင်သည် သူ၏သားသမီးများကို အလားတူနည်းလမ်းများဖြင့် လမ်းညွှန်မှု ပေးနိုင်ခြေကို လုံးလုံးလျားလျား ပစ်ပယ်၍မရနိုင်ပါ။ သို့ရာတွင် တမန်တော်ဝတ္တု၌ ပါရှိသကဲ့သို့ပင် ထိုသို့သော အဖြစ် အပျက်များမှာ ရှားပါးသည်။ ဤစာအုပ်၌ သာမန်နည်းလမ်းများဖြင့် လမ်းညွှန်မှုကိုသာ ကျွန်ုပ်တို့အဓိကထားသည်။

ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်၏အလိုတော်အား ရှာဖွေခြင်းမှာ လွယ်ကူသည့်အလုပ် ဖြစ်ခဲ့ဟန်ရှိသည်။ မောရှေ၏ပညတ္တိကျမ်းသည် အကြောင်းအရာကိစ္စများစွာ၌ ရှင်းလင်းတိကျသည်။ တောကန္တာရထဲ၌ အစ္စရေးလူမျိုးတို့သည် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်နောက်သို့ စောင့်ကြည့်၍ လိုက်ရုံသာ လိုက်ခဲ့ရသည်။ မည်သည့်အချိန်၌ မည်သည့်နေရာ သို့ ရွှေ့ပြောင်းရမည်နှင့်ပတ်သက်၍ သူတို့အနေဖြင့် ဝိညာဉ်ရေးရာပြည့်ဝရန် မလိုအပ်ခဲ့ပါ။ အမြင်အာရုံကောင်းကောင်းရှိရန်သာ သူတို့လိုအပ်ခဲ့သည်။ ယဇ်ပရောဟိတ်မင်းသည် ဘုရားသခင်၏အလိုတော်အားရှာဖွေသည့်အခါ သူလုပ်ရမည့်အရာမှာ ဘုရားသခင်၏ ရှေ့တော်၌ "ဥရိမ်နှင့်ဿုမိန်"ကို ပစ်ချရန်သာဖြစ်ပြီး ၎င်းတို့က "ဟုတ်သည်"၊ သို့မဟုတ် "မဟုတ်ပါ" ဟူ၍ ရည်ညွှန်းဖော်ပြသည်။ ဤအရာသည် အပြင်းပန်းဆိုင်ရာကိစ္စဖြစ်ကာ လူ၏ ရုပ်ပိုင်းဆိုင် ရာအာရုံများဖြင့် အလွယ်တကူ သိမြင်နားလည်နိုင်ခြင်းကြောင့် အလွန်ရိုးရှင်းခဲ့သည်။

သန့်ရှင်းသောဝိညာဉ်တော်အပေါ်မှီခိုအားထားခြင်း

ယနေ့ခေတ်အချိန်အခါ၌မူ ထိုအရာအားလုံးနှင့်ဆန်ကျင်ဘက်အနေဖြင့် ဘုရားသခင်၏ အလိုတော်အား ရှာဖွေတွေ့ရှိရန်မှာ ပို၍ ခက်ခဲသကဲ့သို့ ဖြစ်နေသည်။ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပြီးပြည့်စုံ သောအလိုတော်ကို ကျွန်ုပ်တို့ကိုယ်တိုင် ရှာဖွေတွေ့ရှိစေလို၍ ဖြစ်သည် (ရောမ ၁၂:၂)။ ယခုအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူတစ်ဦး၏လမ်းပြအဖြစ် သူ၏အထဲ၌ ကိန်းဝပ်လျက်ရှိကာ ဓမ္မဟောင်းကျမ်း၌တည်ရှိခဲ့သည့် လမ်းညွှန်မှုဆိုင်ရာ ပြင်ပနည်းလမ်းများအားလုံး၏နေရာ၌ အစားထိုးဝင် ရောက်လာသည်။ အပြင်ပိုင်းဆိုင်ရာလမ်းညွှန်မှုသည် မရင့်ကျက်သေးသူများအတွက်ဖြစ်သည်။ အတွင်း ပိုင်းမှလမ်းညွှန်မှုသည် ရင့်ကျက်သူများ အတွက်ဖြစ်ပြီး ယင်းသည် ယနေ့ သူ၏သားသမီးများ အားလုံးကို ဘုရားသခင် လမ်းပြပို့ဆောင်လိုသောနည်းလမ်းဖြစ်သည်။

ဘုရားသခင်၏အလိုတော်အား ရှာဖွေရာတွင် ကျွန်ုပ်တို့၏ဝိညာဉ်ထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ပြောနေ သည့်အရာကို ကျွန်ုပ်တို့ သိရှိနားလည်ရန် လိုပါသည်။ ထိုကြောင့် ကျွန်ုပ်တို့အထဲ၌ သန့်ရှင်းသောဝိညာဉ် တော်နှင့် ပြည့်ဝနေရန်လိုအပ်ပါသည်။

"မရေရာသောသူ၊ သတိမရှိသောသူနှင့် မိုက်မဲသောသူများ မဖြစ်ကြဘဲ ဘုရားသခင်၏အလိုတော်ကို နားလည်ကာ ခိုင်မြဲစွာဆုပ်ကိုင်ထားလျက် (သို့ဖြစ်၍) သန့်ရှင်းသောဝိညာဉ်တော်နှင့် (အစဉ်မပြတ်) ပြည့်ဝနေကြလော့"(ဧဖက် ၅:၁၇-၁၈)။ လုကာ ၄:၁ ၌ပါရှိသော စကားလုံးများမှာ လည်း ထူးခြားသည်။ "ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက်...(သန့်ရှင်းသော) ဝိညာဉ်တော်၏ ပို့ဆောင်ခြင်း ကို ခံတော်မူ၏။" သခင်ယေရှု သည် ကမ္ဘာမြေပေါ် သူအသက်ရှင်ခဲ့သည့်ကာလ၌ သန့်ရှင်းသော ဝိညာဉ် တော်ထံမှလာသော အတွင်းသက်သေ၏ အုပ်စိုးလမ်းပြမှုတစ်ခုတည်းကိုသာ ခံယူခဲ့ပြီး လူတို့၏ အကျပ်ကိုင်မှု၊ သို့မဟုတ် အကြံပြုချက်၊ သို့မဟုတ် စာနာထောက်ထားဖွယ် အသနားခံမှုကိုပင် လက်ခံခဲ့ ခြင်းမရှိပေ။

ဝိညာဉ်တော်၏အသံအား အာရုံခံသိရှိနိုင်စွမ်းကို ကနဦးခရစ်ယာန် များကြားတွင်လည်း တွေ့ရှိရသည်။ တမန်တော်ဝတ္ထု၌ ဖိလိပ္ပုသည် ဝိညာဉ်တော်၏အတွင်းမှနှိုးဆော်မှုကို လိုက်နာဆောင်ရွက်ကာ အဲသယောပိမှူးမတ်ကြီး၏ရထားသို့ ချဉ်းကပ်ခဲ့သည် (တမန် ၈:၂၉)။ ပေတရုသည် ကော်နေလိ၏ အိမ်သို့သွားရန် ဝိညာဉ်တော်၏အတွင်းမှတိုက်တွန်းနှိုးဆော်သံကို နာခံခဲ့သည်(တမန် ၁ဝ:၁၉၊ ၂ဝ)။ အန္တိအုတ်မြို့ရှိ အသင်းတော်ခေါင်းဆောင်များသည် တစ်ပါးအမျိုးသားများထံ သာသနာပြုအမှုတော် ဆောင်ရန်အတွက် ဗာနဗနှင့်ပေါလုကို ခေါ်ယူတော်မူခြင်းအား အတည်ပြုပေးသည့် သန့်ရှင်းသော ဝိညာဉ်တော်၏အတွင်းသက်သေကို သူတို့၏ဝိညာဉ်ထဲ၌ လက်ခံအသိအမှတ် ပြုခဲ့ကြသည် (တမန် ၁၃:၂)။ ယနေ့ ကျွန်ုပ်တို့ချမှတ်သည့် ဆုံးဖြတ်ချက်တိုင်း တွင် ဝိညာဉ်တော်က ကျွန်ုပ်တို့အား လမ်းပြလို ပါသည်။

ဝိညာဉ်တော်၏အသံအား သိမှတ်လက်ခံခြင်း

သန့်ရှင်းသောဝိညာဉ်တော်သည် ကြားနိုင်သောအသံဖြင့်မဟုတ်ဘဲ ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ထဲ၌ အတွင်း ဖိအားတစ်ခုမှတစ်ဆင့် ကျွန်ုပ်တို့အား စကားပြောသည်။ တစ်စုံတစ်ခုအား ပြုလုပ်ဆောင်ရွက်ရန်၊ သို့မဟုတ် မပြုလုပ်ရန် ကျွန်ုပ်တို့အား အတွင်းထဲမှ နှိုးဆော်တိုက်တွန်းသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဤအရာသည် ရည်ရွယ်ကြံစည်ထားသည့်လမ်းကြောင်း၏ အားသာချက်များနှင့် အားနည်းချက်များကို ချိန်ဆပြီး ဆုတောင်းခြင်း၌ အချိန်များစွာယူထားခြင်း၏ ရလဒ်ဖြစ်သည်။ သို့ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် တစ်ခါတစ်ရံ၌ တစ်နေရာရာသို့သွားရန်၊ သို့မဟုတ် တစ်စုံတစ်ခုကိုပြုလုပ်ရန် ကျွန်ုပ်တို့အား ရုတ်တရက်တိုက်တွန်းနိုင်သည်။ သို့သော် မိုက်မဲသောအရာ တစ်ခုကိုပြုလုပ်ရန် ရုတ်တရက်နှိုးဆော်မှုများသည် နတ်ဆိုးစာတန်ထံမှ၊ သို့မဟုတ် ကျွန်ုပ်တို့ကိုယ်တိုင်ထံမှ ထွက်ပေါ်လာ နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သတိပြုရမည်ဖြစ်သည်။ မည်သည့်ကိစ္စ၌မဆို သန့်ရှင်းသော ဝိညာဉ်တော် သည် ကျွန်ုပ်တို့အား သမ္မာကျမ်းစာသွန်သင်ချက်နှင့် ဆန့်ကျင်ဘက်သို့ ဘယ်တော့မှ ပို့ဆောင်လိမ့်မည် မဟုတ်ပါ။

ကိစ္စရပ်တစ်ခုအတွက် ကျွန်ုပ်တို့ဆုတောင်းသည့်အခါ ကျွန်ုပ်တို့၏ ဝိညာဉ်ထဲ၌ သန့်ရှင်းသောဝိညာဉ် တော်ကြောင့် ဖိအားတိုးလာပြီး ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ ဝိညာဉ်တော်ပေးသနားသော ငြိမ်သက်ခြင်း တိုးပွားလာခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏အသံကို ခွဲခြားသိမြင်နိုင်ပါသည်။ "ဝိညာဉ်တော်၌ တည်သောစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်းဖြစ်၏" (ရောမ ၈:၆ - NASB)။ မာရ်နတ်၏အသံသည် ပုံမှန်အားဖြင့် အမြဲတမ်းဒုက္ခပေးနှောင့်ယှက်တတ်ပြီး ကျွန်ုပ်တို့ ချက်ချင်းမနာခံပါက တရားစီရင်ခြင်းဆိုင်ရာ ခြိမ်းခြောက်မှုများ မကြာခဏဆိုသလို လိုက်ပါလာတတ် သည်။ သူ၏အလိုတော်အား ဆင်ခြင်သုံးသပ်လျက် စိတ်ချသေချာမှုရှိစေရန် လုံလောက်သောအချိန်ကို ဘုရားသခင်သည် ကျွန်ုတို့အား အမြဲတမ်းပေးသည်။

အချို့သောအချိန်အခါများ၌ ဝိညာဉ်တော်သည် ကျွန်ုပ်တို့ အပြည့်အဝနားမလည်နိုင်သောအရာကို လုပ်ဆောင်ရန် ကျွန်ုပ်တို့အား ပို့ဆောင်ကောင်းပို့ဆောင်နိုင်သည်။ အမေရိကန်တရားဟောဆရာ စတီဖင် ဂရဲလက် (Stephen Grellet) သည် တစ်ခါက လူသူကင်းမဲ့၍ စွန့်ပစ်ထားသော သစ်ထုတ်လုပ်ရေးစခန်း တစ်ခုသို့သွားရန် ဝိညာဉ်တော်၏ဦးဆောင်မှုကို ခံခဲ့ရသည်။ သို့သော် သူသည် သူရရှိသည့် လမ်းညွှန်ချက် ကို အလွန်သေချာစိတ်ချသဖြင့် ထိုစခန်းရှိ လူတစ်ဦးမှမရှိသော ထမင်းစားခန်းထဲသို့ဝင်ကာ တရား ဒေသနာ ဟောကြားခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် လန်ဒန်၌ လူတစ်ဦးသည် ဂရဲလက်ထံသို့ ချဉ်းကပ်လာခဲ့သည်။ ထိုသူသည် အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်ပြီး ဂရဲလက်အား ပြန်လည်ပြောပြခဲ့ ကာ ထိုစခန်း၌ သူသည် ထမင်းချက်တစ်ဦးဖြစ်ပြီး ထိုနေ့၌ သူတစ်ယောက်တည်းသာ ရှိနေခဲ့သည်ဟု သူကပြောသည်။ သူသည် ပြတင်းပေါက်တစ်ခု၏အပြင်ဘက်၌ ပုန်းကွယ်နေခဲ့ပြီး ဂရဲလက်၏တရားဟော ချက်ကို နားထောင်နေခဲ့သည်။ သူသည် အသက်တာပြောင်းလဲခဲ့ပြီး ဘုရားသခင်၏ အမှုတော်လုပ်ငန်း၌ ဆက်ကပ်ပါဝင်ခဲ့သည်။ ထိုကဲ့သို့သောလမ်းညွှန်မှုမျိုးမှာ အင်မတန်ရှားပါသည်။

ကျွန်ုပ်တို့၏စိတ်နှလုံးသည် အလွန်လှည့်စားတတ်သောကြောင့် ကျွန်ုပ်တို့၏စိတ်နှလုံးမှထွက်ပေါ် လာသောအသံနှင့် ဝိညာဉ်တော်၏အသံအား ပိုင်ခြားသိမြင်နိုင်ရန် မကြာခဏဆိုသလို ကျွန်ုပ်တို့အတွက် မလွယ်ကူပေ။ ဥပမာအနေဖြင့် ဖြစ်နိုင်ခြေရှိသည့် ဘဝလက်တွဲဖော်အား ကျွန်ုပ်တို့ စဉ်းစားသည့်အခါ စိတ်ခံစားချက်၌ ဖြစ်ပေါ်လာသည့်ဖိအားနှင့် "ရည်ရွယ်ကြံစည်ထားသည့်ခြေလှမ်းအကြောင်း စဉ်းစား ဆင်ခြင်သည့်အချိန်တိုင်း၌ တိုးပွားလာသော ငြိမ်သက်ခြင်းနှင့်ဝမ်းမြောက်မှု" အား သန့်ရှင်းသောဝိညာဉ် တော်၏သက်သေအဖြစ် အလွယ်တကူ အမှတ်မှားတတ်ကြသည်။ အကယ်၍ ကျွန်ုပ်တို့၏ရည်ရွယ်ချက် များကို စစ်ကြောကာ ဘုရားသခင်၏ဘုန်းတော်ထင်ရှားရေးအတွက်သာဆန္ဒရှိကြောင်း သေချာစေပြီး ကျွန်ုပ်တို့အတွက် ဘုရားသခင်ရွေးချယ်ပေးသည့် မည်သည့်အရာကိုမဆို လက်ခံရန် ပြင်ဆင်ထားသည် ဆိုပါက လှည့်ဖြားခံရနိုင်ခြေ သိသိသာသာ လျော့နည်းသွားမည်ဖြစ်သည်။ ထိုကဲ့သို့အရှုံးပေးအပ်နှံခြင်းမျိုး ကင်းမဲ့သည့်အခါ၊ သို့မဟုတ် ရည်ရွယ်ချက်များသည် တစ်ကိုယ်ကောင်းဆန်သည့်အခါ ကျွန်ုပ်တို့ လမ်းလွဲ သွားသည်။

ဘုရားသခင်၏အလိုတော်သည် တစ်ခါတစ်ရံ ကျွန်ုပ်တို့ကိုယ်တိုင် ကြိုက်နှစ်သက်သည့်အရာဖြစ်နိုင် သော်လည်း ကျွန်ုပ်တို့ စိတ်ထဲ၌အလိုလို မကြိုက်နှစ်သက်သည့်အရာလည်းဖြစ်နိုင်သည်။ ဘုရားသခင်၏ အလိုတော်သည် ကျွန်ုပ်တို့ရှေ့၌ရှိနေသည့် အမြဲတမ်းလိုလို အခက်ခဲဆုံးသော လမ်းကြောင်းဖြစ်သည်ဟု မမှတ်ယူသင့်သလို အလွယ်ကူဆုံးသောလမ်းကြောင်း ဖြစ်မည်ဟူ၍လည်း မမှတ်ယူသင့်ပေ။ ကျွန်ုပ်တို့ သည် ခက်ခဲသည့်အခြေအနေ၊ သို့မဟုတ် ခက်ခဲသည့်အလုပ်နှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ထိုနေရာမှ ထွက်ပြေးရန် သွေးဆောင်ခံရနိုင်သည်။ ၎င်းအား သန့်ရှင်းသောဝိညာဉ်တော်၏ပို့ဆောင်ခြင်းအဖြစ် အမှတ်မှားနိုင်သည်။ ထိုသို့သောအချိန်အခါမျိုး၌ ကျွန်ုပ်တို့ သံသယရှိနေပါက ပို၍ခက်ခဲသောခြေလှမ်းကို လှမ်းကာ ကျွန်ုပ်တို့ ရင်ဆိုင်နေရသည့် အခြေအနေ၌ ခရစ်တော်၏အောင်မြင်မှုကို ကြေညာနိုင်ရန် ဘုရား သခင်သည် ကျေးဇူးတော်ကို ကျွန်ုပ်တို့အားပေးမည်ဟု ယုံကြည်ခြင်းက ပို၍ကောင်းပါသည်။

ကြံစည်ရည်ရွယ်ထားသည့် လမ်းကြောင်းတစ်ခုအတွက် ဆုံးဖြတ် ချက်ချရန်လိုအပ်ပါက လက်တွေ့ကျ သည့်ခြေလှမ်းတစ်ရပ်မှာ "အကျိုး အပြစ်မျှခြေရှင်းတမ်း" တစ်ခုကို ရေးဆွဲခြင်းဖြစ်သည်။ စာရွက် တစ်ရွက်အလယ်၌ မျဉ်းကြောင်းတစ်ကြောင်းကိုဆွဲကာ မျဉ်းကြောင်းတစ်ဖက်ခြမ်း၌ အကြောင်းကိစ္စ တစ်ခုကို လုပ်ဆောင်ရခြင်း၏ အကြောင်းပြချက် အားလုံးကို ရေးချပြီး အခြားတစ်ဖက်တွင် ထိုကိစ္စရပ်နှင့် ဆန့်ကျင်ဘက်အကြောင်း ပြချက်အားလုံးကို ရေးချပါ။ ထိုအကြောင်းပြချက်များအတွက် နေ့စဉ် ဆုတောင်းပြီး အကြောင်းပြချက်စာရင်းကို လိုအပ်သလို အပြောင်းအလဲ ပြုလုပ်ပါ။ မည်သည့်အရာကို လုပ်ဆောင်ရသည်ဖြစ်ပါစေ စိတ်ရင်းအမှန်ဖြင့် လက်ခံပါ။ သင် ဆက်၍ဆုတောင်းသည့်အခါ သင်လုပ်ရ မည့်အရာနှင့်ပတ်သက်ပြီး သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏ဝိညာဉ်ထဲ၌ သက်သေကို ပေးလိမ့် မည်။ ကြံစည်ရည်ရွယ်ထားသည့် အစီအစဉ်တစ်ခုနှင့် ပတ်သက်၍ သင်၏ဝိညာဉ်ထဲ၌ ငြိမ်သက်ခြင်း တိုးပွားလာသည်ကို သင်ခံစားရပါက ၎င်းသည် ပုံမှန်အားဖြင့် ဘုရားသခင် သင့်အား ပြုလုပ်စေလိုသည့် အရာဖြစ်ကြောင်း ရှင်းလင်းသည့်ညွှန်ပြချက်ပင်ဖြစ်လိမ့်မည်။

"သင်တို့၏စိတ်နှလုံးထဲ၌ (သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်) ခရစ်တော်၏ (ထံမှလာသော) ငြိမ်သက် ခြင်းကို (စဉ်ဆက်မပြတ်အကဲဖြတ် ပေးသူ ဒိုင်လူကြီးအဖြစ်) အုပ်စိုးစေလျက် သင်တို့၏ စိတ်နှလုံးထဲတွင် ဖြစ်ပေါ်လာသော မေးခွန်းအားလုံးကို အဆုံးသတ်ဆုံးဖြတ်ချက်ချပြီး ဖြေရှင်းကြလော့" (ကောလောသဲ ၃:၁၅ - AMP)။

ဘောလုံးပွဲတစ်ပွဲ၌ ဒိုင်လူကြီးက ခရာမှုတ်သည့်အခါ (ပြစ်ဒဏ်ဘောကျူးလွန်မှုကိုရည်ညွှန်းသည်) ကစားပွဲကို ရပ်လိုက်ရသကဲ့သို့ ငြိမ်သက်ခြင်းကို ဆုံးရှုံးသည့်အခါ ကျွန်ုပ်တို့ မိမိတို့ကိုယ်မိမိ ပြန်ဆန်းစစ် သင့်သည်။ ကျွန်ုပ်တို့၏ဝိညာဉ်ထဲ၌ ငြိမ်သက်ခြင်းအတိခံစားရသည့်အခါမှသာ ကျွန်ုပ်တို့ ရှေ့ဆက်တိုး၍ လုပ်ဆောင်သင့်သည်။

ဝိညာဉ်တော်၏အရေးပါမှုအား နားလည်သဘောပေါက်ခြင်း

ဤအခန်းတွင် ကျွန်ုပ်တို့ပြောခဲ့သော သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသည့် အတွင်းသက်သေ၏ အရေးပါမှုကို ကျွန်ုပ်တို့အသိအမှတ်ပြု ရန် အရေးကြီးသည်။ အကြောင်းမှာ ယင်းသည် ယနေ့ခေတ်ကာလ တွင် ဘုရားသခင်သည် သူ၏သားသမီးများကို လမ်းညွှန်မှုပေးသည့် အဓိကနည်းလမ်းဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် အတွင်းစိတ်နှိုးဆော်ချက်များအပြင်ဝိညာဉ်တော်၏အတွင်းပိုင်း စစ်ဆေးမှုများ ကို အမြဲနာခံရမည်ဖြစ်သည်။ ယုံကြည်သူတစ်ဦးအတွက် အမှားနှင့်အမှန် စည်းမျဉ်းဥပဒေသ၏လမ်းညွှန် မှုကိုခံယူခြင်းသည် လုံလောက်မှုမရှိပါ။ ယင်းသည် ပဋိညာဉ်တရားဟောင်း၏စံနှုန်း ဖြစ်သည်။ ဘုရား သခင်၏အသက်တာကို မျှဝေခံစားပြီး ထိုအသက်တာ၏ အုပ်စိုးမှုကိုခံယူရင်း ဘုရားသခင်၏ ပဋိညာဉ် တရားအသစ်အောက်တွင် ပိုမိုမြင့်မားသည်စံနှုန်းဖြင့် အသက်ရှင်ရန် ကျွန်ုပ်တို့အား ခေါ်ယူတော်မူသည်။ ဤအသက်ရှင်မှုစံနှုန်းနှစ်ရပ်သည် ဧဒင်ဥယျာဉ်ရှိ သစ်ပင်နှစ်ပင်ဖြစ်သော ကောင်းမကောင်းကို သိကျွမ်း ရာအပင်နှင့် အသက်ပင်ကို ပုံဆောင်သည်။ မည်သည့်အရာကကောင်း၍ မည်သည့်အရာက ဆိုးသည်ကို ပြောပြ၍ ထိုစံနှုန်းအတိုင်းနေထိုင်ရန် ကျင့်ဝတ်စည်းကမ်းရှိသည်မှာ ကောင်းပါသည်။ သို့ရာတွင် ယင်းမှာ "ပညတ်တရား" အောက်၌အသက်ရှင်ရန် ပြန်သွားခြင်းဖြစ်သည်။ ခရစ်ယာန်စံနှုန်းမှာ ပို၍မြင့်မားသည် (မဿဲ ၅:၁၇-၄၈)။

ဝပ်ချ်မန်းနီးက ကျင့်ဝတ်ဆိုင်ရာစည်းမျဉ်းဥပေဒသနှစ်ရပ်(Two Principles of Conduct)ဟူသည့် သူ၏စာအုပ်ငယ်၌ ယခုကဲ့သို့ ပြောထားသည်။ "အသစ်မွေးဖွားခြင်းအားဖြင့် ကျွန်ုပ်တို့ကို ဘုရားသခင် ပေးအပ်ထားတာက ကျွန်ုပ်တို့လိုက်နာကျင့်ကြံရမယ့် မြောက်မြားစွာသော စည်းမျဉ်းစည်းကမ်းအသစ် တွေ မဟုတ်ပေမယ့် ခရစ်ယာန်များစွာရဲ့ရည်မှန်းချက်ဟာ အပြင်ပန်းဆိုင်ရာစံနှုန်းနဲ့ ကိုက်ညီဖို့တစ်ခု တည်းသာဖြစ်နေတာက အံ့သြစရာအကောင်းဆုံးပါပဲ။ ဘုရားသခင်က ကျွန်ုပ်တို့ကို သိနာတောင် အသစ်ဆီခေါ်ဆောင်လာပြီး "သင်တို့ဒါကိုလုပ်ရမယ်" "ဒါကိုမလုပ်ရဘူး" ဆိုတဲ့ ပညတ်တော် အသစ်တွေ ကိုပေးခဲ့တာ မဟုတ်ပါဘူး။ ခရစ်ယာန်တစ်ဦးအနေနဲ့ သင်ဟာ ခရစ်တော်ရဲ့အသက်ကို ယခုပိုင်ဆိုင် ထားပြီး သင်စဉ်းစားဆင်ခြင်ရမယ့်အရာက ခရစ်တော်ရဲ့ အသက်တာကနေ စီးထွက်လာတဲ့ တုံ့ပြန်မှုတွေ ဖြစ်တယ်။ တကယ်လို့ သင်ဟာ တစ်ခုခုကိုလုပ်ဆောင်ဖို့ ဆင်ခြင်စဉ်းစားတဲ့အခါ သင့်အထဲမှာ အဲဒါကို လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့ စွမ်းအားတစ်ခု ထွက်ပေါ်လာမယ်၊ အတွင်းလူဆီကနေ အပြု သဘော ဆောင်တဲ့ တုံ့ပြန်မှုကိုရရှိမယ်၊ မိမိထဲမှာ "ဘိသိက်ကျေးဇူးတော်" ရှိနေမယ်ဆိုရင်တော့ (၁ ယော ၂:၂ဝ၊ ၂၇) ကြံစည်ရည်ရွယ်ထားတဲ့လမ်းကြောင်းကို စိတ်ချမှုအပြည့်နဲ့ သင် ဆက်လျှောက်လှမ်းနိုင်ပါတယ်။ ဒါဟာ အတွင်းလူက ညွှန်ပြနေတာဖြစ်တယ်။ တကယ်လို့ တစ်စုံတစ်ခုကိုလုပ်ဆောင်ဖို့ ဆင်ခြင်စဉ်းစား တဲ့အခါ အတွင်းလူက အားငယ်ညှိုးနွှမ်းတာမျိုး စဖြစ်လာပြီဆိုရင် ဘယ်လိုပဲ ကောင်းမွန်အကျိုးရှိတဲ့ပုံ ပေါက်နေ ပါစေ သင်စဉ်းစားဆင်ခြင်နေတဲ့ လှုပ်ရှားမှုကို ရှောင်ရှားသင့်ပါတယ်။"

"ခရစ်ယာန်မဟုတ်တဲ့သူများစွာဟာ အမှားနဲ့အမှန်ဆိုတဲ့နိယာမရဲ့ ချုပ်ကိုင်မှုအောက်မှာ ရှိနေကြပါတယ်။ အဲဒီနိယာမကပဲ ခရစ်ယာန်ကိုရော ခရစ်ယာန်မဟုတ်တဲ့သူကိုပါ ချုပ်ကိုင်ထားတယ်ဆိုရင် ခရစ်ယာန်နဲ့ ခရစ်ယာန်မဟုတ်တဲ့သူကြားမှာ ဘာခြားနားမှုရှိတော့မှာလဲ။ ခရစ်ယာန်ဟာ မည်သည့်အပြင်ပန်းကျင့် ဝတ်စည်းမျဉ်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာမှမရှိဘဲ ခရစ်တော်ရဲ့အသက်က ထိန်းချုပ်နေတယ်ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်က ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ ဘုရားသခင်ထံက လာတဲ့အရာ တွေကို နာခံတုံ့ပြန်ပြီး ဘုရားသခင်ဆီကမဟုတ်တဲ့အရာတွေကို ဆန့်ကျင်တုံ့ပြန်တတ်တဲ့ အရေးကြီးတဲ့ တစ်စုံတစ်ရာ ခရစ်ယာန်ထဲမှာ ရှိနေပါတယ်။ ပြင်ပအခြေအနေတွေဖြစ်စေ၊ ကျွန်ုပ်တို့ ကိုယ်ပိုင်၊ ဒါမှ မဟုတ် အခြားသူတွေရဲ့ကျိုးကြောင်း ဆင်ခြင်တုံတရားကဖြစ်စေ ကျွန်ုပ်တို့ကို ချုပ် ကိုင်တာမျိုးကို ခွင့်မပြုသင့်ပါဘူး။ အခြားသူတွေက တစ်စုံတစ်ခုကို သဘောတူလက်ခံတယ်၊ ပြီးတော့ ကောင်းကျိုးဆိုး ကျိုးကို ချင့်ချိန်တဲ့အခါ ဒါကမှန်တယ်ဆိုပြီး ကျွန်ုပ်တို့လည်း တွေးကောင်းတွေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့အတွင်းလူက ဘာပြောနေသလဲ။"

"ခရစ်ယာန်ကျင့်ဝတ်အားလုံးကို အဆုံးအဖြတ်ပေးနိုင်တဲ့ အချက် ဟာ ခရစ်ယာန်အသက်တာဖြစ်တယ်ဆို တာကို သင်နားလည်သဘောပေါက် သွားတာနဲ့ မကောင်းမှုအားလုံးကို ရှောင်ရှားဖို့သာမကဘဲ အပြင်ပန်း အရ ကောင်းတယ်ဆိုတဲ့ အရာအားလုံးကိုလည်း ရှောင်ရှားရမယ်ဆိုတာ သင်သိရှိလာပါတယ်။ ခရစ်ယာန် အသက်တာကနေ ထွက်ပေါ်လာတဲ့အရာကသာ ခရစ်ယာန်ကျင့်ဝတ်ဖြစ်တာကြောင့် အဲဒီအသက်တာ ကနေထွက်ပေါ်လာတာမဟုတ်တဲ့ ဘယ်လုပ်ရပ်ကိုမဆို သဘောတူလက်ခံလို့မရပါဘူး။ လူတွေရဲ့စံချိန် စံနှုန်းတွေအရ အကြောင်းအရာတော်တော်များများက မှန်ကန်ပေမယ့် ဘုရားရဲ့အသက်မပါရှိတဲ့အတွက် ဘုရားရဲ့စံချိန်စံညွှန်းက အဲဒီအရာတွေကို မှားတယ်လို့ ရှုတ်ချပါတယ်။ ကျွန်ုပ်တို့အတွက် ဘုရားသခင်ရဲ့ လမ်းညွှန်မှုကို အပြင်ပန်းလက္ခဏာတွေအားဖြင့်မဟုတ်ဘဲ အတွင်းစံ ညွှန်းတွေအားဖြင့်သာ သိရှိနိုင်ပါ တယ်။ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းဟာ ခရစ်ယာန်တစ်ဦးရဲ့အသက်တာလမ်းကို ဖော်ညွှန်းနေတဲ့ အရာတွေဖြစ်ပါတယ်။ ယုံကြည်သူတွေရဲ့အတွင်းထဲမှာ သခင်ယေရှုခရစ်တော်ကိန်းဝပ်နေတယ်ဆိုတာ က အမှန်တရားဖြစ်ပြီး ကျွန်ုပ်တို့အထဲမှာ ကိုယ်တော်ဟာ သူ့ကိုယ်သူ အစဉ်မပြတ်ဖော်ပြနေပါတယ်။ ဒါကြောင့် ကိုယ်တော်ရဲ့အသက်ကို ကျွန်ုပ်တို့ ခံစားသတိပြုတတ်လာရမှာဖြစ်ပြီး အဲဒီ အသက်က ပြောနေ တဲ့အရာကို ထိုးထွင်းသိမြင်နိုင်ဖို့ သင်ယူရမှာဖြစ်တယ်။"

ဤသင်ခန်းစာအား သင်ယူနိုင်ရန် ကျွန်ုပ်တို့အား ဘုရားသခင် ကူမပါစေ။

အနှစ်ချုပ်

၁။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ထူးခြားဆန်းကြယ်သည့်နည်း လမ်းဖြင့် လမ်းပြသည်မှာ ရှားပါသည်။ ဤဓမ္မသစ်ခေတ်ကာလတွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့အား ဘုရားသခင်လမ်းပြ သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝရန် ကြိုးစားရပေမည်။

၂။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ဝိညာဉ်ထဲ၌ အတွင်း ဖိအားတစ်ခုမှတစ်ဆင့် ကျွန်ုပ်တို့ အားစကားပြောသည်။ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို စောင့်ဆိုင်းနေချိန်တွင် ထိုဖိအားသည် တိုးလာ ပြီး အတွင်းစိတ်ငြိမ်သက်ခြင်းလည်း တိုးပွားလာသည်။

၃။ အခြားသောအသံများထဲမှ သန့်ရှင်းသောဝိညာဉ်တော်၏အသံကို ပိုင်းခြားသိမြင်နိုင်ရန် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များကိုဆန်းစစ်ကာ ထိုရည်ရွယ်ချက်များသည် ဖြူစင်သန့်ရှင်းမှုရှိမရှိ စစ်ဆေးရမည်။

၄။ ကြံစည်ရည်ရွယ်ထားသည့် လမ်းကြောင်း၏ အားသာချက်နှင့်အားနည်းချက်များကို သုံးသပ်အကဲ ဖြတ်နိုင်ရန် ထားရှိသည့် "အကျိုးအပြစ် မျှခြေရှင်းတမ်း"သည် ဘုရားသခင်၏အလိုတော်အား ရှာဖွေနိုင် စွမ်းရှိရန် ကျွန်ုပ်တို့အား ကူညီမစပေးလိမ့်မည်။

၅။ သန့်ရှင်းသောဝိညာဉ်တော်၏အတွင်းသက်သေသည် ယနေ့ခေတ်ကာလတွင် ဘုရားသခင်၏ အဓိက လမ်းညွှန်မှုနည်းလမ်းဖြစ်သောကြောင့် ၎င်းကို ကျွန်ုပ်တို့ အလွန်တန်ဖိုးထားရမည်။ ကျွန်ုပ်တို့၏ နေ့စဉ် အသက်တာ၌ ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်စည်းကမ်းသက်သက်အားဖြင့်သာမဟုတ်ဘဲ ဝိညာဉ် တော်ထံမှလာသော အတွင်းသက်သက်သေ၏အုပ်စိုးမှုကို ကျွန်ုပ်တို့ခံယူရန် ဘုရားသခင် မျှော်လင့်သည်။

အခန်း 4
ပြင်ပနည်းလမ်းများမှတဆင့် လမ်းညွှန်မှု

ကျွန်ုပ်တို့လမ်းညွှန်မှုကိုရှာဖွေနေချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အောက်ပါပြင်ပနည်းလမ်း များမှတစ်ဆင့် ကျွန်ုပ်တို့၏ဝိညာဉ်များကို စကားပြောသည်။

၁။ သမ္မာကျမ်းစာ၏သွန်သင်ချက်

၂။ ဖြစ်ရပ်အခြေအနေများကဖော်ပြသည့်သက်သေ

၃။ အခြားယုံကြည်သူများထံမှအကြံဉာဏ်

ဘုရားသခင်၏အလိုတော်ကို ကျွန်ုပ်တို့ တိကျစွာသိရှိနားလည်ပါက ထိုပြင်ပနည်းလမ်းများမှတစ်ဆင့် ဖော်ပြသောသန့်ရှင်းသောဝိညာဉ်တော်၏သက်သေသည် ကျွန်ုပ်တို့၏စိတ်ဝိညာဉ်အတွင်းရှိ ဝိညာဉ်တော် သက်သေနှင့် ကိုက်ညီမှုရှိလိမ့်မည်။

သမ္မာကျမ်းစာ၏သွန်သင်မှု

သမ္မာကျမ်းစာကိုပေးထားရသည့် အကြောင်းအရင်းမှာ ကျွန်ုပ်တို့သည် မှန်ကန်သည့်သြဝါဒဖြင့် သွန်သင် ခြင်းကိုခံရလျက် ဖြောင့်မတ်ခြင်းတရားလမ်း၌ လျှောက်လှမ်းနိုင်ရန်အတွက်ဖြစ်သည် (၂ တိ ၃:၁၆၊ ၁၇)။ အကြောင်းအရာကိစ္စများစွာအတွက် ဘုရားသခင်၏အလိုတော်ကို သမ္မာကျမ်းစာ၌ ရှင်းလင်းစွာ ဖော်ပြ ထားပြီးဖြစ်သည်။

ဥပမာ- သင်သည် မယုံကြည်သူတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ရန် စဉ်းစားနေသည်ဆိုပါက (အမည်ခံ ခရစ်ယာန်နှင့် ပုံမှန်ဘုရားကျောင်းတက်သူပင် ဖြစ်စေဦးတော့) ဘုရားသခင်၏နှုတ်ကပါတ်တော်မှာ ရှင်းလင်းတိကျ ပြတ်သားသည်။ "မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ် သောထမ်းဘိုးကို (ထိမ်းမြားခြင်းသင်္ကေတ) မထမ်းကြနှင့်" (၂ ကော ၆:၁၄)။

အလာတူးပင် ညီအစ်ကိုတစ်ဦးသည် ရုပ်ဝတ္ထုဆိုင်ရာလိုအပ်ချက် ရှိနေကြောင်းကို ကျွန်ုပ်တို့တွေ့ရှိပါက သူ့အား အကူအညီပေးရန် သမ္မာ ကျမ်းစာက ရှင်းရှင်းလင်းလင်း သွန်သင်ထားသည် (ယာကုပ် ၂:၁၅-၁၆၊ ၁ ယော ၃:၁၇)။ သို့မဟုတ် သင်သည် ယုံကြည်သူတစ်ဦးနှင့် အငြင်းပွားမှုရှိနေပြီး ရုံးတင်တရားစွဲသင့် မသင့် သိလိုပါက "မလုပ်ရ" ဟု သမ္မာကျမ်းစာက လေးလေးနက်နက်ပြောထားသည် (၁ ကော ၆:၁-၈)။ မုသားစကားပြောခြင်းနှင့် ခိုးဝှက်ခြင်းသည်လည်း အမြဲတမ်းမှားကြောင်း သမ္မာကျမ်းစာက သွန်သင်ထား သည် (ဧဖက် ၄:၂၅၊ ၂၈)။ သင်နှင့်အခြားယုံကြည်သူတစ်ဦးအကြား စိတ်ဝမ်းကွဲမှုရှိနေပါက သင်ဘာလုပ် သင့်သလဲဆိုသည်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက သံသယဖြစ်စရာချန်မထားပါ။ တစ်ဖက်လူ၏အမှား ဖြစ်လင့်ကစား သင်ကိုယ်တိုင်အစပြုကာ သူ့ထံသို့သွား၍ ပြန်လည်သင့်မြတ်မှု ရယူရမည်ဖြစ်သည်(မဿဲ ၅:၂၃-၂၄)။ မည်သည့်စီးပွားရေးလုပ်ငန်း၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုနှင့် စာချုပ်၊ သို့မဟုတ် ကတိဝန်ခံ ချက်လက်မှတ်ရေးထိုးထားပြီး အခြားတစ်နေရာမှ ဆွဲဆောင်မှုပိုကောင်းသည့် အခွင့်အလမ်းပေါ်လာခြင်း ကြောင့် စာချုပ်ဖျက်သိမ်းရန်၊ သို့မဟုတ် ကတိကဝတ် "ဖျက်ရန်" ဘုရားသခင် အလိုတော် ရှိ မရှိ ရှာဖွေရန် မလိုပါ။ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်သောသူသည် "ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာကတိကိုမဖျက်သောသူ" ဖြစ်ပြီး (ဆာလံ ၁၅:၄ - TLB) "မိမိတို့၏ သစ္စာကတိကို စောင့်ထိန်း သောသူတို့အား ဘုရားသခင်နှစ်သက်တော်မူ၍ မစောင့်ထိန်းသောသူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏"ဟု သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုပြောသည် (သုတ္တံ ၁၂:၂၂ - TLB)။ ယုံကြည်သူတစ်ဦးသည် မိမိပေးထားသည့် ကတိကဝတ်ကို မစောင့်ထိန်းပါက ဂုဏ်သရေပျက်၍ အရှက်ရစရာဖြစ်သည်။

အလားတူပင် ယုံကြည်သူတစ်ဦးသည် မည်သူတစ်ဦးတစ်ယောက်ထံမှာမှ အကြွေးမတင်သင့်ကြောင်းကို သမ္မာကျမ်းစာက သွန်သင်ထားသည် (ရောမ ၁၃:၈)။ သီးခြားပညတ်တော်များအပြင် ဘုရားသခင်၏ နှုတ်ကပါတ်တော်သည် လမ်းညွှန်မှုဆိုင်ရာ စည်းမျဉ်းနိယာမများကို ချမှတ်ထားသည်။ဥပမာအနေဖြင့် အိမ်ထောင်ပြုရန်စဉ်းစားသည့်အခါ လူငယ်တစ်ဦးသည် သူ၏လူမှုအသိုင်းအဝိုင်းရှိ အခြားသူများကဲ့သို့ ခန်းဝင်ပစ္စည်း တောင်းသင့် မသင့် တွေးမိနိုင်ပါသည်။ လောဘကြီးခြင်းနှင့် ငွေကိုတပ်မက်ခြင်းအား သတိ ပြုရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ရှင်းရှင်းလင်းလင်း သတိပေးထားသည်။ တောင်းဆိုမှုကို လျှော့ချ၍ လက်ခံရယူမည့်အစား ပေးကမ်းတတ်ရန် သင်ယူသင့်သည်ဟု သမ္မာကျမ်းစာ ခြုံငုံ၍ သွန်သင်ထားသည် (တမန် ၂ဝ:၃၃-၃၅)။ မည်သူမဆို ခန်းဝင်ပစ္စည်းတောင်းဆိုခြင်းကို (သို့မဟုတ် ရမည်ဟုမျှော်လင့်ခြင်း ကိုပင်) ဘုရားသခင် ဘယ်တော့မှ သဘောတူလက်ခံမည် မဟုတ်သည်မှာ ရှင်းပါသည်။ ကံစမ်းသည့် ကစားပွဲများအားဖြင့် စည်းစိမ်ဥစ္စာရှာမှီးခြင်းကား အဘယ်သို့သနည်း။ "ချမ်းသာခြင်းငှာ အလျင်အမြန်ပြု ခြင်းသည် ဆိုးညစ်၍ ဆင်းရဲခြင်းသို့ ရောက်စေတတ်၏"ဟု သုတ္တံ ၂၈:၂၂ က ပြောသည်(နှိုင်းယှဉ်ဖတ်ရှုရန် - သုတ္တံ ၁၃:၁၁၊ ၂၈:၂ဝ နှင့် ၁ တိ ၆:၉-၁၁)။ ယုံကြည်သူတစ်ဦးသည် ထီထိုးခြင်း၊ အလောင်းအစား လုပ်ခြင်း၊ သို့မဟုတ် လောင်းကစားလုပ်ခြင်းစသည့် မည်သည့်ပုံစံမျိုး၌မဆို ပါဝင်ခြင်းကို ဘုရားသခင် လက်မခံကြောင်း ဤကျမ်းချက်အားဖြင့် ရှင်းရှင်းလင်းလင်းသိနိုင်သည်။ ဘုရားသခင်၏နှုတ်ကပါတ် တော်သည် အမှန်တကယ်ပင် "(ကျွန်ုပ်တို့) ရှေ့၌ရှိသော လမ်းခရီးကို လင်းစေသည့် မီးရှူးတိုင်ဖြစ်ကာ (ကျွန်ုပ်တို့) ခြေမချော်စေရန် ကာကွယ်ပေးသည်" (ဆာလံ ၁၁၉:၁ဝ၅ - TLB)။

ရှားရှားပါးပါးအချိန်များတွင် ကျွန်ုပ်တို့၏နေ့စဉ်ကျမ်းစာဖတ်ရှုခြင်း၌ တိကျသောကျမ်းပိုဒ်တချို့အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အားသူ၏လမ်းညွှန်မှုကို အတည်ပြုပေးနိုင်သည်။ သို့ရာတွင် ကျမ်းပိုဒ်ထဲ၌ နဂိုမူလကမပါသောအရာများကို မကြာခဏ ကျွန်ုပ်တို့၏စိတ်ထဲ၌ ဖတ်ရှုမြင်ယောင်မိနိုင်သည်ကို သတိထားရန်လိုပါသည်။ ထိုကဲ့သို့သောကျမ်းပိုဒ်များသည် ကျွန်ုပ်တို့ရှာဖွေခြင်းမရှိဘဲ ကျွန်ုပ်တို့ထံသို့ ရောက်လာလေ့ရှိသည်။ ကျွန်ုပ်တို့၏ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်း၌ အရိပ်အမြွက်ပြသော ကျမ်းပိုဒ်များကို ရှာဖွေခြင်းသည် မိုက်မဲမှုဖြစ်သည်။ အကြောင်းမှာ ၎င်းသည် ဘုရာသခင်နှင့်အချိန်ယူခြင်း၏ ရည်ရွည် ချက်မဟုတ်သောကြောင့် ကျွန်ုပ်တို့ အလွယ်တကူ လမ်းလွဲသွားနိုင်သည်။

ယုံကြည်သူလူငယ်တစ်ဦးသည် ဘုရားသခင်က သူ့အား အိန္ဒိယတွင် ဆက်ရှိနေစေချင်သော်လည်း သူသည် အမေရိကန်နိုင်ငံသို့သွားရန် စိတ်အားထက်သန်နေခြင်းမျိုးဖြစ်နိုင်သည်။ သို့ရာတွင် အနောက် နိုင်ငံများ၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာဆွဲဆောင်မှုများသည် သူ့အားအလွန်ခိုင်မာစွာ ဆုပ်ကိုင်ထားသော ကြောင့် "သူတို့သည် အနောက်အရပ်ဆီသို့...ပျံသန်းသွားကြလိမ့်မည်"(ဟေရှာယ ၁၁:၁၄) ဟူသည့် ကျမ်းပိုဒ်မျိုးကို တွေ့ရှိသောအခါ ဘုရားသခင်သည် သူ့ကို သွားရန်အားပေးနေသည်ဟု ချက်ချင်း ကောက် ချက်ချလိမ့်မည်။ ကျွန်ုပ်တို့၏နှလုံးသားသည် လှည့်စားတတ်သောသဘောရှိကာ မာရ်နတ်သည် သိမ်မွေ့ သောရန်သူဖြစ်သည်။ ထိုနှစ်ခုစလုံးကို ကျွန်ုပ်တို့ သတိပြုရန်လိုပါသည်။

ဘုရားသခင်သည် သူ၏သဘာဝလွန်ဉာဏ်ပညာဖြင့် ဆက်စပ်နောက်ခံအကြောင်းအရာကို ဖယ်ထုတ်၍ ကျမ်းပိုဒ်တစ်ပိုဒ်အားဖြင့် ကျွန်ုပ်တို့အား လမ်းပြကောင်းလမ်းပြနိုင်သော်လည်း ယင်းမှာ စည်းမျဉ်းဆို သည်ထက် ခြွင်းချက်အခြေအနေမျိုးသာဖြစ်သည်။ ထိုသို့သောနည်းလမ်းကို ဘုရားသခင် အသုံးပြုသည့် အခါ ပုံမှန်လမ်းကြောင်းများမှ ကျွန်ုပ်တို့ရရှိသည့် လမ်းညွှန်မှုကို အတည်ပြုရန်အတွက်သာဖြစ်သည်။ မည်သည့်ကိစ္စအတွက်မဆို ထိုသို့သောကျမ်းပိုဒ်များကို တစ်ခုတည်းသော လမ်းညွှန်မှုအခြေခံအဖြစ် ဘယ်တော့မှ မသတ်မှတ်သင့်ပေ။

ဖြစ်ရပ်အခြေအနေများကဖော်ပြသည့်သက်သေ

ဘုရားသခင်သည် အရာအားလုံးကို ထိန်းချုပ်အုပ်စိုးတော်မူသောအရှင်ဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ အခြေအနေများကို ထိန်းချုပ်အုပ်စိုးနိုင်ပြီး ထိုနည်းအားဖြင့် သူ၏အလိုတော်ကို ဖော်ပြသည်။ ဝိညာဉ်တော်၏ သက်သေအားဖြင့် ကျွန်ုပ်တို့ရရှိထားသည့် လမ်းညွှန်မှုကိုအတည်ပြုရန်၊ သို့မဟုတ် မှားယွင်းသည့်ခြေလှမ်းကို မလှမ်းမိစေရန်အတွက် အချို့သော အကြောင်းအရာများကို ကျွန်ုပ်တို့ ကြုံတွေ့စေရန် ဘုရားသခင်ခွင့်ပြုသည်။ "ကောင်းသောသူ၏ ရပ်ဆိုင်းလိုက်ရသည့်ခြေလှမ်းများနှင့် ရှေ့ဆက်လျှောက် လှမ်းရမည့်ခြေလှမ်းများကို ဘုရားသခင်ပဲ့ပြင်စီရင်တော်မူသည်"(နှိုင်းယှဉ် ဖတ်ရှုရန်- ဆာလံ ၃၇:၂၃)။

သို့သော် စာတန်သည်လည်း ကျွန်ုပ်တို့လမ်းလွဲစေရန် အခြေအနေများကို အတိုင်းအတာတစ်ခုအထိ အမိန့် ပေးနိုင်ကြောင်း သတိပြုသင့်သည်။ မြောက်မြားစွာသောသူတို့သည် သူတို့အား ထောက်ချောက်ဆင်ရန် စာတန်ချမှတ်ထားသည့်အခြေအနေများ၏ ဦးဆောင်စေစားရာသို့ လိုက်သွားခြင်းဖြင့် ဘဝလက်တွဲဖော် ရွေးချယ်ရာ၌ လှည့်ဖြားခံခဲ့ကြရသည်။ လှည့်ဖြားခံ ရခြင်းမှ လွတ်မြောက်ရန်နည်းလမ်းမှာ အခန်း ၂ တွင် ဖော်ပြထားသည့် လမ်းညွှန်မှုရရှိနိုင်ရန် သတ်မှတ်ထားသည့်အခြေအနေများကို ဖြည့်ဆည်းလိုက်နာ ဆောင်ရွက်ခြင်းဖြစ်သည်။ ဘုရားသခင်စီစဉ်ချမှတ်ထားသည့် အခြေအနေများကို လက်ခံကာ နာခံလိုက် နာရမည်ဖြစ်ပြီး စာတန်စီစဉ်ထားသည့် အခြေအနေများကို ဆန့်ကျင်တားဆီးရန်လိုပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်တို့မသေချာပါက ဤကဲ့သို့ ဆုတောင်းနိုင်သည်။

"ဘုရားသခင်၊ ဒီအခြေအနေဟာကိုယ်တော်ရဲ့အမိန့်တော်လား၊ စာတန်ရဲ့အမိန့်လားဆိုတာ ကျွန်ုပ်မသိ ပါဘူး။ ဒါပေမဲ့ ဘယ်လိုအဖိုးခပဲ ပေးရေပေးရ ကိုယ်တော်ရဲ့ ပြီးပြည့်စုံတဲ့အလိုတော်ကို ကျွန်ုပ်လိုချင်ပါ တယ်။ လှည့်ဖြားခံရပြီး အကောင်းဆုံးသောအရာကို မဆုံးရှုံးရဖို့အတွက် ကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ဒါဟာ ကိုယ်တော့်ထံကလာတယ်ဆိုရင်တော့ ကျွန်ုပ် ဝမ်းမြောက်စွာလက်ခံပါတယ်။ စာတန်ဆီက လာတယ်ဆိုရင်တော့ ကိုယ်တော့်နာမတော်၌ သူ့ကိုချည်နှောင်ပြီး တားဆီးဆန့်ကျင်ပါတယ်"

ဘုရားသခင်ရှေ့တော်၌ စိတ်ရင်းမှန်ဖြင့် သူ၏ပညတ်တော်များအတိုင်း လိုက်လျှောက်အသက်ရှင်ပါက ဘုရားသခင်သည် ကျွန်ုပ်တို့၏ လမ်းခရီးကို ထိန်းသိမ်းစောင့်ရှောက်ပေးမည်ဖြစ်ကာ ကျွန်ုပ်တို့၏ကောင်း ကျိုးအတွက် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေတော်မူလိမ့်မည် (သုတ္တံ ၂:၈၊ ရောမ ၈:၂၈)။ စာတန်သည် ရှင်ပေါလုအား သက်သာလောနိတ် မြို့သို့ မသွားရန် တားဆီးနှောင့်ယှက်ခဲ့သော် လည်း ထိုအစား တိမောသေသွား ရောက်ခဲ့ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပြည့်စုံစေခဲ့သည် (၁ သက် ၂:၁၈၊ ၃:၁၊၂)။

ဖြစ်ရပ်အခြေအနေများအားဖြင့်လမ်းညွှန်မှုပေးသည့် အဖြစ်အပျက်များစွာကို တမန်တော်ဝတ္ထု၌ တွေ့ရှိရ သည်။ ဧဝံဂေလိသတင်းစကား ပြန့်ပွားရန်အတွက် ယေရုရှလင်မြို့ရှိအသင်းတော်အား တကွဲတပြားဖြစ် စေရန် ညှဉ်းပန်းနှိပ်စက်မှုကို ဘုရားသခင်အသုံးပြုခဲ့သည် (တမန် ၈:၁)။ ပေါလုနှင့် ဗာနဗတို့သည် ဆက်လက်၍နေထိုင်ရန် မဖြစ်နိုင်တော့သည့်အချိန်အထိ ညှဉ်းပန်းနှိပ်စက်မှု ပိုမိုပြင်းထန်လာသည့် အခါတိုင်း တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ခဲ့သည် (တမန် ၁၃:၅ဝ၊ ၅၁၊ ၁၄:၅၊ ၆၊ ၁၉၊ ၂ဝ)။ ၎င်းသည် သခင်ဘုရားကိုယ်တော်တိုင်၏ ပညတ်ချက်၊ ပုံသက်သေတို့နှင့် ကိုက်ညီပါသည်(မဿဲ ၁ဝ:၂၃၊ ယော ၇:၁)။ ဘုရားသခင်သည် ရှောလုနှင့် ဗာနဗတို့ကို ယေရုရှလင်မြို့သို့ ခေါ်ဆောင်ရန်အတွက် ငတ်မွတ် ခေါင်းပါးခြင်းဘေးကို အသုံးပြုခဲ့ပြီး (တမန် ၁၁:၂၈-၃ဝ) ထိုမြို့၌ မဆုတ်မနစ်ဆုတောင်းခြင်း၏တန်ခိုးကို သူတို့ သိရှိခဲ့ကြရသည် (တမန် ၁၂:၅)။ အန္တိအုတ်မြို့သို့ ပြန်လာသောအခါ ဤဆုတောင်းခြင်းဝိညာဉ် သဘောကို သူတို့၏လုပ်ဖော်ကိုင်ဖက်များထံ လက်ဆင့်ကမ်းခဲ့ကြပြီး အဆုံးသတ်ရလဒ်အနေဖြင့် ဝေးလံ သောဒေသများသို့ အမှုတော်လုပ်ငန်းကို တိုးချဲ့နိုင်ခဲ့သည် (တမန် ၁၂:၂၅ - ၁၃:၃)။ ဘုရားသခင်သည် ဖိလိပ္ပိမြို့၏ ဆိုးရွားသောအခြေအနေများကို အသုံးပြုကာ ဧဝံဂေလိသတင်းကောင်းကို ဆာငတ်လျက်ရှိ သော ထောင်မှူးထံဟောပြောရန် ပေါလုနှင့်သိလတို့ကို အသုံးပြုခဲ့သည် (တမန် ၁၆:၁၉-၃၄)။ ပုံမှန်အား ဖြင့် သူတွေ့ဆုံနိုင်ဖွယ်မရှိသောလူများစွာကို ဧဝံဂေလိသတင်းကောင်း ဟောကြားရန် ပေါလုအား လမ်းညွှန်ရာ၌ ဖြစ်ရပ်အခြေအနေများအား ဘုရားသခင် မည်ကဲ့သို့အသုံးပြုခဲ့ပုံကို တမန်တော်ဝတ္ထု၏ နောက်ဆုံး အခန်း ကြီး ၈ ခန်း၌ ဖော်ပြထားပါသည်။(နှိုင်းယှဉ်ဖတ်ရှုရန် - ဖိလိပ္ပိ ၁:၁၂)

ကမ္ဘာ့အကြီးမြတ်ဆုံး သာသနာပြုအချို့သည် ဖြစ်ရပ်အခြေအနေများအားဖြင့် သူတို့၏အမှုတော်လုပ်ငန်း နယ်ပယ်သို့ လမ်းညွှန်ပို့ဆောင်ခြင်း ခံခဲ့ရသည်။ ဒေးဗစ်လစ်ဗင်းစတုန်း (David Livingstone) သည် ကနဦး၌ တရုတ်ပြည်သို့သွားရန် လမ်းညွှန်ခံရသည်ဟု ခံစားခဲ့ရကာ တရုတ်ပြည်၌ အမှုတော်ဆောင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆေးပညာသင်တန်းကို တက်ရောက်ခဲ့သည်။ သူသွားရန် အဆင်သင့်ဖြစ် သောအခါ ဘိန်းစစ်ပွဲကြောင့် တရုတ်ပြည်ဝင်ခွင့် "ပိတ်သွားခဲ့"သည်။ အနောက်အိန္ဒိယကျွန်းစုများသို့ သွားရန် လန်ဒန်သာသနာပြုအသင်းကြီးက သူ့အား အကြံပြုခဲ့သည်။ ထိုဒေသ၌ ဆရာဝန်များစွာရှိနှင့် နေပြီဟူသည့် အကြောင်းပြချက်ဖြင့် ထိုအကြံပြုချက်အား သူပယ်ချခဲ့သည်။ နောက်ဆုံးတွင် လစ်ဗင်း စတုန်းသည်ရှေ့ဆောင်သာသနာပြု ရောဘတ်မောဖတ် (Robert Moffat) နှင့် အဆက် အသွယ်ပြုလုပ် ကာ အာဖရိကသို့သွားခဲ့သည်။ ယုဒသန် (Adoniram Judson) သည်အိန္ဒိယနိုင်ငံ၌ သာသနာပြုတစ်ဦး အဖြစ် အမှုတော်ဆောင်ရန် နှိုးဆော်မှုခံရသည်ဟု ခံစားခဲ့ရပြီး အမေရိကန်နိုင်ငံမှ ရွက်လွှင့်ထွက်ခွာ ခဲ့သည်။ သူအိန္ဒိယသို့ရောက်သောအခါ နေထိုင်ခွင့်မရခဲ့ပါ။ မဒရပ်စ်မြို့၌ရှိနေစဉ် သတ်မှတ်ထားသော ရက်၌ နိုင်ငံတွင်းမှထွက်ခွာရန် သူ့အားပြောခဲ့သည်။ ထို့ကြောင့် သူသည် ထိုနေ့မတိုင်မီ မဒရပ်စ်မြို့မှ ထွက်ခွာမည့် တစ်စင်းတည်းသော သင်္ဘောကိုစီးရန် အတင်းအကျပ် စေခိုင်းခံခဲ့ရသည်။ ထိုသင်္ဘောသည် မြန်မာပြည်သို့ထွက်ခွာမည့်သင်္ဘောဖြစ်ကာ ယုဒသန်သည် သူ၏ကျန်ရှိသည့် အသက်တာတစ်ခုလုံးကို မြန်မာပြည်၌ ကုန်ဆုံးခဲ့သည်။

ဘုရားသခင်အတွက် ထိုတိုင်းပြည်များ၌ ဤလူသားနှစ်ဦး ပြီးမြောက်အောင်မြင်ခဲ့သည် အမှုတော် လုပ်ငန်းသည် သူတို့အား ထိုတိုင်းပြည်များသို့ လမ်းပြပို့ဆောင်ခဲ့သော ဖြစ်ရပ်အခြေအနေများကို စီစဉ်ချ မှတ်သူမှာ ဘုရားသခင်ပင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သက်သေပြလျက်ရှိသည်။

ဖျားနာ၍အိပ်ရာပေါ်၌လဲနေရခြင်းအားဖြင့်ဖြစ်စေ၊ မီးရထား၊ သို့မဟုတ် ချိန်းဆိုမှုတစ်ခု၊ သို့မဟုတ် အင်တာဗျုးတစ်ခုကို လွတ်သွားစေခြင်းအားဖြင့်ဖြစ်စေ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ကိုယ်တော် မရွေးချယ်ထားသောလမ်းများ၌ မလျှောက်လှမ်းမိစေရန် ကျွန်ုပ်တို့အား တားဆီးကောင်း တားဆီးနိုင် သည်။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏အုပ်စိုးမှုအာဏာအောက်၌ အသက်ရှင်နေထိုင်ပါက စိတ်ပျက်စရာအခြေအနေများသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်စီစဉ်သတ်မှတ်ထားသည့် အကြံ အစည်များ ဖြစ်လာနိုင်သည်။ ကျွန်ုပ်တို့အလွန်လိုချင်တောင့်တလျက် ဆုတောင်းခဲ့သောအရာအား မရရှိ ပါက ကျွန်ုပ်တို့အတွက် ဘုရားသခင်၌ သာ၍ကောင်းသောအကြံအစည်ရှိနေကြောင်းကို သေချာစိတ်ချ ထားနိုင်ပါသည်။

တစ်ကြိမ်၌ ကျွန်ုပ်သည် မီးရထားလွတ်သွားခြင်းနှင့် လှေဆိုက်ရောက်ချိန်နောက်ကျခြင်းတို့ကြောင့် ဝိညာဉ်ရေးရာချို့တဲ့ဆာငတ်နေသူတစ်ဦးနှင့် တွေ့ဆုံခွင့်ရခဲ့ကာ ထိုသူသည် ထိုည၌ပင် သခင်ဘုရား အတွက် သူ၏နှလုံးသားတံခါးကို ဖွင့်ပေးခဲ့သည်။ တစ်ခါက ကျွန်ုပ်မနှစ်သက်သည့်သင်္ဘောသို့ ရွှေ့ပြောင်း ခံရခြင်းဖြင့် ဘုရားသခင်သည် လူငယ်သင်္ဘောသားတစ်ဦးထံ ကျွန်ုပ်ကိုပို့ဆောင်ခဲ့ပြီး ထိုလူငယ်သည် သူ၏အသက်တာအား သခင်ဘုရားထံအပ်နှံခဲ့ကာ နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့သည်။ ဘုရားသခင် ဘယ်တော့မှ အမှားမလုပ်ပါ။ ဘုရားသခင်သည် စောင့်ထိန်းကြည့်ရှု လမ်းပြတော်မူသော အရှင်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဘုန်းတော်နှင့် ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် ဖြစ်ရပ်အခြေအနေများကို စီစဉ်ချမှတ်သူဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။

ကျွန်ုပ်တို့၏လမ်းခရီး၌ အတားအဆီးတစ်ခုကြုံတွေ့ရသောအခါ အခြေအနေများကို ပြောင်းလဲပေးခြင်း ဖြင့် သူ၏အလိုတော်ကိုဖော်ပြရန် ဘုရားသခင်အား ကျွန်ုပ်တို့ တစ်ခါတစ်ရံ တောင်းဆိုနိုင်သည်။ အိန္ဒိယ ရေတပ် အရာရှိအလုပ်မှနုတ်ထွက်ရန် ကျွန်ုပ်အားဘုရားသခင်ခေါ်သောအခါ အလုပ်ထွက်စာကို တင်ခဲ့ပြီး ရေတပ်ဦးစီးချုပ်က ကျွန်ုပ်၏ထွက်စာကို ချက်ချင်းပယ်ချခဲ့သည်။ ထို့ကြောင့် အခြေအနေများသည် ကျွန်ုပ်အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏သက်သေအဖြစ် ခံစားခဲ့ရသည့်အရာနှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ ဘုရားသခင်သည် အခြေအနေများကို ပြောင်းလဲပေးပြီး ရေတပ်မှထွက်ခွင့်ပေးခြင်းဖြင့် သူ၏ခေါ်သံကိုအတည်ပြုပေးရန် ကျွန်ုပ်ဆုတောင်းခဲ့သည်။ ကျွန်ုပ်၏အလုပ်တာဝန်မှ နုတ်ထွက်ခွင့်ပြုရန် သုံးကြိမ်တိုင်လျှောက်ထားခဲ့သည်။ နောက်ဆုံး၌ နှစ်နှစ်ကြာပြီးနောက် ရေတပ်မှ နုတ်ထွက်ခွင့်ရခဲ့သည်။ ကနဦးကြုံတွေ့ခဲ့ရသည့် အတားအဆီး အနှောင့်အယှက်သည် စာတန်၏ လုပ်ရပ်အစီအစဉ်ဖြစ်ကြောင်း ထိုအချိန်က သိသာထင်ရှားခဲ့သည်။ သို့သော် တိုင်းနိုင်ငံအစိုးရများနှင့် မြေကြီးပေါ်ရှိ အာဏာတန်ခိုးများ အပေါ်တွင် ဘုရားသခင်၏ အလုံးစုံထိန်းချုပ်အုပ်စိုးမှုအာဏာရှိခြင်း၌ ကျွန်ုပ်၏ယုံကြည်ခြင်းကို ခိုင်ခံ့စေ ရန်နှင့် ကျွန်ုပ်အား သူ၏လမ်းတော်များကို ပိုမိုသွန်သင်ပေးနိုင်ရန်အတွက် ဘုရားသခင်သည် စာတန်၏ ထိုလုပ်ရပ်ကို သူ၏တန်ခိုးအာဏာဖြင့် ပယ်ချခဲ့သည်။

အကယ်စင်စစ် ဘုရားသခင်သည် တံခါးတိုင်း၏သော့ကို ပိုင်ဆိုင်ထားသောသူဖြစ်သည်။ တစ်ခါးတစ်ချပ် အား သူဖွင့်သည့်အခါ ထိုတံခါးကို မည်သူမှမပိတ်နိုင်သလို တံခါးတစ်ချပ်အား သူပိတ်သည့်အခါ ထိုတံခါး ကို မည်သူမျှမဖွင့်နိုင်ပါ (ဗျာဒိတ် ၃:၇)။ ကျွန်ုပ်တို့၏ဘုရားသခင်သည် ရှင်ဘုရင် ၏စိတ်နှလုံးကိုပင် အလိုတော်ရှိသည့်နေရာတိုင်းသို့ လှည့်စေတော်မူသည် (သုတ္တံ ၂၁:၁၊ နှိုင်းယှဉ်ဖတ်ရှုရန်- ဧဇရ ၆:၂၂)။

ဘုရားသခင်သည် အခြေအနေများနှင့်ဆန်ကျင်ဘက်သို့ ကျွန်ုပ်တို့အား ပို့ဆောင်ကောင်း ပို့ဆောင်နိုင် သည်။ ညှဉ်းပန်းနှိပ်စက်မှုပထမလှိုင်းလုံးက ယေရုရှလင်မြို့ကို လွှမ်မိုးသွားသည့်အခါ တမန်တော်များ သည် ထွက်မပြေးဘဲ ရဲရင့်မှုရှိရန်အတွက် ဆုတောင်းခဲ့ကြသည်။ ဘုရားသခင်သည် သူတို့အား ဝိညာဉ် တော်နှင့်ပြည့်စေ၍ တန်ခိုးတော်ထင်ရှားခြင်းအားဖြင့် ယေရုရှလင်မြို့အား တုန်လှုပ်စေခဲ့သည်။ အကြောင်းမှာ တပည့်တော်တို့သည် တကွဲတပြားဖြစ်ရမည့်အချိန် မရောက်သေးသောကြောင့်ဖြစ်သည် (တမန် ၄:၂၉-၃၃၊ ၅:၁၁-၁၄)။

ဖိလိပ္ပုသည် ရှမာရိမြို့မှထွက်ခွာပြီး ကန္တာရတောလမ်းသို့သွားသည့်အခါ သူ ကြီးမားစွာအသုံးပြုခြင်းခံ နေရသော ရှမာရိမြို့၌ဆက်နေရန် သူ့အားခေါ်ယူတော်မူခဲ့သည့် အခြေအနေများနှင့် ဆန့်ကျင်ဘက်ဖြစ် နေခဲ့သည် (တမန် ၈:၂၆)။

ထို့ကြောင့် အခြေအနေများသည် ဘုရားသခင်၏အလိုတော်ကို အမြဲတမ်းညွှန်ပြနေသည့်လက္ခဏာ မဟုတ်ပေ။ ကျွန်ုပ်တို့၏ ဝိညာဉ်အထဲရှိ သန့်ရှင်းသောဝိညာဉ်တော်၏ အတွင်းသက်သေနှင့် သမ္မာကျမ်း စာအားဖြင့် ဖော်ပြသောသက်သေတို့ကိုယှဉ်တွဲ၍နာခံခြင်းဖြင့်သာ ထိုအခြေအနေများကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ၏သားသမီးများကို အခြေအနေများ၏ ကြိုးကိုင်ခြယ်လှယ် သမျှအတိုင်း လှုပ်ရှားရသည့် စစ်တုရင်နယ်ရုပ်များဖြစ်လာစေရန် မရည်ရွယ်ပါ။ ကိုယ်တော်သည် အခြေ အနေများကို အုပ်စိုးသောဘုရားသခင်ဖြစ်ကာ ထိုအခြေအနေများအပေါ် သူ၏ထိန်းချုပ်အုပ်စိုးနိုင် စွမ်းကို သူ၏သားသမီးများ မျှဝေခံစားနိုင်ရန် အလိုတော်ရှိသည်။

အလိုတော်ကို နိမိတ်လက္ခဏာဖြင့်ဖော်ပြရန် ဘုရားသခင်အား တောင်းလျှောက်ခြင်းသည် မှန်ကန်ပါ သလား။ အလိုတော်ကိုဖော်ပြရန် လူတို့သည် ဘုရားသခင်ထံမှ နိမိတ်လက္ခဏာကို တောင်းခံကြသည့် အဖြစ်အပျက်အချို့ကို ဓမ္မဟောင်းကျမ်း၌ မှတ်တမ်းတင်ထားသည်။ အာဗြဟံ၏ကျွန်သည် နိမိတ်လက္ခဏာကို တောင်းခံခဲ့ပြီး ဣဇက်အတွက် ဘုရားသခင်ရွေးချယ်ထားသော သတို့သမီးကို ရှာဖွေ တွေ့ရှိခဲ့သည် (ကမ္ဘာ ၂၄:၁ဝ-၂၇)။ ဂိဒေါင်သည် ဘုရားသခင်၏အလိုတော်အား နိမိတ်လက္ခဏာဖြင့် အတည်ပြုပေးရန် တောင်းဆိုခဲ့သည်။ နောက်တစ်နေ့ညတွင် သူရရှိခဲ့သည် နိမိတ်လက္ခဏာ၏ ဆန့်ကျင် ဘက်ကိုဖော်ပြပေးရန် သူတောင်းဆိုခဲ့သည်။ ဖြစ်ရပ်နှစ်မျိုးစလုံးတွင် ဘုရားသခင်အဖြေပေးခဲ့ပြီး သူ၏ အလိုတော်ကို အတည်ပြုပေးခဲ့သည်(သူကြီး ၆:၃၆-၄ဝ)။ ယောနအား တင်ဆောင်လာသည့် သင်္ဘောမှ သင်္ဘောသားများသည် အဘယ်သူကြောင့် မုန်တိုင်းတိုက်ခတ်ရသည်ကို ရှာဖွေရန် စာရေးတံချခဲ့ပြီး သူတို့အား ဘုရားသခင် အဖြေပေးခဲ့သည် (ယောန ၁:၇)။ စာရေးတံချခြင်းကို အခြားသော ဖြစ်ရပ် အချို့၌လည်းအသုံးပြုခဲ့ကြသည်(ယောရှု ၇:၁၄၊ ၁ရာ ၁ဝ-၂ဝ၊ ၁၄:၄၁-၄၄၊ နှိုင်းယှဉ်ဖတ်ရှုရန် - သုတ္တံ ၁၆:၃၃)။ ဓမ္မသစ်ကျမ်း၌ ဘုရားသခင်၏အလိုတော်ကို ဖော်ပြရန် လူတို့သည် နိမိတ်လက္ခဏာကို တောင်းကြသည့်ဖြစ်ရပ် တစ်ခုတည်းသာရှိပြီး ထိုဖြစ်ရပ်မှာလည်း ပင်တေကုတ္တေပွဲနေ့မတိုင်ခင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည် (တမန် ၁:၂၃-၂၆)။ သန့်ရှင်းသောဝိညာဉ်တော် ကြွဆင်းလာပြီးနောက် ယုံကြည်သူ တို့သည် နိမိတ်လက္ခဏာအားဖြင့် ဘုရားသခင်၏အလိုတော်ကို ရှာဖွေသည့် ဖြစ်ရပ်တစ်ခုကိုမှ ဓမ္မသစ် ကျမ်း၌ မှတ်တမ်းတင်ထားခြင်းမရှိကြောင်းကို သတိပြုပါ။ ယင်းက နိမိတ်လက္ခဏာသည် ဘုရားသခင်၏ ပုံမှန် လမ်းညွှန်မှုနည်းလမ်းမဟုတ်တော့ကြောင်းကို ညွှန်ပြနေပုံရသည်။ လူ၏အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းမရှိခဲ့သည့် ဓမ္မဟောင်းကာလတွင် နိမိတ်လက္ခဏာသည် ရည်ရွယ်ချက်တစ်ခု ဖြင့် အသုံးတော်ခံခဲ့သော်လည်း ယခုအချိန်အခါ၌ ထိုကဲ့သို့ မဟုတ်တော့ပါ။

ဘုရားသခင်သည် သူ၏အလိုတော်ကို အတည်ပြုပေးရန်၊ သို့မဟုတ် အားနည်းချို့တဲ့လျက်ရှိသော ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကို ခွန်အားပေး ရန် ရံဖန်ရံခါ နိမိတ်လက္ခဏာကို အသုံးပြုနိုင်သည်။ အခြားသော လမ်းညွှန်မှုနည်းလမ်းများက မရေရာမသေချာသောအခါမှသာ နိမိတ်လက္ခဏာကို ကျွန်ုပ်တို့ တောင်း လျှောက်ဝံ့သင့်သည်။ သို့ရာတွင် မည်ကဲ့သို့သော နိမိတ်လက္ခဏာကို တောင်းလျှောက်သင့်သည်ကိုပင် ကျွန်ုပ်တို့ ဆုတောင်းသင့်သည်။ ကျွန်ုပ်တို့၏ လိုအင်ဆန္ဒအတိုင်းဖြစ်ပေါ်လာစေမည့်နည်းလမ်း တစ်ရပ် အဖြစ် နိမိတ်လက္ခဏာများကို အသုံးမချသင့်ပေ။ ဥပမာအနေဖြင့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်အစစ် အမှန်မှာ ဘုရားသခင် ကျွန်ုပ်တို့အားလျှောက် စေလိုသည်ဟု ကျွန်ုပ်တို့သိရှိထားပြီးဖြစ်သော လမ်းကြောင်းအတိုင်း မလိုက် လျှောက်ခြင်းအတွက် ဆင်ခြေပေးနိုင်ဖို့ရန်ဖြစ်ပါက ဘုရားသခင်ထံမှ အံ့သြ ဖွယ်အမှုကို နိမိတ်လက္ခဏာအဖြစ် မတောင်းလျှောက်သင့်ပေ။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားသည့်လမ်းကို လျှောက်လှမ်းရန်အတွက် အကြောင်းပြချက်တစ်ခုအနေဖြင့် အမှန်တကယ် နိမိတ်လက္ခဏာမဟုတ်သော သာမန်မြင်တွေ့နေကျသာဖြစ်သည့်အရာကို ဘုရားသခင်ထံ မတောင်းလျှောက်သင့်ပေ။ ကျမ်းပိုဒ်တစ်ခုကို နိမိတ်လက္ခဏာအဖြစ် ဘုရားသခင်ထံ တောင်းလျှောက် ပြီး မျက်စိကိုမှိတ်၊ ကျမ်းစာအုပ်ကိုဖွင့်လိုက်ကာ ကျလာသည့်စာမျက်နှာပေါ် လက်ညှိးကိုတင်တတ်သော ခရစ်ယာန်အချို့၏ လုပ်ထုံးလုပ်နည်းများကိုလည်း ကျွန်ုပ်တို့ သတိထားသင့်သည်။ ထိုနည်းလမ်းသည် ကျွန်ုပ်တို့အား လမ်းလွဲစေနိုင်သကဲ့သို့ မည်ကဲ့သို့အခြေအနေမျိုးမှာပင်ဖြစ်စေ ယင်းသည် မိုက်မဲရာကျ သည်။ သမ္မာကျမ်းစာသည် မျက်လှည့်ပညာစာအုပ်မဟုတ်ပါ။ ထို့ကြောင့် သမ္မာကျမ်းစာအား မျက်လှည့် ပညာစာအုပ်ကဲ့သို့ မဆက်ဆံပါနှင့်။

နိမိတ်လက္ခဏာအား လမ်းညွှန်မှုဆိုင်ရာ အဓိကအကျဆုံး တစ်ခုတည်းသောနည်းလမ်းအဖြစ် မှတ်ယူခြင်း သည် သမ္မာကျမ်းစာနှင့် လုံးဝမကိုက်ညီပါ။ နိမိတ်လက္ခဏာများကို လိုချင်တောင့်တမှုသည် ဝိညာဉ် ရေးရာမရင့်ကျက်မှု၏ အမှတ်လက္ခဏာဖြစ်သည်ကိုလည်း ကျွန်ုပ်တို့ သတိရသင့်သည်။ ထိုကဲ့သို့သော အခြေအနေမှ ကျွန်ုပ်တို့ အမြန်ဆုံးရုန်းထွက်လွတ်မြောက်၍ ကြီးထွားသင့်သည်။

အခြားယုံကြည်သူများထံမှအကြံအဉာဏ်

ယုံကြည်သူများအနေဖြင့် ကိုယ်ခန္ဓာတစ်ခု၏ အင်္ဂါအစိတ်အပိုင်းများအဖြစ် အတူတကွလုပ်ဆောင်ရန် မရှိမဖြစ်လိုအပ်ချက်ကို ဓမ္မသစ်ကျမ်းက အလွန်အလေးပေးဖော်ပြထားသည်။ မည်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းမှ မိမိဘာသာမိမိ သီးခြားရပ်တည်လုပ်ဆောင်နိုင်စွမ်းမရှိပေ။ လူတိုင်းသည် ဖြစ်တည်မှုနှင့် ဆက်လက်ရှင်သန်နိုင်ရေးအတွက် အခြားသူများအပေါ် မှီခိုအားထားကြရသည်။ ထို့ကြောင့် လမ်းညွှန်မှု ပေးရာ၌ပင် ဘုရားသခင်သည် ယုံကြည်သူများ၏ မိတ်သဟာယဖွဲ့ခြင်းကို အလွန်တန်ဖိုးထားမည်ဟု မျှော်လင့်ခြင်းသည် အင်မတန်သင့်လျော်မှုရှိပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပြီးပြည့်စုံသော အလိုတော်နှင့်လွဲချော်မသွားစေရန် ကာကွယ်ပေးမှုအဖြစ် ယုံကြည်သူများ၏မိတ်သဟာယဟူသော ဤပြဋ္ဌာန်းချက်အား ဘုရားသခင် ချမှတ်ခဲ့ခြင်းဖြစ်သည်။


ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် တစ်စုံတစ်ရာကို လုပ်ဆောင်လိုက်ခြင်း၏ ကောင်းကျိုးဆိုးကျိုးကို ကျွန်ုပ်တို့ အပြည့်အဝနားလည်နိုင် မည်မဟုတ်ပေ။ ဘုရားသခင်ကိုချစ်သော အခြားသူများထံမှ အကြံဉာဏ်ရယူခြင်းသည် ကျွန်ုပ်တို့ချမှတ်မည့် ဆုံးဖြတ်ချက်ကို ရှုထောင့်အမျိုးမျိုးမှ ကြည့်မြင်တတ်ရန် အတွက် အဖိုးမဖြတ်နိုင်သော ကူညီထောက်ပံ့မှုဖြစ်စေ လိမ့်မည်။ ၎င်းသည် အထူးသဖြင့် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရမည့်အချိန်၌ လိုအပ်လိမ့်မည်ဖြစ်သည်။ အကယ်၍ မိမိဘာသာမိမိ လုံလောက်ပြည့်စုံမှုအပေါ်၌ ဂုဏ်ယူဝင့်ကြွားလျက် ဘုရားသခင်စီမံထားသော လမ်းညွှန်မှုဆိုင်ရာ နည်းလမ်းကို ကျွန်ုပ်တို့ လျစ်လျူရှုပါက ဆုံးရှုံးမှုမှလွဲ၍ အခြားမည်သည့်အရာကိုမှ ကျွန်ုပ်တို့ မရရှိနိုင်ပါ။ သမ္မာကျမ်းစာက ဤသို့ပြောထားသည်။

"အကြံပေးနိုင်သောသူများစွာရှိလျှင် ဘေးလွတ်တတ်၏... သူတစ်ပါးနှင့် တိုင်ပင်ခြင်းမပြုဘဲ မိမိအကြံ အစည်ကို အကောင်ထည်မဖော်နှင့်... ပညာရှိသောသူ၏ အကြံအဉာဏ်သည် တောင်ပေါ်စမ်းရေတွင်းမှ စီးဆင်းလာသောရေကဲ့သို့ လန်းဆန်းစေ၍ ၎င်းကို လက်ခံသောသူတို့သည် ရှေ့မှာ ကြုံတွေ့ရမည့် အန္တရာယ်များကို သတိပြုမိကြသည်... ဆိုးမိုက်သောသူသည် အကြံဉာဏ်ကို မလိုအပ်ဟု ထင်မြင် တတ်၏။ ပညာရှိသောသူမူကား အကြံဉာဏ်ကို နားထောင်တတ်၏... ဖြောင့်မတ်သောသူသည် မိတ်ဆွေများထံမှ အကြံဉာဏ်ကို တောင်းခံတတ်၏... ဆိုးယုတ်သောသူတို့သည် တစ်ဇွတ်ထိုး လုပ်ဆောင် ကာ ကျရှုံးတတ်၏" (သုတ္တံ ၂၄:၆၊ ၂ဝ:၁၈၊ ၁၃:၁၄၊ ၁၂:၁၅၊ ၂၆ - TLB)။

သို့ရာတွင် ရှောင်ရှားရမည့် အစွန်းနှစ်ဖက်ရှိပါသည်။ တစ်ခုမှာ ဘုရားသခင်ကို ရိုသေကြောက်ရွံ့ သောသူတို့၏အကြံဉာဏ်အပေါ် လုံးဝမမှီခိုခြင်းဖြစ်သည်။ နောက်တစ်ခုမှာ ဘုရားသခင်၏ ပြီးပြည့်စုံသော အလိုတော် ဟုတ် မဟုတ် မေးခွန်းထုတ်ခြင်းမရှိဘဲ ထိုသူတို့၏အကြံဉာဏ်အပေါ် လုံးလုံး လျားလျား မှီခိုခြင်းဖြစ်သည်။ ထိုအစွန်းနှစ်ဖက်ထဲမှ တစ်ဖက်ဖက်ကို ဖက်တွယ်ပါက ကျွန်ုပ်တို့သည် လမ်းလွဲသွားလိမ့်မည်၊ သို့မဟုတ် ကျွန်ုပ်တို့၏ အသက်တာတစ်လျှောက်လုံး ဝိညာဉ်ရေးရာချို့တဲ့ ပိန်လှီ နေလိမ့်မည်ဖြစ်သည်။ ယုံကြည်သူချင်းထံမှ အကြံဉာဏ်ရယူရန် ကျွန်ုပ်တို့ကို ဘုရားသခင်အလိုတော် ရှိသကဲ့သို့ ထိုသူတို့သည် သူတော်စင်များဖြစ်လျှင်ပင် ကျွန်ုပ်တို့သည် သူတို့၏အကြံဉာဏ်ကို မျက်စိ စုံမှိတ်ကာ နာခံလိုက်နာရန် ဘုရားသခင် မျှော်လင့်မထားပါ။

သမ္မာတရားအား ပြီးပြည့်စုံသည့်ဟန်ချက်ညီမှုဖြင့် သမ္မာကျမ်းစာက တင်ပြထားသည်။ စိတ်မကောင်း စရာမှာ လူသားတို့သည် အစွန်းတစ် ဖက်ဖက်သို့ ယိမ်းယိုင်လိုသည့်သဘောထားရှိနေသည်။ ထို့ကြောင့် ပင် ခရစ်ယာန်လောက၌ မှားယွင်းသည့်အယူဝါဒများစွာ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

ဓမ္မဟောင်းကျမ်း၌ ဤဟန်ချက်ညီမျှသည့်အမြင်ကို ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၂ နှင့် ၁၃ တို့တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ အခန်းကြီး ၁၂ ၌ လူငယ်ဘုရင် ရောဗောင်သည် သူနှင့် ရွယ်တူ လူငယ်များ၏အကြံဉာဏ်ကို လက်ခံမည့်အစား ဘုရားသခင်ကိုကြောက်ရွံ့သော အသက်ကြီးသူ တို့ပေးသည့် အကြံဉာဏ်ကို လက်ခံခဲ့သင့်သည်။ ထိုသို့လက်မခံခဲ့သောကြောင့် သူ၏နိုင်ငံတော် ပြိုကွဲ သည့်အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်။ အခန်းကြီး ၁၃ ၌ လူငယ်ပရောဖက်သည် အသက် ကြီးသောပရောဖက်၏ အကြံဉာဏ်ကို နားမထောင်ခဲ့သင့်ပေ ("အသက် ကြီးရင့်မှုသက်သက်က လူတို့အား ဉာဏ်ပညာမရှိစေနိုင်ပါ" ယောဘ ၃၂:၉ - TLB)။ သူနားထောင်ခဲ့သည့်အတွက် သူ့အသက် ဆုံးရှုံးခဲ့ရသည်။

ဓမ္မသစ်ကျမ်း၌ ဤဟန်ချက်ညီမှုကို တမန်တော်ရှင်ပေါလု၏ အသက်တာ၌ တွေ့ရှိရသည်။ တမန်တော် ဝတ္ထု ၁၃:၁-၃ တွင် ဘုရားသခင်သည် ရှင်ပေါလုအား တစ်ပါးအမျိုးသား သာသနာပြုအမှုတော်လုပ်ငန်း အတွက် ခေါ်ယူမှုကို ကျွန်ုပ်တို့တွေ့ရှိရသည်။ သို့သော် တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် ရှင်ပေါလု အတွက်ထားရှိသည့် မိမိအလိုတော်အား သူ၏လုပ်ဖော်ကိုင်ဖက်များကို ဖွင့်ပြခဲ့သည်။ ရှင်ပေါလုအား ဘုရားသခင်သီးသန့် ပြောကြားခဲ့သောအရာများကို အခြားသူများမှတစ်ဆင့် သူ့အား အတည်ပြုပေး ခဲ့သည်။ အခြားတစ်ဖက်၌မူ တမန်တော်ဝတ္ထု ၂၁:၁-၁၅ တွင် ရှင်ပေါလုသည် ယုံကြည်သူမိတ်ဆွေ အယောက်စီတိုင်းကပေးသည့် အကြံဉာဏ်အား ငြင်းပယ်ခဲ့ကာ (ထိုသူတို့အထဲမှ တချို့သောသူတို့ ပေးသည့် ပရောဖက်ပြုချက်များကိုပင်) သူ့အတွက် ဘုရားသခင်အလိုတော်ရှိသည်ဟု သူခံစားရသည့် ဦးတည်ချက်လမ်းကြောင်းအတိုင်း သွားခဲ့သည်ကိုတွေ့ရှိရသည်။ ယေရုရှလင်မြို့သို့ သူသွားခဲ့ခြင်းသည် မှန်ကန်ကြောင်း နောက်ပိုင်း၌ ဘုရားသခင်က အတည်ပြုပေးခဲ့သည် (တမန် ၂၃:၁၁)။

အခြားသောအချိန်တစ်ခု၌ ရှင်ပေါလုသည် မည်သူနှင့်မျှဆွေးနွေး တိုင်ပင်ခြင်းမရှိဘဲ ဘုရားသခင်၏ အလိုတော်ကို မိမိဘာသာမိမိ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သူ၏ခရစ်ယာန်အသက်တာအစပိုင်းတွင် အာရပ် ပြည်သို့ သွားခဲ့သည် (ဂလာတိ ၁:၅-၁၇)။

ကျွန်ုပ်တို့သည် အချို့အချိန်များ၌ ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့၏ အကြံဉာဏ်ကို ဂရုပြု အလေးထားသင့်ပြီး အချို့အချိန်များတွင် ထိုသူတို့ပေးသောအကြံဉာဏ်နှင့်ဆန့်ကျင်၍ လုပ်ဆောင်ရမည် ဖြစ်ကာ အခြားသောအချိန်များ၌မူ မည်သူတစ်ဦးတစ်ယောက်နှင့်မှ ဆွေးနွေး တိုင်ပင်ခြင်းမပြုသင့် ကြောင်းကို ဘုရားသခင်၏နှုတ်ကပါတ်တော်ထဲမှ ထိုဥပမာများက အကြံပြုထားသည်။ ကျွန်ုပ်တို့သည် အခြားသူများ၏ အကြံဉာဏ်ကို လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ၊ သို့မဟုတ် မရှာဖွေသည် ဖြစ်စေ အဆုံးစွန်ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ကိုယ်တိုင် ချမှတ်ရမည်ဖြစ်သည်။အကြောင်းမှာ ကျွန်ုပ်တို့၏ ဆုံးဖြတ် ချက်များအတွက် ဘုရားသခင်အား ကျွန်ုပ်တို့ကိုယ်တိုင် တာဝန်ခံလျက် ပြန်လည်ဖြေကြားရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏လူထံမှ အကြံဉာဏ်သည် တန်ဖိုးမဖြတ်နိုင်သော်လည်း လုံးဝ အမှားကင်းနိုင်သည်တော့မဟုတ်ပါ။ မိုက်ကယ်ဟာပါ(Michael Harper)က "ပရောဖက်ပြုချက် - ယေရှုခန္ဓာ အတွက်လက်ဆောင် (Prophecy - A gift for the Body of Christ)" ဟူသည့် သူ၏ စာအုပ်၌ ယခုကဲ့သို့ ရေးသားထားသည်။

"အခြားသူတွေကို သူတို့ဘာလုပ်ရမယ်ဆိုတာကိုပြောတဲ့ ပရောဖက်ပြုချက်တွေကို သံသယကြီးကြီးနဲ့ သတိပြုဖို့လိုပါတယ်။ 'လမ်းညွှန်မှု'ကို ပရောဖက်ပြုချက်အတွက် အသုံးပြုတဲ့နည်းလမ်းတစ်ခုအနေနဲ့ ဘယ်တုန်းကမှ ရည်ညွှန်းဖော်ပြတာမျိုး မရှိခဲ့ပါဘူး။ ပေါလု ယေရုရှလင်မြို့ကို သွားရင် သူဘာဖြစ်မယ် ဆိုတာကို ပရောဖက်ပြုခဲ့ပေမယ့် သူသွားရမယ် မသွားရဘူးဆိုတာကို မပြောခဲ့ပါဘူး။ ဒီကိစ္စပတ်သက်ပြီး သူ့မိတ်ဆွေတွေကတော့ သူ့ကိုအကြံပေးခဲ့တာမျိုးဖြစ်နိုင်ပေမယ့် လမ်းညွှန်မှုက ပရောဖက် ပြုချက်ဆီက နေမလာပါဘူး။ အာဂဗုဟာ ငတ်မွတ်ခေါင်းပါးမှုဘေးကြီး ဖြစ်မယ့်အကြောင်း ကြိုတင်ပရောဖက်ပြုခဲ့ပေ မယ့် သူ့ရဲ့ပရောဖက်ပြုချက်ထဲမှာ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုပြင်ဆင်လုပ်ဆောင်သင့်လဲဆိုတာကို ညွှန်ကြားချက် တစ်ခုမှမပေးခဲ့ပါဘူး။ ဓမ္မသစ်ကျမ်းကိုခြုံငုံကြည့်မယ်ဆိုရင် လမ်းညွှန်မှုပေးတဲ့အခါ ဓမ္မဟောင်းကျမ်းမှာတွေ့နေကျလိုမျိုး အခြားသူတစ်ဦးဆီကတစ်ဆင့်ပေးတာမျိုးမဟုတ်ဘဲ တစ်ဦးချင်းစီ ကို တိုက်ရိုက်ပေးပါတယ်။ ဥပမာ- ပေတရုကို ခေါ်ဖိတ်ဖို့ ကောင်းကင်တမန်က ကော်နေလိကို ပြောခဲ့ ပေမယ့် (တမန် ၁ဝ:၅) သူတို့နဲ့အတူလိုက်သွားဖို့ ဝိညာဉ်တော်က ပေတရုကို ပြောခဲ့တာ ဖြစ်တယ် (တမန် ၁ဝ:၂ဝ)။"

လမ်းညွှန်မှုဟူသည့် သူ၏စာအုပ်ငယ်၌ ဂျိမ်းစ်မက်ကွန်ကီးက ဤကဲ့သို့ ရေးထားသည်။

"ရှိမုန်ပေတရုကို ခရစ်တော်အကြောင်း အသွေးအသားက မဖော်ပြနိုင်ပါဘူး (မဿဲ ၁၆:၁၇)။ အလားတူပဲ ခရစ်တော်ရဲ့အကြောင်းအရာတွေကို အသွေးအသားက ကျွန်ုပ်တို့ကို မဖော်ပြနိုင်ပါဘူး။ ကျွန်ုပ်တို့ရဲ့ အသွေးအသားဖြစ်စေ၊ အခြားသူတွေရဲ့အသွေးအသားဖြစ်စေ အဲဒါက အရေးမကြီးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အခြားသူတွေရဲ့အသွေးအသားဟာ ကျွန်ုပ်တို့ရဲ့အသွေးအသားလိုပဲ တူညီတဲ့ အားနည်းချည့်နဲ့မှု တွေနဲ့ တူညီတဲ့မှားယွင်းမှုတွေကို ကျူးလွန်တတ်ကြလို့ဖြစ်တယ်။ ဒါအပြင် လမ်းညွှန်မှုရဖို့အတွက် မိမိရဲ့မိတ်ဆွေတွေကို မှီကိုအားကိုးတဲ့သူဟာ သူတို့ပေးတဲ့ အမျိုးမျိုးသော အကြံဉာဏ်တွေက သူ့အတွက် စိတ်ရှုပ်ထွေးစရာတွေ ပိုပြီးတိုးလာစေတာပဲအဖတ်တင်တယ်ဆိုတာကို မကြာခင် တွေ့ရှိသွားပါတယ်။ ဒါအပြင် ဘုရားသခင်ဟာ သင့်ဘဝအတွက် သူ့ရဲ့အကြံအစည်တွေကို အခြားသူကို မဖော်ပြဘူးဆိုတာက ဘုရားသခင်ရဲ့ နိယာမဖြစ်တယ်။ ယောဟန်အတွက် ဘုရားသခင်ရဲ့ အလိုတော်က ဘာလဲဆိုတာကို သိချင်ခဲ့တဲ့ပေတရုကို ခရစ်တော်ဆုံးမခဲ့တာက ဒီနိယာမရဲ့ အရှင်းလင်းဆုံးသက်သေဖြစ်နိုင်ပါတယ် (ယောဟန် ၂၁:၂၂)။

ကလေးငယ်တစ်ဦး လမ်းစလျှောက်ချိန်မှာ သင့်အနေနဲ့ အကူအညီပေးနိုင်ပါတယ်။ ဒါပေမဲ့ သူဟာ မိမိဘာသာမိမိ လမ်းလျှောက်တတ်ချင်တယ်ဆိုရင် သင်ရဲ့လက်ကို လုံးလုံးလွှတ်လိုက်ပြီး သင့်အပေါ် မှီခိုအားကိုးမှု အားလုံးကို ရပ်လိုက်ရမယ့်အချိန် ရောက်လာမှာဖြစ်တယ်။ ဘုရားသခင်နဲ့ လျှောက်လှမ်းဖို့ သင်ယူလိုတဲ့ယုံကြည်သူဟာ အလားတူသင်ခန်းစာကို သင်ယူရမှာဖြစ်တယ်။ ကလေးငယ်တစ်ဦးဟာ မကြာခဏ လဲကျခြင်းဆိုတဲ့ အဖိုးအခနဲ့ လမ်းလျှောက်တတ်ဖို့သင်ယူသရလိုမျိုး ခရစ်ယာန်တစ်ဦးဟာ အမှားအယွင်းတချို့ပြုလုပ်မိခြင်းဆိုတဲ့ အဖိုးအခကိုပေးပြီး ဒါကို သင်ယူရမှာဖြစ်တယ်။ လုံးဝ မသင်ယူ ခြင်းထက် ဒီနည်းလမ်းနဲ့သင်ယူခြင်းက ပိုကောင်းပါတယ်။ ဘုရားသခင်ပေးတဲ့ လမ်းညွှန်မှုအတိုင်း ဘုရားသခင်တစ်ပါးတည်းနဲ့သာ အချိန်ယူလျှောက်လှမ်းရခြင်းရဲ့ အဖိုးထိုက်တန်မှုဟာ အမှားအယွင်း အနည်းငယ်ပြုလုပ်မိလို့ ပေးရတဲ့အဖိုးအခထက် များစွာ တန်ဖိုးကြီးမားပါတယ်။ ဒါဆိုရင် လမ်းညွှန်မှုနဲ့ ပတ်သက်ပြီး ဘုရားသခင်ဆီမှာ သင့်ရဲ့ခရစ်ယာန်မိတ်ဆွေတွေအတွက် နေရာမရှိတော့ဘူးလား။ သေချာပေါက် ဘုရားသခင်ဆီမှာ ရှိနေပါတယ်။ အကူအညီအားလုံး၊ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်နဲ့ ပတ်သက်တဲ့ အလင်းဖွင့်ပြချက်အားလုံးနဲ့ အခြားသူတွေရဲ့ အတွေ့အကြုံအားလုံးကို ရနိုင်သမျှရယူပါ။ ဆိုလိုတာကတော့ အခြားသူတွေဆီက အချက်အလက်တွေကို ရယူနိုင်တယ်လို့ပြောတာ ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုတော့ ကိုယ်တိုင်ချရမှာဖြစ်တယ်။ အကြောင်းကတော့ ဆုံးဖြတ်ချက် ချရမယ့်အချိန်ရောက်တဲ့အခါ ကျွန်ုပ်တို့ဟာ ဘုရားသခင်တစ်ပါးတည်းကိုပဲ ကိုယ်တိုင်ကိုယ်ကျ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရခြင်းကို ရှောင်လွှဲလို့မရနိုင်သလို အဲဒီကနေပဲ ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ ပတ်သက်တဲ့ အလွန်အဖိုးတန်တဲ့ သင်ခန်းစာတွေကို ကျွန်ုပ်တို့ သင်ယူရတာဖြစ်တယ်။"

သို့ရာတွင် ရင့်ကျက်သည့်ယုံကြည်သူများကပေးသည့် အကြံဉာဏ်များနှင့်ဆန့်ကျင်လျက် လုပ်ဆောင် ရမည့်အချိန်တွင် ကျွန်ုပ်တို့ကိုယ်တိုင်ရရှိထားသည့်လမ်းညွှန်မှုသည် ဘုရားသခင်၏ အမှန်တကယ် လမ်းပြပို့ဆောင်မှုဖြစ်ကြောင်း သေချာစေရန်အတွက် ၎င်းကို အထပ်ထပ် စစ်ဆေးရမည်ဖြစ်သည်။ အရေးကြီးသည့်ဆုံးဖြတ်ချက်များကို ချမှတ်ရာ၌ အထူးသဖြင့် ဤအချက်အား သတိရဖို့ရန်လိုပါသည်။

ဘုရားသခင်၏အသံတော်

သခင်ယေရှုအဆင်းသဏ္ဌာန်တော်ပြောင်းလဲသည့်တောင်ပေါ်၌ သခင်ယေရှုအား မောရှေ၊ ဧလိယတို့နှင့် တစ်တန်းတည်းထားရန်ကြိုးစားသောကြောင့် ပေတရုအား ဘုရားသခင်က ဆုံးမခဲ့သည်။ ဓမ္မဟောင်း ကာလ၌ ဤပုဂ္ဂိုလ်များသည် အမှန်ပင် ဘုရားသခင်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များဖြစ်ခဲ့သော်လည်း ခေတ်သစ်တစ်ခု ရောက်ရှိလာခဲ့ပြီဖြစ်ကာ ပေတရုအနေဖြင့် ယင်းကို အသိအမှတ်ပြုရပေမည်။ ယခု ခေတ်သစ်ကာလ၌ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် တစ်ဦးသာရှိရမည်ဖြစ်သည် - "ဤသူသည် ငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့"(မာကု ၉:၇)။ ထို့နောက် တပည့်တော်တို့သည် တစ်ဖန် မျှော်ကြည့်သောအခါ "သခင်ယေရှု တစ်ပါးတည်းမှလွဲ၍ မည်သူ့ကိုမှ မမြင်ကြရတော့ပေ။" ဘုရားသခင်သည် မည်သည့် ပြင်ပနည်းလမ်းကိုမဆို အသုံးပြု၍ ကျွန်ုပ်တို့အား စကားပြောသည်ဖြစ်ပါစေ အဆုံးစွန်အနေဖြင့် ဘုရားသခင်၏အသံတော်အား ကျွန်ုပ်တို့ ကြားရန်လိုပါ သည်။

"ဤလူ ဘာကိုလုပ်ဆောင်သင့်သနည်း (What Shall This Man Do?)" ဟူသည့် စာအုပ်၌ ဝပ်ချ်မန်းနီးက ဤသို့ ပြောထားသည်။

"ခရစ်ယာန်ဘာသာဆိုတာ လူတစ်ဦး၊ ဒါမှမဟုတ် စာအုပ်တစ်အုပ် ကနေတစ်ဆင့် ဘုရားသခင်ရဲ့ အလိုတော်ကို သိရှိခြင်းသက်သက်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကို ကိုယ်တိုင်ကိုယ်ကျ သိကျွမ်းခြင်းက အမြဲတမ်းပါဝင်နေတယ်။"

သို့ဖြစ်၍ ယနေ့ခေတ် လက်တွေ့အသုံးအနှုန်းဖြင့်ပြောရမည်ဆိုလျှင် ကျွန်ုပ်တို့၌ မောရှေကိုယ်စားပြု သည့် စာဖြင့်ရေးသားထားသော နှုတ်ကပါတ်တော်နှင့် သေခြင်းတရားကို မကြုံတွေ့ခဲ့ရသော ဧလိယကိုယ်စားပြုသည့် အသက်ရှင်သော လူသားစေတမန်တို့ ရှိနေပါသည်။ ကျွန်ုပ်တို့၏ လက်ထဲ၌ရှိ သည့် ကျွန်ုပ်တို့အား သွန်သင်ညွှန်ကြားပေးသော ဘုရားသခင်၏ စာအုပ်နှင့် ဘုရားသခင်နှင့် နီးကပ်စွာ အသက်ရှင်ကာ သူ့အား ဘုရားသခင်ဖော်ပြသည့်အရာကို ကျွန်ုပ်တို့အား သိရှိစေသော မိတ်ဆွေဟူသည့် ယုံကြည်သူတိုင်းကို ဘုရားသခင်ပေးသနားတော်မူသော ဤဆုကျေးဇူးနှစ်ခုသည် ကျွန်ုပ်တို့၏ ခရစ်ယာန် အသက်တာအားအကျိုးပြုသည့် တန်ဖိုးအရှိဆုံး အခြေခံအကြောင်းအရင်းများတွင် ပါဝင်ပါသည်။ ဘုရားသခင်၏စာအုပ်သည် အမြဲတမ်းမှန်ကန်မှုရှိပြီး မိတ်ဆွေတစ်ဦး၏ အကြံဉာဏ်သည် မကြာခဏ အားဖြင့် မှန်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏စာအုပ်ကို လိုအပ်ပြီး ဘုရားသခင်၏ ပရောဖက်များ ကိုလည်း လိုအပ်ပါသည်။ ဤနှစ်ခုထဲမှ တစ်ခုခုကို ကျွန်ုပ်တို့ပစ်ပယ်ရန် ဘုရားသခင် အလိုမရှိပါ။ သို့သော် ဤအရာနှစ်ခုစလုံးသည် ကျွန်ုပ်တို့၏နှလုံးသားထဲသို့ ပြောကြားသည့် အသက်ရှင်သော ဘုရားသခင်၏ အသံတော်အား အစားထိုး၍မရကြောင်းကို အဆင်းသဏ္ဌာန်တော်ပြောင်းလဲခြင်းတောင်ပေါ်၌ ဖြစ်ပျက်ခဲ့ သည့်ဖြစ်ရပ်က သင်ခန်းစာပေးလျက်ရှိသည်။ ဝပ်ချ်မန်းနီးက ဆက်လက်ပြောထားသည်မှာ

"ဘုရားသခင်ရဲ့စေတမန်တွေကို ကျွန်ုပ်တို့ မထီမဲ့မြင်မပြုသင့်ပါဘူး။ ကျွန်ုပ်တို့ဟာ စိတ်အာရုံကို လှုံ့‌ဆော်ဖမ်းစားနိုင်တဲ့ စစ်မှန်တဲ့ ပရောဖက်ပြုချက်နှုတ်ထွက်စကား၊ ဒါမှမဟုတ် တည်ငြိမ်အေးချမ်းမှု ကိုဖြစ်ပေါ်စေတဲ့ ရင့်ကျက်တဲ့ ဝိညာဉ်ရေးရာလမ်းညွှန်ချက်တွေကို ထပ်တလဲလဲ လိုအပ်ပါ တယ်။ ဒါပေမဲ့ အဲဒါက ဘယ်လိုဆွဲဆောင်မှုပုံစံမျိုးပဲရှိနေပါစေ ဘုရားသခင်ရဲ့ သန့်ရှင်းသူတွေဆီကလာတဲ့ ဖွင့်ပြချက် တစ်ခုတည်းကိုပဲ မိမိတို့ကိုယ်မိမိ အပြည့်အဝ အပ်နှံလို့မရပါဘူး။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့စကား တော်ကို နားထောင်ပြီး နောက်တော်ကိုလိုက်ဖို့ရန် တာဝန်ရှိပါတယ်။"

"စာနဲ့ရေးသားထားတဲ့ ဘုရားသခင်ရဲ့နှုတ်ကပါတ်တော်ကို ကျွန်ုပ်တို့ မထီမဲ့မြင်မပြုသင့်ပါဘူး။ ဝိညာဉ်တော်မှုတ်သွင်းထားတဲ့ နှုတ်ကပါတ်တော်သမ္မာတရားဟာ ကျွပ်တို့ရဲ့အသက်တာနဲ့ တိုးတက်မှု အတွက် အင်မတန်အရေးပါပြီး အဲဒါမပါဘဲနဲ့ ကျွန်ုပ်တို့အသက်ရှင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သခင်ယေရှု ခရစ်ကိုယ်တော်တိုင်ထက် သမ္မာကျမ်းစာရဲ့စကားလုံးတွေကို ကျွန်ုပ်တို့ရဲ့ နောက်ဆုံးသော အာဏာပိုင် အဖြစ်ရှုမြင်တတ်ခြင်းကြောင့် အန္တရာယ်ကြုံတွေ့နေရသူတွေလည်း ကျွန်ုပ်တို့ထဲမှာ ရှိနိုင်ပါတယ်။ သမ္မာကျမ်းစာမှာပြောထားတဲ့အရာတွေကို ဘာသာရေးဆန်ဆန်နဲ့ အသေးစိတ်လိုက်နာဆောင်ရွက်ဖို့ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားပြီး အဲဒါအတွက် ဘုရားသခင်က ကျွန်ုပ်တို့ကို ဂုဏ်ပြုကောင်း ဂုဏ်ပြုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့သမ္မာကျမ်းစာကိုအသုံးပြုပုံဟာ ခရစ်တော်ကိုယ်တိုင်ရဲ့ အရှင်သခင်ဖြစ်ခြင်းအခွင့်အာဏာကို စိန်ခေါ်လာတဲ့အနေအထားအထိ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ ချီးမြှောက်မယ်ဆိုရင် ခရစ်တော်နဲ့ ဆိုးရွားစွာ ဆက်ဆံရေးပြတ်တောက်သွားနိုင်တဲ့ အန္တရာယ်ရှိနေ ပါတယ်။"

"(ခရစ်ယာန်ဘာသာဟာ) ဘုရားသခင်ပေးထားတဲ့ အခြားအထောက် အပံ့အရင်းအမြစ်တွေကို လက်ခံ ယုံကြည်ပေမယ့် အဲဒါနဲ့တင်လမ်းမဆုံးဘဲဘုရားသခင်ရဲ့အလိုတော်နဲ့ပတ်သက်ပြီး ကိုယ်ပိုင်အတွေ့အကြုံ ဖြစ်တဲ့ ကိုယ်တိုင်ကိုယ်ကျ နားလည်သိမြင်နိုင်စွမ်းကို တောင်းဆိုပါတယ်။"

လမ်းညွှန်မှုရရှိရန်အတွက် လျှို့ဝှက်ချက်သည် ဘုရားသခင်၏အသံတော်အား ကြားရခြင်းအပေါ်၌ မှီတည် လျက်ရှိသည်။

အနှစ်ချုပ်

၁။ ဘုရားသခင်၏လမ်းညွှန်မှုကို ရှာဖွေသည့်အခါ သမ္မာကျမ်းစာ၏ သွန်သင်ချက်အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်တို့အား လမ်းပြသည်။

(က) ကဏ္ဍများစွာ၌ ဘုရားသခင်၏အလိုတော် မည်သို့ရှိသည် ကို ဖော်ပြထားပြီးသားဖြစ်သည်။

(ခ) ကျွန်ုပ်တို့၏ နေ့စဉ်သမ္မာကျမ်းစာဖတ်ရှုခြင်း၌ ကျမ်းပိုဒ်တစ်ပိုဒ်အားဖြင့် ကျွန်ုပ်တို့အား ဘုရားသခင် လမ်းပြကောင်းလမ်းပြနိုင်သည်။ သို့ရာတွင် မည်သည့်ကိစ္စ အတွက်မဆို ဤအချက် အား တစ်ခုတည်းသော လမ်းညွှန်မှုအခြေခံအဖြစ် ဘယ်တော့မှ မသတ်မှတ်သင့်ပေ။

၂။ ဖြစ်ရပ်အခြေအနေများက ဖော်ပြသည့်သက်သေမှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား မကြာခဏ စကားပြောပါသည်။

(က) ကျွန်ုပ်တို့ရရှိထားသည့် လမ်းညွှန်မှုကိုအတည်ပြုရန်၊ သို့မဟုတ် မှားယွင်းသည့်ခြေလှမ်းကို မလှမ်း မိစေရန် ဖြစ်ရပ်အခြေအနေများကို ဘုရားသခင် အသုံးပြုနိုင်သည်။

(ခ) သို့ရာတွင် စာတန်ကလည်း ကျွန်ုပ်တို့၏အခြေအနေများကို အတိုင်းအတာတစ်ခုအထိ အမိန့်ပေး နိုင်ကြောင်း သတိပြုသင့်သည်။ ထို့ကြောင့် အခြေအနေများသည် ဘုရားသခင်၏ အလိုတော်ကို အမြဲတမ်းညွှန်ပြနေသည့် လက္ခဏာတစ်ရပ် မဟုတ်ပေ။

(ဂ) ဘုရားသခင်သည် အချို့အချိန်များတွင် အခြေအနေများနှင့် ဆန့်ကျင်ဘက်သို့ ကျွန်ုပ်တို့အား ပို့ဆောင်ကောင်း ပို့ဆောင်နိုင်သည်။ အခြေအနေများကို ပြောင်းလဲပေးခြင်းဖြင့် သူ၏အလို တော်ကိုဖော်ပြရန်လည်း ဘုရားသခင်အား ကျွန်ုပ်တို့ တောင်းလျှောက်နိုင်ပါသည်။

(ဃ) ဘုရားသခင်သည် နိမိတ်လက္ခဏာအားဖြင့် သူ၏လမ်းညွှန်မှုကို ရံဖန်ရံခါ အတည်ပြုပေးနိုင်ပါ သည်။ သို့ရာတွင် နိမိတ်လက္ခဏာကိုတောင်းဆိုခြင်းသည် ဝိညာဉ်ရေးရာ မရင့်ကျက်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်ပြီး ထိုကဲ့သို့သော အခြေအနေမှ ကျွန်ုပ်တို့ အမြန်ဆုံးရုန်းထွက်လွတ်မြောက် ကာ ကြီးထွားသင့်သည်။

၃။ အခြားသောယုံကြည်သူများ၏ အကြံဉာဏ်မှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်တို့အား စကားပြောနိုင်ပါသည်။

(က) ကျွန်ုပ်တို့သည် သူ၏အလိုတော်နှင့်လွဲချော်မသွားစေရန် ကာကွယ်ပေးမှုအဖြစ် ဤပြဋ္ဌာန်းချက် အား ဘုရားသခင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

(ခ) ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူတို့ပေးသည့် အကြံဉာဏ်သည် အကြောင်းကိစ္စတစ်ခုကို ရှုမြင်ရာတွင် ကျွန်ုပ်တို့ စဉ်းစားဆင်ခြင်ရန်ပျက်ကွက်ခဲ့သည့် အခြားသော ရှုထောင့်များမှ ကြည့်မြင်တတ်စေပါသည်။

(ဂ) ကျွန်ုပ်တို့သည် အချို့အချိန်များ၌ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူတို့၏ အကြံဉာဏ်ကို ဂရုပြုအလေးထားသင့်ပြီး အချို့အချိန်များတွင် သူတို့ပေးသောအကြံဉာဏ် နှင့်ဆန့်ကျင်၍ လုပ်ဆောင်ရနိုင်ပါသည်။

အခန်း 5
အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘုရား၏ခေါ်သံ

လူငယ်များအနေဖြင့် လမ်းညွှန်မှုရှာဖွေရာ၌ ကြုံတွေ့ရသည့် ပထမဆုံးသော အဓိကပြဿနာများထဲမှ တစ်ခုမှာ ဘုရားသခင်သည် သူတို့အား မည်သည့်အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်စေချင်သည်၊ မည်သည့်နေရာ၌ အလုပ်လုပ်စေချင်သည်ကို သိရှိဖို့ရန်ဖြစ်သည်။

အလုပ်အကိုင်ရွေးချယ်ရာ၌ ဘုရားသခင်၏ ပြီးပြည့်စုံသော အလိုတော်ကို အချိန်ပြည့်ခရစ်ယာန်အမှု တော်ဆောင်လုပ်ရန် ဆင်ခြင်စဉ်းစားနေသူများသာ ရှာဖွေရန်မဟုတ်ဘဲ ယုံကြည်သူတိုင်း ရှာဖွေရမည့် အရာဖြစ်သည်။ အခန်း (၁) ၌ဖော်ပြခဲ့သလိုပင် ဘုရားသခင်သည် သူ၏သားသမီး တစ်ယောက်ချင်းစီ တိုင်းအတွက် လုပ်ကိုင်ရမည့် အသက်မွေးဝမ်းကျောင်းအလုပ်ကို ပြင်ဆင်ပေးထားပြီးဖြစ်သည်။ ထိုအရာသည် မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ်တို့ရှာဖွေဖော်ထုတ်ရန် အရေးကြီးပါသည်။ အကယ်၍ ဘုရားသခင်က သင့်အား ကျောင်းတစ်ကျောင်း၌ ဆရာ၊ သို့မဟုတ် ဆရာမ ဖြစ်လာရန် ခေါ်ယူသော်လည်း သင်က သင်းအုပ်ဆရာတစ်ဦးဖြစ်လာသည် ဆိုပါက သင်သည် နာခံမှုမရှိခြင်းဖြစ်သည်။ ဘုရားသခင်သည် သင့်အား ဆရာဝန်တစ်ဦးဖြစ်စေချင်ပါက ဧဝံဂေလိတရားဟောဆရာတစ်ဦး ဖြစ်လာရန် မကြိုးစားပါနှင့်။ အလားတူပင် ဘုရားသခင်က သင့်အား ခရစ်ယာန် အမှုတော်ဆောင်အဖြစ် သီးသန့်လုပ်စေလိုပါက လောကီအသက်မွေးဝမ်း ကျောင်းအလုပ်ကို မလုပ်ပါနှင့်။

ဘုရားသခင်ရွေးချယ်ပေးသည့် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်

ယုံကြည်သူတိုင်းသည် အချိန်ပြည့်ခရစ်ယာန်အမှုတော်လုပ်ငန်း၌ ပါဝင်မနေသည့်တိုင် သခင်ယေရှု ခရစ်တော်၏ အချိန်ပြည့်သက်သေခံများ ဖြစ်သင့်ပါသည်။ သူ၏အလုပ်အကိုင်အကြောင်း အမေးခံရသည့် ဆရာဝန်တစ်ဦးက "ကျွန်တော့်ရဲ့အလုပ်အကိုင်က သခင်ယေရှုခရစ်တော်ရဲ့ အချိန်ပြည့် သက်သေခံ တစ်ဦးဖြစ်ပြီး ဝိညာဉ်တွေကို သခင့်ထံခေါ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ အသုံးစရိတ်တွေကို ပေးချေဖို့ အတွက်ကတော့ ဆရာဝန်အလုပ် လုပ်ပါတယ်" ဟု ပြန်ဖြေခဲ့သည်။ အကယ်စင်စစ် ထိုသူ၌ မှန်ကန်သည့် အမြင်ရှုထောင့်ရှိနေပါသည်။

အသက်မွေးဝမ်းကျောင်းအလုပ်ကို အဆိုပါရှုထောင့်မှ ကြည့်တတ်မည်ဆိုပါက ဘုရားသခင်၏ အလိုတော်နှင့် လွဲချော်မည်ကို ကျွန်ုပ်တို့ စိုးရိမ်စရာမလိုအပ်တော့ပေ။ ပုဂ္ဂိုလ်ရေးဆိုင်ရာတိုးတက်မှု များနှင့် ဂုဏ်ဒြပ်များက ကျွန်ုပ်တို့၏ရွေးချယ်မှုအပေါ်လွှမ်မိုးသည့်အခါ ကျွန်ုပ်တို့လမ်းလွဲသွား တတ်ပါ သည်။

ငယ်ရွယ်သည့်ယုံကြည်သူတစ်ဦးသည် ဤနယ်ပယ်၌ ဘုရားသခင်၏အလိုတော်ကို ရှာဖွေရာတွင် မည်ကဲ့သို့ လုပ်ဆောင်သင့်သနည်း။ သူ၌ အသက်မွေးဝမ်းကျောင်းရွေးချယ်ရန် အခွင့်အလမ်း ရှိနေသေး သည်ဆိုလျှင် သူ၏ဉာဏ်ရည်ဉာဏ်သွေးကို ထည့်သွင်းစဉ်းစားကာ သူနှင့် အသင့်တော်ဆုံး အသက်မွေး ဝမ်းကျောင်းအလုပ်အတွက် သင်ယူလေ့လာရန် ကြိုးစားသင့်ပါသည်။ သို့ရာတွင် သူ့အနေဖြင့် ဆုများများ တောင်းပြီးမှသာ အလုပ်အကိုင်ကို ရွေးချယ်သင့်ပါသည်။ ဆုတောင်းပြီးနောက် သူ၏ဝိညာဉ်ထဲ၌ အဟန့်အတားမရှိပါက ရှေ့ဆက်လှမ်းကာ သူနှင့်အသင့်တော်ဆုံး အသက်မွေးဝမ်းကျောင်းကို စဉ်းစားသင့် ပါသည်။ အခြားသူတစ်ဦးက သူ့အတွက် ရွေးချယ်ပေးသည့် အသက်မွေးဝမ်းကျောင်းကိုလုပ်ကိုင်ရန် ဖိအားပေးခံရမှုကို သူ့အနေဖြင့် ဘယ်တော့မှ ခွင့်မပြုသင့်ပေ။

တက္ကသိုလ်၌ ဘာသာရပ်သင်ရိုးတစ်ခုကို တက်ရောက်သင်ကြားနေပြီဖြစ်သောသူများသည် သူတို့၏ အသက်မွေဝမ်းကျောင်းကိုရွေးချယ်ရာ၌ အကန့်အသတ်ရှိကောင်းရှိနိုင်ပါသည်။ သူတို့သည် ဘုရားသခင် ၏အလိုတော်နှင့် လွဲချော်သွားပြီလားဟူ၍ စိုးရိမ်စရာမလိုပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏လမ်းတော် များကို မသိနားမလည်သောအခါ၌ပင် ဘုရားသခင်သည် ကျွန်ုပ်တို့အသက်တာ၌ အပြည့်အဝ ထိန်းချုပ် အုပ်စိုးတော်မူလျက်ရှိပါသည်။ ဘုရားသခင်ထံ ကျွန်ုပ်တို့ လက်မြှောက်အရှုံးပေးမအပ်နှံမီ အချိန်အတော် ကြာကတည်းကပင် ဘုရားသခင်သည် ကျွန်ုပ်တို့မသိလိုက်ဘဲ ကျွန်ုပ်တို့အပေါ်၌ သူ၏လက်တော်ကို တင်ကာ ကျွန်ုပ်တို့၏ ဘဝလမ်းကြောင်း ကို ထိန်းကျောင်းပဲ့ပြင်လျက်ရှိပါသည်။ သူသည် ကျွန်ုပ်တို့နှင့် စကားပြောပြီးမှသာ ကျွန်ုပ်တို့၌တာဝန်ရှိသည်ဟု ဘုရားသခင်က ယူဆသည်။

ဘုရားသခင်ရွေးချယ်ပေးသည့်နေရာ

ယုံကြည်သူတစ်ဦးသည် ကျောင်းပြီးချိန်၌ ဘုရားသခင်ရွေးချယ်ပေးသောနေရာသို့ သွားရောက်နိုင်ရန် အတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့်ဆိုင်သည့် မှန်ကန်သောသတင်းအချက်အလက်များကို ဘုရားသခင်ပေးသနားကာ မှန်ကန်သည့်လူများ၊ အဖွဲ့အစည်းများနှင့်အဆက်အသွယ်ရရှိစေရန် သူ၏ ကျောင်းသားဘဝတစ်လျှောက်လုံးတွင် များစွာဆုတောင်းသင့်ပါသည်။ ရှင်မဿဲခရစ်ဝင် ၉:၃၇ ၌ ပါရှိသော "စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည်နည်းကြ၏"ဟူသော သခင်ဘုရား၏ စကား တော်များကို စိတ်နှလုံးထဲ အစဉ်အမြဲမှတ်သားထားသင့်ပါသည်။ ရှင်ယောဟန် ခရစ်ဝင် ၄:၃၅ ၌ ပါရှိသော သခင်ဘုရား၏အမိန့်တော်များကို နာခံသည့်အနေဖြင့် မိမိနိုင်ငံတွင်းနှင့် ကမ္ဘာအရပ်ရပ်ရှိ သခင်ဘုရား၏ အမှုတော်လုပ်ငန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကိုရရှိနိုင်ရန် ရှာဖွေသင့်ပါသည်။ ကျောင်းဆရာ အလုပ်ဖြစ်စေ၊ သူနာပြု၊ သို့မဟုတ် အင်ဂျင်နီယာအလုပ်ဖြစ်စေ မည်သည့်အသက်မွေးဝမ်းကျောင်းကို လုပ်ရသည်ဖြစ်စေ မိမိအား ဘုရားသခင်သွားစေလိုသည့် မည်သည့်နေရာကိုမဆို သွားရန် အဆင်သင့်ဖြစ် နေသင့်ပါသည်။ လူများစွာတို့သည် တစ်ကိုယ်ရေတစ်ကာယ သက်သောင့်သက်သာဖြစ်မှုကို ရှာဖွေကြပြီး ဧဝံဂေလိသတင်းကောင်းပျံ့နှံ့ရေးနှင့် ဝိညာဉ်များ ကယ်တင်ခြင်းရရှိရေးအတွက် လုံးဝစိတ်ဝင်စားခြင်း မရှိ ကြသည်မှာ ရှက်ဖွယ်ပင်ဖြစ်သည်။

ထို့နောက် သူသည် သူ့အပေါ်စိတ်ဝင်တစားရှိကာ သူအလုပ် အကိုင်ရှာဖွေနေသည့် နယ်ပယ်များရှိ အခြေ အနေများကို သိရှိနားလည်သော (သူ၏နေရင်းအရပ်၊ သို့မဟုတ် အခြားနေရာများရှိ) ရင့်ကျက်သော ယုံကြည်သူများ၏အကြံဉာဏ်နှင့် ဆုတောင်းမိတ်သဟာယဖွဲ့ခြင်းကို ကြိုးစားရှာဖွေရမည်ဖြစ်သည်။ သူကြုံတွေ့နေရသည့်အခြေအနေများမှတစ်ဆင့် ဘုရားသခင် သူ့အားပြောနေသည့်အရာကိုလည်း နားလည်သဘောပေါက်နိုင်ရန် ကြိုးစားသင့်ပါသည်။ ဤအချက်အလက်များအားလုံးကို လက်ဝယ်ရရှိ ထားပြီး ဆုံးဖြတ်ချက်တစ်ခုချရန် နီးကပ်လာသောအခါ သန့်ရှင်းသောဝိညာဉ်တော်က သူ၏ဝိညာဉ် အထဲ၌ ပြောနေသည့်အရာကို သေသေချာချာသိရှိနိုင်ရန် ကြိုးစားရမည်ဖြစ်သည်။ ထို့နောက် သူ့အနေဖြင့် မှားသွားပင်လျှင် ဘုရားသခင်သည် သူ့အား ပြန်လည်တည့်မတ်စေမည်ဟုယုံကြည်လျက် နောက်ဆုံး အနေဖြင့် သူ့အထဲ၌ဖော်ပြသော သန့်ရှင်းသောဝိညာဉ်တော်၏သက်သေအပေါ် သူ၏ဆုံးဖြတ်ချက်ကို အခြေပြုရမည်ဖြစ်သည်။

အချိန်ပြည့်ခရစ်ယာန်အမှုတော်လုပ်ငန်း

ဤနေရာ၌ အချိန်ပြည့် ခရစ်ယာန်အမှုတော်လုပ်ငန်းနှင့်ပတ်သက်၍ ပြောစရာအနည်းငယ်သာရှိပြီး ဥပမာအနေဖြင့် သာသနာပြု၊ ဧဝံဂေလိတရားဟောဆရာ၊ ကျမ်းစာသင်ကြားပေးသည့်ဆရာ၊ သို့မဟုတ် သင်းအုပ်ဆရာအနေအဖြင့် နှုတ်ကပါတ်တော်ဆိုင်ရာအမှုတော်လုပ်ငန်း၌ သီးသန့်ပါဝင်အမှုတော်ဆောင် ရန် ခေါ်ယူတော်မူခြင်းဖြစ်သည်။ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် ဗိမာန်တော်ဆိုင်ရာ အမှုတော် လုပ်ငန်း၌ပါဝင်ရန် အမျိုးအနွယ် ၁၂ ခုထဲမှ တစ်မျိုးနွယ်ကိုသာ ခေါ်ယူတော်မူခဲ့သလိုပင် အချိန်ပြည့်အမှု တော်လုပ်ငန်း၌ပါဝင်ရန် ယုံကြည်သူရာခိုင်နှုန်းအနည်းငယ်ကိုသာ ခေါ်ယူတော်မူသည်။ သို့ရာတွင် သူခေါ်ယူမည်ဆိုပါက သူ၏သားသမီး များအားလုံး အမှုတော်၌ပါဝင်လိုသည့်ဆန္ဒရှိရန် ဘုရားသခင် မျှော်လင့်သည်။ ထို့ကြောင့်ယုံကြည်သူတိုင်းသည် အချိန်ပြည့်အမှုတော်လုပ်ငန်း၌ပါဝင်ရန် ခေါ်ယူခြင်း ကို ဆင်ခြင်စဉ်းစားကာ ဘုရားသခင်သည် မိမိအား ထိုအမှုတော်လုပ်ငန်း၌ ပါဝင်စေရန် အလိုတော်ရှိမရှိ သိရှိရန်အတွက် စိတ်နှလုံးအကြွင်းမဲ့ ကြိုးစားရှာဖွေသင့်သည်။ အချိန်ပြည့်ခရစ်ယာန်အမှုတော်လုပ်ငန်း၌ ပါဝင်ရန် ကြိုစားနေသူတစ်ဦးအနေဖြင့် ဘုရားသခင်သည် သူ့အား ထိုအမှုတော်၌ပါဝင်ရန် ခေါ်ယူနေခြင်း ဖြစ်ကြောင်း လုံးဝစိတ်ချသေချာမှုရှိရန်လိုအပ်ပါသည်။ လောကီအသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူ တစ်ဦးသည်လည်း ဘုရားသခင်သည် သူ့အား ထိုအလုပ်ကိုလုပ်စေလိုကြောင်း ထပ်တူထပ်မျှ စိတ်ချသေချာမှုရှိရန် လိုပါသည်။ ဧဝံဂေလိတရားဟောဆရာ၊ သို့မဟုတ် သာသနာပြုဆရာအဖြစ် ခေါ်ယူတော်မူခြင်းသည် အင်ဂျင်နီယာ၊ သို့မဟုတ် စာရင်းကိုင်တစ်ဦးအဖြစ် ခေါ်ယူတော်မူခြင်းထက် ဝိညာဉ်ရေးရာ ပိုမိုပြည့်ဝ နေခြင်းမျိုး မဟုတ်ပါ။ အရေးကြီးသည့်အရာမှာ ဘုရားသခင် သင့်အား ဖြစ်လာစေချင်သည့်အတိုင်း ဖြစ်လာဖို့ရန်ဖြစ်သည်။ အချိန်ပြည့်ခရစ်ယာန် အမှုတော်လုပ်ငန်းထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်ချက်ကို အစည်းအဝေးတစ်ခု၏ ခံစားချက်များတင်းမာပြင်းထန်နေသည့် အငွေ့အသက်အောက်၌ မဟုတ်ဘဲ၊ သို့မဟုတ် မည်သူတစ်ဦး တစ်ယောက်၏ဖိအားကြောင့်မှ မဟုတ်ဘဲ စိတ်အေးအေးထားကာ ချမှတ်သင့်သည်။ အလျင်စလိုပြုလုပ်မိသည့် ဆုံးဖြတ်ချက်များကြောင့် နောက်မှ နောင်တရတတ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ဆုံးဖြတ်ချက်မချမီ သူ၏အလိုတော်အား စိတ်ချ သေချာစွာသိရှိရန် ကျွန်ုပ်တို့အား ပြည့်ဝလုံလောက်သည့်အချိန်ကို အမြဲ တမ်းပေးပါသည်။

သီးသန့်ခရစ်ယာန်အမှုတော်လုပ်ငန်း၌ပါဝင်ရန် ခေါ်ယူတော်မူခြင်းကို လွယ်ကူစွာ အဓိပ္ပာယ်သတ်မှတ်၍ မရနိုင်ပါ။ အခြားသော လမ်းညွှန်မှုများကဲ့သို့ပင် ၎င်းသည် လူအမျိုးမျိုးထံသို့ ပုံစံအမျိုးမျိုးဖြင့် ရောက်ရှိ လာတတ်ပါသည်။ အချို့သောရှားပါးဖြစ်ရပ်များ၌ ၎င်းသည် ရူပါရုံ တစ်ခုအားဖြင့်၊ သို့မဟုတ် နားဖြင့် ကြားနိုင်သောအသံအားဖြင့် ရောက်ရှိလာ တတ်ပါသည်။ ၂ဝ ရာစုအစောပိုင်းကာလတွင် တရုတ်ပြည်၌ ရှေ့ဆောင်သာသနာပြုဖြစ်သော အက်စသာဘတ်တလာ (Esther Butler) သည် ဘုရားသခင်က သူ့အား သာသနာပြုအဖြစ် ခေါ်ယူတော်မူသည့်အချိန်က လူစည်ကားလျက်ရှိသော တရုတ်လမ်းတစ်လမ်းအား ရူပါရုံထဲ၌ တွေ့ရှိခဲ့ရသည်ဟု ဆိုပါသည်။ နောက်ပိုင်းတွင် နန်ကျင်းမြို့သို့ သူရောက်ရှိလာသည့်အခါ မျက်နှာသွင်ပြင်များနှင့်နေရာများကို သူ ရှင်းရှင်းလင်းလင်း မှတ်မိခဲ့သည်။

အခြားသူအများအတွက် ခေါ်ယူတော်မူခြင်းသည် မွန်မြတ်သန့်ရှင်းသော ကျိုးကြောင်းဆင်ခြင်တွေးခေါ်မှု အပေါ် လုံးလုံးအခြေခံသည့် အတွင်းနှိုးဆော်မှုတစ်ရပ်အနေအဖြစ် ရောက်ရှိလာသည်။ ဂျွန်ဂျီပက်တန် (John G Paton) သည် စကော့တလန်မှ တောင်ပစိဖိတ်ကျွန်းများသို့ သာသနာပြုအဖြစ် သွားရောက်ခဲ့ ခြင်းမှာ ထိုဒေသရှိလူများသည် စကော့တလန်ရှိလူများထက် ဧဝံဂေလိသတင်းကောင်းကိုကြားရန် ပိုမို အခွင့်အရေးနည်းပါးသည်ဟု သူခံစားခဲ့ရသောကြောင့်ဖြစ်သည်။ ဂျိမ်းစ်ဂေးလ်မော (James Gilmour) သည် သူ၏မိခင်နိုင်ငံတွင် အမှုတော်ဆောင်ရန် ခေါ်ယူတော်မူခြင်းကို မရရှိခဲ့သောကြောင့် မွန်ဂိုလီးယား နိုင်ငံသို့ သူသွားခဲ့သည်။ ထိုနေရာများ၌ ဘုရားသခင်အတွက် သူတို့ရရှိခဲ့သည့် အောင်မြင်မှုများသည် သူတို့၏အသက်တာ၌ ဘုရားသခင်၏ပြီးပြည့်စုံသောအလိုတော်တိုင်း အသက်ရှင်လျှောက်လှမ်းခဲ့ သည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြလျက်ရှိသည်။

ခေါ်ယူတော်မူခြင်းသည် မည်သည့်ပုံစံနှင့်ရောက်လာသည်ဖြစ်စေ အရေးမကြီးသော်လည်း သီးသန့် ခရစ်ယာန်အမှုတော်လုပ်ငန်းထဲသို့ ဝင်ရောက်လာသူတစ်ဦးအနေဖြင့် ဘုရားသခင်၏ခေါ်ယူတော်မူ ခြင်းကို စိတ်ချသေချာမှုမရှိ၍ မရနိုင်ပါ။ ထိုသူသည် ထိုအမှုတော်လုပ်ငန်းထဲသို့ဝင်ရောက်ရန် မိမိကိုယ်မိမိ ရွေးချယ်ခန့်အပ်၍မရနိုင်သလို့ အခြားသူတစ်ဦးကလည်း သူ့အား ရွေးချယ်ခန့်ထား၍ မရနိုင်ပါ။ ထိုအခွင့် အာဏာသည် ဘုရားသခင်၏လက်တော်ထဲ၌ ထာဝရဆက်လက်တည်ရှိနေမည်ဖြစ်သည်။

ဖြစ်ရပ်အများစုတွင် အချိန်ပြည့်ခရစ်ယာန်အမှုတော်လုပ်ငန်းထဲသို့ ခေါ်ယူတော်မူခြင်းခံရသူသည် အခြေအနေများနှင့် ဝိညာဉ်တော်နှင့် ပြည့်ဝသော ယုံကြည်သူများမှတစ်ဆင့် ဘုရားသခင်က သူ၏ ခေါ်ယူတော်မူခြင်းကိုအတည်ပြုပေးသည်ကို တွေ့ရှိရလိမ့်မည်ဖြစ်သည်။ သို့ရာတွင် ဤစည်းမျဉ်းနှင့် ပတ်သက်၍ ခြွင်းချက်များရှိခဲ့သလို ဆက်၍ရှိနေဦးမည် ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်အား ပုံသေ သတ်မှတ်ထားသည့်ပုံစံဖြင့် ချုပ်ကိုင်၍မရနိုင်သောကြာင့်ဖြစ်သည်။ သို့ရာတွင် အောက်ပါကဲ့သို့ အချို့ သောလမ်းညွှန်ချက်များကို ချမှတ်၍ ရနိုင်ပါသည်။ ဘုရားသခင်သည် မိမိတို့၏လောကီအလုပ်အကိုင်များ တွင် သူ၏အမှုတော်မြတ်အတွက် တက်ကြွစွာလုပ်ဆောင်နေသူများကို ခေါ်ယူတော်မူသည်။ ဘုရားသခင် သည် မိမိတို့၏ လက်ရှိအခြေအနေများတွင် သူ၏သက်သေခံများဖြစ်ရန် ကြိုးစားလုပ်ဆောင်နေသူ များကို ခေါ်ယူတော်မူသည်။ ဘုရားသခင်သည် သူ့အား လုံ့လဝီရိယဖြင့် ကြိုးစား၍ရှာဖွေသူများကို ချီးမြှင့် ကျေးဇူးပြုတော်မူသည်။

ဘုရားသခင်၏ခေါ်ယူတော်မူခြင်းသည် အပြောင်းအလဲမရှိ ပုံသေတည်ငြိမ်နေသည့်အရာတစ်ခု မဟုတ်ကြောင်းကို ကျွန်ုပ်တို့ သတိရရန် လိုပါသည်။ ဘုရားသခင်သည် အချိန်အတိုင်းအတာတစ်ခုအထိ သီးသန့်ခရစ်ယာန်အမှုတော်လုပ်ငန်း၌ ပါဝင်ရန် သင့်အား ပို့ဆောင်နိုင်ပြီး ထို့နောက် လောကီအလုပ် တစ်ခု၌ သူ၏သက်သေဖြစ်လာရန် သင့်အား ပို့ဆောင်နိုင်ပါသည်။ အလုပ်အကိုင်များနှင့် အခြေအနေများ မည်သို့ပင်ပြောင်းလဲပါစေ ဘုရားသခင်နှင့်အတူရွေ့လျားလှုပ်ရှားရန်နှင့် လူတို့၏ရိုးရာထုံးစံဓလေ့များနှင့် သဘောထားအမြင်များ၏ လွှမ်းမိုးချည်နှောင်မှုအောက်၌ ဆက်လက်မရှင်သန်ရန် သင့်အနေဖြင့် ဆန္ဒ ရှိရမည်ဖြစ်သည်။

ကျွန်ုပ်တို့သည် လောကီအလုပ်အကိုင်ထဲ၌ ရှိနေသည်ဖြစ်စေ၊ သို့မဟုတ် အချိန်ပြည့်ခရစ်ယာန် အမှုတော် လုပ်ငန်းထဲ၌ရှိနေသည်ဖြစ်စေ ဘုရားသခင်၏အစေခံတစ်ဦးဖြစ်လာရန် ကျွန်ုပ်တို့အား တန်းတူညီမျှ ခေါ်ယူတော်မူသည်။ လုပ်ရသည့်အလုပ်၏သဘောသဘာဝနှင့်နယ်ပယ် ကွဲပြားနိုင် သော်လည်း ကျွန်ုပ်တို့သည် အခြားသူများရှေ့၌ ဘုရားသခင်အား ထိုက်တန်မှုရှိစွာ ကိုယ်စားပြုရန်နှင့် လူတို့သည် ကိုယ်တော့်အား ကယ်တင်တော်မူသောအရှင်အဖြစ်သိကျွမ်းရန်အတွက် ခေါ်ဆောင်လာရန် ကျွန်ုပ်တို့ အား ခေါ်ယူတော်မူသည်။ ဘုရားသခင်၏ ကြီးမားကျယ်ပြန့်လှသော စပျစ်ဥယျာဉ်တော်၌ သင့်အတွက် သီးခြားနေရာတစ်ခု ရှိနေပါသည်။ There's a work for Jesus none but you can do ဟူသည့် ဓမ္မသီချင်း၌ ဆိုထားသလိုပင် "သခင်ယေရှုအတွက် သင်တစ်ဦးတည်းသာ လုပ်ဆောင်နိုင်သည့် အလုပ်ရှိ နေပါသည်"။ ထိုအလုပ်သည် မည်သည့်အလုပ်ဖြစ်သည်ကို ရှာဖွေရန်နှင့် ထိုအလုပ်အား ကျေပွန်အောင် အကောင်ထည်ဖော်ဆောင်ရွက်ရန်မှာ သင်၏တာဝန်ဖြစ်သည်။

"ဤအလုပ်အားလုပ်ဆောင်ရန် ဘုရားသခင် သင့်အားခွဲခန့်မှတ်သားထားသည်ဖြစ်၍ ဘုရားသခင်အား စိတ်မပျက်စေနှင့်" (ကောလောသဲ ၄:၁၇ - JBP)။

အနှစ်ချုပ်

၁။ သင့်အတွက် သီးသန့်အသက်မွေးဝမ်းကျောင်းအလုပ်ကို ဘုရား သခင် ပြင်ဆင် ထားပြီးဖြစ်သည်။ သင့်တာဝန်မှာ ထိုအလုပ်အား ကျေပွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်သည်။

၂။ မည်သည့်အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ ယုံကြည်သူတိုင်းသည် သခင် ယေရှု၏ အချိန်ပြည့်သက်သေခံများဖြစ်လာရန် ခေါ်ယူတော်မူခြင်းခံရသည်။

၃။ မိမိ၏အသက်မွေးဝမ်းကျောင်းအလုပ်အတွက် ဘုရားသခင်ထံမှ လမ်းညွှန်မှုကို ရှာဖွေနေသည့် လူငယ် တစ်ဦးသည် ဘုရားသခင်ထံမှ ဆန့်ကျင်ဘက်ညွှန်ပြချက် မရရှိသောအခါ သူနှင့်အကိုက်ညီဆုံးအလုပ်ကို လုပ်ကိုင်ရန်အတွက် မိမိကိုယ်မိမိ ပြင်ဆင်ရန် ကြိုးစားသင့်ပါသည်။

၄။ လူငယ်တစ်ဦးသည် အလုပ်အကိုင်ရှာဖွေရာ၌ အမျိုမျိုးသော နေရာဒေသများတွင် ဘုရားသခင်၏ အမှုတော်လုပ်ငန်းအတွက် လိုအပ်ချက်များနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ရှာဖွေသင့် ပါသည်။

၅။ သူသည် ဆုများများတောင်းသင့်ကာ ရင့်ကျက်သည့်ယုံကြည်သူများနှင့် ဆွေးနွေးတိုင်ပင်ပြီး သူ၏ အခြေအနေများကို သုံးသပ်ပြီးနောက် နောက်ဆုံးအနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကဖော်ပြသော အတွင်းသက်သေ၏လမ်းညွှန်မှုကို ခံယူသင့်ပါသည်။

၆။ ဘုရားသခင်ထံမှ ရှင်းလင်းပြတ်သားသည့် ခေါ်ယူတော်မူခြင်းကိုမရရှိဘဲ မည်သူမှ အချိန်ပြည့် ခရစ်ယာန်အမှုတော်လုပ်ငန်းသို့ မဝင်ရောက်သင့်ပေ။

၇။ ဘုရားသခင်၏ခေါ်ယူတော်မူခြင်းသည် လှုပ်ရှားပြောင်းလဲလျက်ရှိပါသည်။ ဘုရားသခင် ခေါ်ယူတော် မူသောအခါ မည်သည့်အလုပ်အကိုင်နယ်ပယ်ပင်ဖြစ်ပါစေ ကျွန်ုပ်တို့သည် သူနှင့်အတူ ပြောင်းရွှေ့ ဝင်ရောက်ရန် ဆန္ဒရှိရမည်ဖြစ်သည်။

အခန်း 6
အဆုံးသတ်စဥ်းစားဆင်ခြင်ရမည့်အချက်

ယခုဆိုလျှင် မမှားနိုင်သောလမ်းညွှန်မှုရရှိရန်အတွက် ပြီးပြည့်စုံသောပုံသေနည်းမရှိကြောင်းကို စာဖတ်သူ အနေဖြင့် ရှင်းရှင်းလင်းလင်းနားလည် သဘောပေါက်နိုင်ပြီဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်ကိုရှာဖွေရာ၌ မကြာခဏဆိုသလို စိတ်ရှုပ်ထွေးမှုများ ကြုံတွေ့ရလေ့ရှိသည်။ ဘုရားသခင် သည် ဤအရာအားခွင့်ပြုရခြင်းမှာ ကျွန်ုပ်တို့သည် သူနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာခြင်းဖြင့် သူ၏စိတ်နှလုံး ကို ပိုမိုသိရှိနားလည်လာကာ သူ၏အသက်အား ပိုမိုလက်ခံရယူနိုင်ရန်အတွက်ဖြစ်သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့၏ရည်ရွယ်ချက်များကို စစ်ထုတ်ရန်အတွက် မရေရာမသေချာသောအချိန် များကိုလည်း အသုံးပြုသည်။ ဘုရားသခင်၏အလိုတော်နှင့်ပတ်သက်၍ မသေချာသောအခါ ကျွန်ုပ်တို့ သည် (အခန်း ၂ တွင်ဖော်ပြခဲ့သည့်) ကိုယ်တော်၏လမ်းညွှန်မှုကိုရရှိရန်အတွက် သတ်မှတ်ချက်များကို ဖြည့်ဆည်းလိုက်နာဆောင်ရွက်ပြီးပြီဖြစ်ကြောင်း သေချာစေရန် မိမိတို့ကိုယ်မိမိ ဆန်းစစ်ရမည်ဖြစ်သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို လေ့ကျင့်ပေးကာ ခိုင်ခံ့စေရန်အတွက် မရေရာမသေချာ စိတ်ရှုပ်ထွေးစရာများကိုလည်း အသုံးပြုသည်။

"သင်တို့တွင်အဘယ်သူသည် ဘုရားသခင်ကိုကြောက်ရွံ့လျက် ကိုယ်တော်၏ကျွန်အား (သခင်ယေရှု ခရစ်တော်) နာခံမှုရှိသနည်း။ အကယ်၍ ထိုသူတို့သည် အလင်းမရှိဘဲ မှောင်မိုက်၌သွားလာလျှင် ထာဝရဘုရားကို ယုံကြည်ကိုးစား၍ မိမိတို့၏ဘုရားသခင်ကို အမှီပြုပါစေ" (ဟေရှာယ ၅ဝ:၁ဝ - TLB)။

ထို့ကြောင့် စိတ်ရှုပ်ထွေးစရာများကို ကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့ရသည့်အခါ အံ့သြခြင်းမရှိသလို စိတ်ပျက် ခြင်းလည်းမရှိပါနှင့်။ တမန်တော်ရှင်ပေါလုပင်လျှင် မကြာခဏ စိတ်ရှုပ်ထွေးခဲ့သော်လည်း သူသည် ဘယ် တော့မှ စိတ်ပျက်အားလျော့ခြင်း မရှိခဲ့သလို လက်မြှောက်အရှုံးပေးခြင်းလည်း မရှိခဲ့ပါ (၂ ကော ၄:၈)။ ဘုရားသခင်သည် တစ်ခါတစ်ရံ၌ သူ၏အလိုတော်ကို ကျွန်ုပ်တို့ ဆုံးဖြတ်ချက်တစ်ခုကိုမချမီအချိန်လေး၌ ဖော်ပြနိုင်သလို ကျွန်ုပ်တို့အား အချိန်အကြာကြီး စောင့်ဆိုင်းစေခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။

မည်သည့်အခြေအနေမျိုး၌ပင်ဖြစ်ပါစေ ဘုရားသခင်သည် အဆင့်တစ်ခုချင်းစီ၌ နောက်ထပ်လှမ်းရမည့် ခြေလှမ်းတစ်လှမ်းကိုသာ ကျွန်ုပ်တို့အားဖော်ပြမည်ဖြစ်သည်။ သူ့အပေါ်၌ ကျွန်ုပ်တို့ တစ်ရက်ချင်းစီ မှီခို အားကိုးကာ အမြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းဖြင့်လျှောက်လှမ်းစေလိုသောကြောင့် ကျွန်ုပ်တို့အား ခြေလှမ်းတစ်လှမ်းချင်းစီ လမ်းပြပို့ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား တစ်ကြိမ်မှာ ခြေလှမ်းတစ်လှမ်းကိုသာ ပြသခြင်းဖြင့် ကိုယ်တော့်အား မှီခိုအားကိုးတတ်လာစေသည်။ အကယ်၍ ဘုရားသခင်သည် ကျွန်ုပ်တို့အား အနာဂတ်တစ်ခုလုံးကို ပြသခဲ့မည်ဆိုလျှင် ကျွန်ုပ်တို့သည် ကိုယ်တော့်ကို အပြည့်အဝနာခံလိုစိတ်ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား တစ်ကြိမ်လျှင် ခြေ လှမ်းတစ်လှမ်းကိုသာပြသပြီး သူ၏အလိုတော်ရှိသမျှကို ဖြည့်ဆည်းဆောင်ရွက်ချင်စိတ် ရှိလာစေရန် ကျွန်ုပ်တို့အား တဖြည်းဖြည်းပုံသွင်းသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အသက်တာအတွက် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေတွေ့ရှိရန် ဘယ်အချိန်မဆို လုပ်ဆောင်ရန်လိုသည်မှာ ကျွန်ုပ်တို့အား ဘုရားသခင် ပြသသည့် နောက်ထပ် လှမ်းရမည့်ခြေတစ်လှမ်းကိုသာ လှမ်းဖို့ရန်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်၏အကြံအစည် တဖြည်းဖြည်းအကောင်အထည်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။

"မိုင်ထောင်ချီခရီးတစ်ခုအား ခြေလှမ်းတစ်လှမ်းဖြင့် အစပြုသည်"ဟု ရှေးဟောင်းတရုတ်စကားပုံတစ်ခု က ဆိုပါသည်။

အာဗြဟံသည် နောက်ဆုံး၌ သူမည်သည့်နေရာသို့သွားနေသည်ကိုမသိရှိဘဲ သူ၏မိခင်တိုင်းပြည်မှ ထွက်ခွာလာခဲ့သည်။ သူ့အား ဘုရားသခင် လမ်းပြပို့ဆောင်နေသည်ဟူသည့် အကြောင်းအရာတစ်ခု တည်းကိုသာ သူသိရှိခဲ့သည် (ဟေဗြဲ ၁၁:၈)။ သူသည် ခြေလှမ်းတိုင်းတွင် ဘုရားသခင်ကိုနာခံခဲ့ပြီး ဘုရားသခင်သည် သူ့အားစိတ်မပျက်စေခဲ့ပေ။ အာဗြဟံပြုခဲ့သကဲ့သို့ ဘုရားသခင်နောက်သို့ လိုက်လျှောက်သူမည်သူမဆို စိတ်ပျက်အားငယ်မှုကို ကြောက်ရွံ့စရာမလိုပေ။

ချီတုံချတုံဖြစ်ခြင်းမှ လွတ်မြောက်ခြင်း

ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ပတ်သက်၍ အပြည့်အဝစိတ်ချသေချာမှု မရှိသေးသော် လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးရမည့် အချိန်များစွာ ရှိလိမ့်မည်ဖြစ်သည်။ ယင်းသည် ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းခြင်းစည်းမျဉ်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး စိတ်ချသေချာမှုဟူသည်မှာ တစ်ခါတစ်ရံ အမြင်အားဖြင့် လျှောက်လှမ်းခြင်းကဲ့သို့ ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့အားနည်းစိတ်ပျက်မည်ကို စိုးရိမ်သော ကြောင့် ဘုရားသခင်သည် တစ်ခါ တစ်ရံ၌ ကျွန်ုပ်တို့အား ရှင်းလင်းပြတ်သားသော စိတ်ချသေချာမှုများကို ပေးပါသည်။ သို့ရာတွင် ကိုယ်တော်သည် အချိန်တော်တော်များများ၌ သူ၏သဘောတူခွင့်ပြုမှု သက်သေ အထောက်အထားများကို မမြင်တွေ့ရဘဲ ကျွန်ုပ်တို့ ရှေ့သို့ခြေလှမ်းလှမ်းရန် မျှော်လင့်ပါသည်။ သန့်ရှင်း သောဝိညာဉ်တော်၏စိတ်သဘောကို ကျွန်ုတို့၏ဉာဏ်စွမ်းရှိသမျှနှင့် သိရှိနားလည်ပြီးနောက် ကျွန်ုပ်တို့ သည် အကန့်အသတ်မရှိစောင့်ဆိုင်းရန်မလိုဘဲ ရှေ့သို့ဆက် လှမ်းသင့်သည်။ "ကျွန်ုပ်တို့ကို လမ်းပြရန် ဘုရားသခင်အပေါ် ယုံကြည်အားကိုးလျက် အစီအစဉ်များကိုချမှတ်သင့်သည်" (သုတ္တံ ၁၆:၉ - TLB) ဟု သမ္မာကျမ်းစာက ပြောသည်။ ထိုကဲ့သို့သောဆုံးဖြတ်ချက်များကို နောက်ပိုင်းတွင် ပြန်ကြည့်လျှင် ကျွန်ုပ်တို့၏အမြင်အာရုံမှုန်ဝါးနေသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့အား လမ်းမလွဲစေခဲ့ကြောင်းကို တွေ့ရှိရမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် ရှေ့မျှော်မှန်းချက်အလားအလာသည် မသေချာမရေရာမှုများ ရှိနိုင်သော်လည်း နောက်ကြောင်းပြန်တွေးကြည့်လျှင် စိတ်ချသေချာမှုနှင့် ဝမ်းမြောက်မှုများစွာ ရှိလိမ့် မည်ဖြစ်သည်။

"ကျွန်ုပ်၏အမြင်အာရုံမှုန်ဝေဝါးခြင်းကပင် ကျွန်ုပ်အားလုံခြုံစေသည်။ အကြောင်းမှာ မြူအတိဖုံးလွှမ်း နေသည့် ကျွန်ုပ်၏လမ်းခရီးကို စမ်းတဝါးဝါး လျှောက်လှမ်းနေစဉ်မှာပင် ကိုယ်တော်၏လက်တော်ကို ကျွန်ုပ် ခံစားရသောကြောင့်ဖြစ်ပြီး "ငါ၏အကူအညီကို စိတ်ချပါ" ဟူသော ကိုယ်တော်၏ စကားသံကို ကျွန်ုပ် ကြားရသည်"

ဂျေအောက်စဝါ့ဆန်းဒါးစ် (J Oswald Sanders) သည် 'ဝိညာဉ်ရေးရာ ခေါင်းဆောင်မှု (Spiritual Leadership)' ဟူသော သူ၏စာအုပ်တွင် ယခုကဲ့သို့ ရေးသားထားသည်။

"ပိုမိုကြီးမားတဲ့အတွေ့အကြုံရှိခြင်းနဲ့ ဘုရားသခင်နဲ့အတူ အချိန်ကြာကြာလျှောက်လှမ်းခြင်းက စိတ်ရှုပ် ထွေးစရာအခြေအနေတွေမှာ ဘုရားသခင်ရဲ့အလိုတော်ကို ပိုင်းခြားသိမြင်ဖို့ ပိုမိုလွယ်ကူစေတယ်လို့ ခေါင်းဆောင်ရာထူးကို ရရှိမထားသူတွေအနေနဲ့ ယူဆကောင်းယူဆနိုင်ပါတယ်။ ဒါပေမဲ့ အခြေအနေက မကြာခဏဆိုသလို ပြောင်းပြန်ဖြစ်တတ်ပါတယ်။ ဘုရားသခင်ဟာ ခေါင်းဆောင်ဖြစ်သူကို ရင့်ကျက်တဲ့ အရွယ်ရောက်သူတစ်ဦးအဖြစ် ရှုမြင်ပြီး သူ့ရဲ့ဝိညာဉ်ရေးရာပိုင်းခြားသိမြင်နိုင်စွမ်းကို ပို၍ အားကိုးစေကာ ခံစားသိရှိလွယ်ပြီး ထိတွေ့သိမြင်နိုင်တဲ့ လမ်းညွှန်မှုဆိုင်ရာ သက်သေအထောက်အထားတွေကို အစော ပိုင်းနှစ်တွေမှာပေးခဲ့သလောက် သူ့ကို မပေးတော့ပါဘူး"။

တရုတ်ကုန်းတွင်းပိုင်းသာသာနာပြုအဖွဲ့အစည်းကို (China Inland Mission)ကို တည်ထောင်သူ ဟတ်ဆန်တေလာ (Hudson Taylor) က သူ၏ငယ်ရွယ်သောနေ့ရက်များတွင် ဘုရားသခင်၏ လမ်းညွှန်မှု သည် ရှင်းရှင်း လင်းလင်းနှင့် မြန်မြန်ဆန်ဆန်ရောက်ရှိလာလေ့ရှိသည်ဟု တစ်ခါက ပြောဖူးပါသည်။

"ဒါပေမဲ့ အခု ဘုရားသခင်က ကျွန်ုပ်ကို ပို၍ ပို၍အသုံးပြုလာပြီး အမှုတော်လုပ်ငန်းမှာတိုးပြီး ပါဝင်လာတဲ့ အခါမှာတော့ ကျွန်ုပ်ဟာ ပိတ်ဆိုင်းနေတဲ့မြူခိုးတွေကြားထဲမှာ လျှောက်သွားနေတဲ့လူတစ်ဦးလိုမျိုး မကြာခဏ ခံစားရပါတယ်။ ဘာဆက်လုပ်ရမလဲဆိုတာ ကျွန်ုပ်မသိပါဘူး"။ ('D.E Hoste' ဟူသည့် စာအုပ်တွင် Phyllis Thompson က ကိုးကားပြောဆိုထားခြင်း ဖြစ်သည်)

သို့ရာတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည့်အချိန်တိုင်း၌ ဘုရားသခင်သည် ဟတ်ဆန်တေလာ၏ ယုံကြည်ကိုးစားမှုကို အမြဲဂုဏ်ပြုခဲ့သည်။ အကယ်၍ မရေရာမသေချာသည့်အခြေအနေတွင် ခြေလှမ်း လှမ်းလိုက်သည့်အတွက် ဘုရားသခင်၏ပြီးပြည့်စုံသောအလိုတော်လမ်းမှ ကျွန်ုပ်တို့လွဲချော် သွားသည့် အခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။ ဟေရှာယ ၃ဝ:၂၁(TLB) ၌ ထားရှိသော ကတိတော်မှာ -

"သင်သည် ဘုရားသခင်၏လမ်းတော်များမှထွက်ခွာလျက် လမ်းလွဲသောအခါ ဤလမ်းသည်မှန်၏၊ ဤလမ်း၌သွားလော့ဟု သင့်နောက်၌ပြော သောစကားသံကို ကြားရလိမ့်မည်" ဟူ၍ ဖြစ်သည်။

ကျွန်ုပ်တို့သည် လမ်းလွဲသောအခါ ကျွန်ုပ်တို့သွားနေသည့်လမ်းကြောင်းကို ပြောင်းလဲပေးရန် ဘုရားသခင် သည် အခြေအနေများကို အမိန့်ပေးညွှန်ကြားနိုင်သည်။ သို့ရာတွင် အခြေအနေတိုင်းအတွက် ကြီးကျယ် ခမ်းနားသည့်လမ်းညွှန်မှုကို စောင့်မျှော်ရင်း အမြဲတမ်း ဘာကိုမှမလုပ်ဘဲနေခြင်းမျိုး မဖြစ်သင့်ပေ။ သင်္ဘောတစ်စင်းသည် ရပ်နေသည့်အချိန်ထက် ရွေ့လျားနေသည့်အချိန်တွင် ပြန်လှည့်၍ ဦးတည်ချက် ပြောင်းရန် ပို၍လွယ်ကူပါသည်။

"တမန်တော်ဝတ္ထု ၁၆:၆-၁ဝ တွင် ပေါလုနှင့် သိလတို့သည် သခင်ဘုရားထံမှ ထင်ရှားသော ဦးဆောင် လမ်းပြမှုကြောင့်မဟုတ်သော်လည်း အလိုတော်အတိုင်းဆောင်ရွက်လိုသည့်အတွက် အာရှတိုက်သို့သွား ရန် ကြိုးစားခဲ့ကြသည်။ သူတို့သည် ဘုရားသခင် စီစဉ်ချမှတ်ထားသော အခြေအနေများကြောင့် အဟန့် အတားတွေ့ကြုံခဲ့ခြင်း ဖြစ်နိုင်သည်။ နောက်ထပ် ဗိသုန်ပြည်သို့သွားရန် သူတို့ကြိုးစားခဲ့သော်လည်း ထပ်မံတားဆီးပိတ်ပင်ခံခဲ့ရပြန်သည်။ သို့ရာတွင် သူတို့သည် လမ်းညွှန်မှုရရှိရန် မလှုပ်မယှက် ထိုင်စောင့် မနေဘဲ ဘုရားသခင်၏အလိုတော်ကို တက်ကြွစွာရှာဖွေသောကြောင့် နောက်ဆုံးတွင် ကိုယ်တော် ရွေးချယ်ထားသောနေရာဖြစ်သည့် မာကေဒေါနိပြည်သို့ သူတို့အား ပို့ဆောင်ခဲ့သည်။

နေ့စဉ်အသက်တာ၏ အသေးစိတ်ကိစ္စရပ်များတွင် လမ်းညွှန်မှုဟူသည်မှာ အမြဲတမ်းအသိသတိရှိရှိဖြင့် မေးမြန်းနေရမည့် မေးခွန်းမျိုးမဟုတ်ပေ။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၌ လျှောက်လှမ်းခြင်း အကြောင်းဖြစ်သည်။ သခင်ဘုရားနှင့် မှန်ကန်သောဆက်ဆံရေးရှိခြင်းက မှန်ကန်သည့် လုပ်ရပ်ကို လုပ်ဆောင်စေမည်ဖြစ်သည်။ ထိုကဲ့သို့သော အသေးစိတ်ကိစ္စရပ်များတွင် ဘုရားသခင်၏လမ်းညွှန်မှု သည် ကျွန်ုပ်တို့ အချိန်တိုင်း အထူးသတိထားသင့်သည့်အရာ မဟုတ်ပေ။ ကျွန်ုပ်တို့ သတိလစ်ဟင်း သွားသည့် အချိန်ရှိနိုင်သည်။ လမ်းညွှန်မှုသည် ဝိညာဉ်ရေးရာကိစ္စဖြစ်ပြီး စက်ပိုင်းဆိုင် ရာနည်းပညာ မဟုတ်သောကြောင့် သခင်ဘုရားနှင့်ကျွန်ုပ်တို့၏ အခြေခံဆက်ဆံရေးသည် အရေးကြီးသောအချက် ဖြစ်သည်။

စိတ်ထိခိုက်နောင်တရခြင်းမှလွတ်မြောက်ခြင်း

အတိတ်ကကျရှုံးမှုများအပေါ် စိတ်ထိခိုက်နောင်တရခြင်းသည် ကျွန်ုပ်တို့အထဲမှ အချို့သောသူတို့၏ စိတ်နှလုံးကို ညှဉ်းပန်းနှိပ်စက်နေသလိုမျိုးဖြစ်နိုင်သည်။ ကျွန်ုပ်တို့သည် အချို့သောကိစ္စရပ်များတွင် ဘုရားသခင်၏ အလိုတော်နှင့်လွဲချော်ခဲ့နိုင်ပြီး ယခုအချိန်၌ ၎င်းကို ပြန်လည်ပြုပြင်၍မရနိုင်တော့ပေ။ သို့ရာတွင် ထိုသို့ နောင်တရခြင်းသည် အချည်းနှီးသာဖြစ်သည်။ အကြောင်းမှာ ၎င်းသည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ နိုးကြားတက်ကြွမှုကို ဆုံးရှုံးပျက်စီးစေနိုင်ပြီး ဘုရားသခင်၏ မည်သည့်အမှုတော်လုပ်ငန်း ၌မဆို ကျွန်ုပ်တို့ ပါဝင်ရန်မထိုက်တန်အောင် ပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်များကို ချက်ချင်းခွင့်လွှတ်၍ သန့်ရှင်းစင်ကြယ်စေခြင်းငှာ သစ္စာနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ထံ၌ ကျရှုံးမှု များကို ဖော်ပြတောင်း ပန်ရမည်ဖြစ်သည် (၁ယော ၁:၇၊ ၉)။ ကျွန်ုပ်တို့၏ အတိတ်ကကျူးလွန်ခဲ့သည့် အပြစ်များကိုလည်း မေ့ပစ်မည်ဟု ကိုယ်တော်ကတိပေးခဲ့သည် (ဟေဗြဲ ၈:၁၂)။ အကယ်၍ ဘုရားသခင်သည် ကျွန်ုပ်တို့၏အတိတ်ကို ပြန်လည်တူးဆွ ခြင်း မပြုလုပ်ပါက ကျွန်ုပ်တို့အနေဖြင့်လည်း ၎င်းအပေါ် ပူပန်သောကပွားနေစရာမလိုပေ။ ထို့ကြောင့် ယင်းကျရှုံးမှုများကို တစ်ခါတည်း အပြီးသတ် ကျောခိုင်းသင့်သည်။ မမှားသင့်သောအမှားများကို ပြည်လည်ပြုပြင်ရန် မဖြစ်နိုင်သော်လည်း ကျွန်ုပ်တို့၏ ကျန်ရှိနေသည့်အသက်တာတစ်လျှောက်လုံးကို ကိုယ်တော်၏ ဘုန်းတော်ထင်ရှားစေရေးအတွက် အသုံးပြုရန် ဘုရားသခင်ထံ တောင်းလျှောက်နိုင်ပါသည်။

ဒါဝိဒ်သည် ဗာသရှေဘနှင့်ပြစ်မှားခဲ့ပြီး သူ၏ခင်ပွန်းဖြစ်သူ ဥရိယကို သတ်ပစ်ခြင်းဖြင့် အလွန်ဆိုးရွား နိမ့်ကျစွာ ကျဆင်းသွားခဲ့သည်။ သို့ရာတွင် ကျန်ရှိသော သူ့ဘဝတစ်လျှောက်လုံး၌ စိတ်ထိခိုက်နောင်တရ ခြင်းဖြင့် အသက်ရှင်မည့်အစား ကျိုးပဲ့ကြေမွမှုနှင့် နောင်တဖြင့် ဘုရားသခင်ထံ ပြန်လာခဲ့သည်။ ဘုရားသခင်၏ခွင့်လွှတ်မှုကို သူခံယူခဲ့ပြီးနောက် ဘုရားသခင်၏ ဘုန်းတော်အတွက် အသက်ရှင်ခဲ့သည်။ ဥရိယကိစ္စမှတစ်ပါး ဒါဝိဒ်သည် သူ၏ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်နှစ်သက်သောအသက် တာဖြင့် အသက်ရှင်ခဲ့သည်ဟု သန့်ရှင်းသောဝိညာဉ်တော်က နောက်ပိုင်းတွင် မှတ်တမ်းတင်ခဲ့သည် (၃ ရာ ၁၅:၅)။ အကယ်၍ ဒါဝိဒ်သည် သူ၏စိတ်နှလုံးအား နောင်တ၏ထိုးနှက်ဖိစီးမှုကို ခွင့်ပြုခဲ့မည်ဆိုပါက သူသည် ဘုရားသခင်အား သာ၍ ဝမ်းနည်းစေခဲ့မည်ဖြစ်သည်။ စိတ်နှလုံးထဲ၌ နောင်တတရား၏ဖိစီးမှုဖြင့် အစဉ်အမြဲ အသက်ရှင်သူတို့သည် အရှုံးပြီးလျှင် အရှုံးနှင့်သာရင်ဆိုင်ကြရသည်။ ကျွန်ုပ်တို့သည် အတိတ်ကကျရှုံးမှုများကို မေ့ပစ်ကာ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဆောင်ရွက်ရန် ရှေ့သို့တက်လှမ်းကြရမည်ဖြစ်သည် (နှိုင်းယှဉ်ဖတ်ရှုရန် - ဖိလိပ္ပိ ၃:၁၃၊ ၁၄)။ ကျွန်ုပ်တို့ဆုံးရှုံးသွားသော နှစ်ကာလများကို ဘုရားသခင် ကျွန်ုပ်တို့အား ပြန်လည်ပေးနိုင်ပါသည် (ယောလ ၂:၂၅)။

နောက်ထပ်သွေးဆောင်မှုတစ်ခုမှာ ဘုရားသခင်၏အလိုတော်ဖြစ်သည်ဟု ကျွန်ုပ်တို့ခံစားခဲ့ရသော်လည်း ယခုအချိန်တွင်မူ သံသယဝင်နေသည့် အတိတ်ကဆုံးဖြတ်ချက်တစ်ခုအတွက် စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကြောင့် ကျွန်ုပ်တို့ဒုက္ခရောက်ခဲ့ရခြင်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် ကျွန်ုပ်တို့ ယခုသိရှိရသည့်အချက်အလက်များကို ထိုအချိန်ကသာ သိရှိခဲ့မည်ဆိုလျှင် မတူညီသောဆုံးဖြတ်ချက် တစ်ခုကို ကျွန်ုပ်တို့ ချခဲ့မိမည်ဖြစ်သည်။ ကျွန်ုပ်တို့ အမြဲတမ်းစွဲမှတ်ထားရမည့်နိယာမမှာ "အလင်းထဲ၌ ဘုရားသခင် ပြသခဲ့သောအရာကို အမှောင်ထဲ၌ ဘယ်တော့မှ သံသယမဝင်ပါနှင့်" ဟူ၍ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကို စိတ်ရင်းမှန်ဖြင့် ရှာဖွေခဲ့ပြီး ထိုအချိန်က ကျွန်ုပ်တို့ရရှိခဲ့သော ဉာဏ်အလင်းနှင့်အညီ ဆုံးဖြတ်ချက်ချခဲ့သည်ဆိုပါက ယခုအခါ နောင်တဖြင့် နောက်ပြန်လှည့်ကြည့်ရန် မလိုတော့ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အရူးလုပ်လှည့်စားရသည်ကို နှစ်သက်သော ရက်စက် ကြမ်းကြုတ်သည့် အာဏာရှင်တစ်ဦးမဟုတ်ပါ။ ကိုယ်တော်သည် ချစ်တတ်သောဖခင်ဖြစ်ကာ မုန့်ကို တောင်းပါက သူသည် ကျွန်ုပ်တို့အား ကျောက်တုံးကို ပေးမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ အလိုတော်ကို ရိုးသားစွာရှာဖွေခဲ့ပါက ကျွန်ုပ်တို့ မှန်ကန်စွာဆုံးဖြတ် နိုင်ရန်အတွက် ဘုရားသခင်သည် အရာအားလုံးကို လွှမ်းမိုးထိန်းချုပ်ထားခဲ့မည်ဖြစ်ကြောင်းကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။ ထိုအချိန်က ကျွန်ုပ်တို့ မသိနားမလည်ခဲ့သော ဖြစ်ရပ်များကိုပင် ဘုရားသခင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ထိမ်ချန်ထားခဲ့ခြင်းဖြစ်နိုင်သည်။

ဘုရားသခင်သည် ပေါလုနှင့်သိလတို့ကို မာကေဒေါနိပြည်သို့ သွားရန် တရောမြို့၌ ရှင်းလင်းသော ညွှန်ကြားချက်ကို ပေးတော်မူသဖြင့် သူတို့သည် ချက်ချင်းထ၍သွားခဲ့ကြသည်။ သူတို့ရောက်ရှိပြီး မကြာမီမှာပင် ခြေထောက်၌ ထိတ်တုံးခတ်ခံရလျက် ထောင်ချခံခဲ့ရသည်။ သူတို့ခံစားရသည့် လမ်းညွှန်မှု သည် မှားများမှားနေသလားဟူ၍ သူတို့တွေးမိခဲ့နိုင်သည်။ သူတို့ ၏ကံကြမ္မာကို ကြိုတင်သိရှိခဲ့ပါက တရောမြို့ကနေ ဘယ်တော့မှ ထွက်ခွာဖြစ်ခဲ့ကြမည် မဟုတ်ပေ။ သို့ရာတွင် ဘုရားသခင်သည် သူတို့အား ကြိုတင် သတိပေးခဲ့ခြင်းမရှိပေ။ အကျဉ်းချခံခဲ့ရသော်လည်း ပေါလုနှင့်သိလတို့သည် ဘုရားသခင်ကို ယုံကြည်ကိုးစားခဲ့သည်။ အလင်းထဲ၌ ဘုရားသခင် သူတို့အား ပြသတော်မူသောအရာကို မှောင်မိုက်ထဲ၌ ယုံမှားသံသယမရှိဘဲ ကိုယ်တော်အား သူတို့ ဆက်လက်ချီးမွမ်းခဲ့ကြသည်(တမန် ၁၆:၈-၂၆)။ သူတို့သည် ဘုရားသခင်၏အလိုတော်ထဲ၌ အမှန်တကယ်ရှိနေခဲ့ကြောင်းကို နောက်ပိုင်း အဖြစ်အပျက်များက ရှင်းရှင်း လင်းလင်း ပြသခဲ့သည်။ အခက်အခဲပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းသက်သက်က ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်၌ ရှိမနေကြောင်းကို ညွှန်ပြနေခြင်းမဟုတ်ပါ။ ဘုရားသခင်အား ယုံကြည် ကိုးစားပါက အထူထပ်ဆုံးမှောင်မိုက်ထဲ၌ပင် နောင်တလုံးဝမရှိဘဲ ဘုရားသခင်ကို ကျွန်ုပ်တို့ ချီးမွမ်းနိုင် မည်ဖြစ်သည်။

ကြောက်ရွံ့ခြင်းမှလွတ်မြောက်ခြင်း

လူများနှင့်အခြေအနေများကို ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့ကို ဘုရားသခင်၏အလိုတော်နှင့် လွဲချော် သွားစေနိုင်ပါသည်။ များစွာသော ယုံကြည်သူတို့သည် လမ်းညွှန်မှုကိုရှာဖွေသည့်အခါ ဘေးကင်းလုံခြုံရေး အတွက် ထည့်သွင်းစဉ်းစားရမည့်အရာများ၏ လွှမ်းမိုးချုပ်ကိုင်မှုကို ခံကြရသည်။ အချို့သောနေရာ၊ သို့မဟုတ် အလုပ်အကိုင်သည် လုံခြုံမှုမရှိဘဲ အန္တရာယ်ရှိသည်ဟု ခံစားရသောကြောင့် ၎င်းကို သူတို့၏ စိတ်ထဲမှ ထုတ်ပယ်ပစ်တတ်ကြသည်။ သို့ရာအတွင် ဘေးအန္တရာယ် လုံးဝကင်းရှင်းသည့်နေရာ၊ သို့မဟုတ် အလုပ်အကိုင်ဟူ၍ ဤကမ္ဘာပေါ်၌မရှိပါ။ ကမ္ဘာတစ်ဝန်းလုံးတွင် အလုံခြုံဆုံးသောနေရာမှာ ဘုရားသခင်၏ ပြီးပြည့်စုံသောအလိုတော်၏ ဗဟိုအချက်အချာပင်ဖြစ်သည်။ ဘုရားသခင်၏ အကြံအစည် ထဲမှ ကျွန်ုပ်တို့ ရုန်းထွက်သွားသည့်အခါမှသာ အန္တရာယ်ထဲသို့ ကျွန်ုပ်တို့ ဝင်ရောက်သွားခြင်းဖြစ်သည်။ ဘုရားသခင်၏လမ်းညွှန်မှုကို မရှာဖွေဘဲ မိမိဘာသာမိမိ ဆုံးဖြတ်ချက်များကို ချနေသောသူသည် စာတန် ၏ ထိုးနှက်တိုက်ခိုက်မှုကို အလွယ်တကူခံရနိုင်သည်။ သို့ရာတွင် -

"အမြင့်ဆုံးသောဘုရား၏ ခွဲခန့်သတ်မှတ်ထားတော်မူသောနေရာ၌ အသက်ရှင်နေထိုင်လုပ်ကိုင် ဆောင်ရွက်သောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ဖြင့် ကွယ်ကာပေးမှုကိုခံရလိမ့်မည်"(ဆာလံ ၉၁:၁ - ဆီလျော်အောင် ပြန်ဆိုထားသည်)။

အမှားပြုလုပ်မိမည်ကိုစိုးရိမ်ကြောက်ရွံ့သောစိတ်မှလည်း ကျွန်ုပ်တို့ လွတ်မြောက်ရန် လိုပါသည်။ ဘယ်တော့မှအမှားမလုပ်ဖူးသောသူသည် ဘာတစ်ခုကိုမှ မလုပ်သောသူဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျောင်းတော်၌ စာသင်သားများဖြစ်ကြပြီး ရံဖန်ရံဖန် ကျွန်ုပ်တို့အမှားလုပ်မိမည်မှာ သေချာပါသည်။ သို့ရာတွင် ထာဝရဘုရားသည် အနီးအပါးတွင် အမြဲ ရှိတော်မူပြီး မှားနေသည့်အရာများကို အမှန်ပြင်ပေးရန် အဆင်သင့်ရှိနေပါသည်။ သခင်ယေရှုကိုယ်တော်တိုင်ကလွဲပြီး အမှားများစွာ မပြုလုပ်မိဘဲ မည်သည့်လူတစ်ဦးတစ်ယောက်မှ ပြီးပြည့်စုံသော ဘုရားသခင်၏အလိုတော်ထဲ၌ လျှောက်လှမ်းရန် မသင်ယူခဲ့ဖူးပေ။ အကြီးမြတ်ဆုံးသောသူတော်စင်များသည် မကြာခဏလဲကျခြင်း အားဖြင့် လမ်းလျှောက်တတ်ရန် သင်ယူရသော ကလေးငယ်တစ်ဦးကဲ့သို့ပင် ဘုရားသခင်၏ အလိုတော်ထဲ၌ လျှောက်လှမ်းတတ်ရန် သင်ယူခဲ့ကြရသည်။ လဲကျမည်ကိုကြောက်ရွံ့သောကလေး ငယ်သည် လမ်းလျှောက်တတ်ရန် ဘယ်တော့မှ သင်ယူနိုင်မည်မဟုတ်ပေ။ ထိုကဲ့သို့သောကြောက်ရွံ့မှုက ကျွန်ုပ်တို့ ရှေ့ဆက်ခြေလှမ်း မလှမ်းနိုင်အောင် တားဆီးရန် ဘယ်တော့မှ ခွင့်မပြုသင့်ပေ။ ဘုရားသခင်၏ အလိုတော်ထဲ၌ လျှောက်လှမ်းခြင်းသည် လွယ်ကူမည်မဟုတ်သော်လည်း ၎င်းသည် ကိုယ်တော်နှင့် အတူလျှောက်လှမ်းရမည့် ကြီးမားသောစိတ်လှုပ်ရှားဖွယ် စွန့်စားမှုခရီးစဉ်တစ်ခုဖြစ်ကာ ကျွန်ုပ်တို့လဲကျ သည့်အခါ ဆွဲကူထူမရန် ကိုယ်တော် ကတိပေးထားသည်။

"ကောင်းသောသူတို့၏ခြေလှမ်းများကို ဘုရားသခင် ညွှန်ကြားပဲ့ပြင်တော်မူသည်...သူတို့သည် လဲကျ သော်လည်း အသက်ဘေးအန္တရာယ်မရှိပါ။ အကြောင်းမူကား ထာဝရဘုရားသည် ထိုသူတို့အား သူ၏ လက်တော် ဖြင့် ဆွဲကိုင်တော်မူသောကြောင့်ဖြစ်သည်" (ဆာလံ ၃၇:၂၃၊ ၂၄ - TLB)။

နောက်ဆုံး၌ လမ်းညွှန်မှုသည် အခြေခံအားဖြင့် သင်နှင့်ဘုရားသခင်ကြားရှိ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ကြောင်းကို သတိရပါ။ အခြားလူတစ်ဦးအား ဘုရားသခင် ပို့ဆောင်သည့်လမ်းသည် သင့်အား ဘုရားသခင်ပို့ဆောင် လိုသည့်လမ်း ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ပေ။ ကျယ်ပြန့်သည့် စည်းမျဉ်း နိယာမများသည် ယုံကြည်သူအားလုံးအတွက် အတူတူပင်ဖြစ်သော်လည်း တိကျသောလမ်းပြပို့ဆောင်မှု ပုံစံမှာ တစ်ဦးချင်းစီအတွက် ကွဲပြားခြားနားသည်။ အခြားသူတစ်ဦး၏သက်သေခံချက်တွင် သင်ကြားခဲ့ရ သည့် လမ်းညွှန်မှုပုံစံမျိုးကို သင်ရှာဖွေပါက စိတ်ရှုပ်ထွေးရခြင်းသာ အဖတ်တင်လိမ့်မည်။ ဘုရားသခင် သင့်အား မည်ကဲ့သို့လမ်းညွှန်သင့်သည်ဆိုသည်ကို ဘုရားသခင်ထံ အပ်နှံထားလိုက်ပါ။ ဘုရားသခင် အလိုတော်ရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ အမြဲအသင့်ရှိနေရန်သာ သင့်အနေဖြင့် အာရုံစိုက် ထားပါ။ ကိုယ်တော်၏အလိုတော်ကို သင့်အားသိရှိစေပြီး ၎င်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့်ခွန်အားကို သင့်အားပေးတော်မူမည်ဖြစ်ကြောင်း စိတ်ချသေချာစေလိမ့်မည်ဖြစ်သည်။

အနှစ်ချုပ်

၁။ ကျွန်ုပ်တို့သည် ကိုယ်တော့်အား သာ၍သိကျွမ်းလာစေရန်အတွက် စိတ်ရှုပ်ထွေးမှုကြုံတွေ့ရန် ဘုရားသခင်ခွင့်ပြုသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ရည်ရွယ်ချက်များကို စစ်ထုတ်ခြင်းဖြင့် ကျွန်ုပ် တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။

၂။ ဖြစ်ရပ်အများစုတွင် ဝိညာဉ်တော်၏စိတ်သဘောကို ကျွန်ုပ်တို့ဉာဏ်စွမ်းရှိသမျှနှင့် သိရှိနားလည် ပြီးပြီဆိုပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ပတ်သက်၍ မရေရာမသေချာဖြစ်နေသည့် တိုင် ရှေ့ဆက်တိုး၍ ခြေလှမ်းလှမ်းသင့်ပါသည်။ ကျွန်ုပ် တို့အနေဖြင့် အချိန်အကန့်အသတ်မရှိ စောင့်ဆိုင်း ရန် မလိုပေ။

၃။ ကျွန်ုပ်တို့အနေဖြင့် အတိတ်ကကျရှုံးမှုများ၊ သို့မဟုတ် အတိတ်က ဆုံးဖြတ်ချက်များအပေါ် နောင်တ ဖြင့် ပြန်လှည့်မကြည့်သင့်ပေ။

၄။. ဘေးအန္တရာယ်ကိုကြောက်ရွံ့ခြင်း၊ သို့မဟုတ် အမှားပြုလုပ်မိမည်ကို ကြောက်ရွံ့ခြင်းက ကျွန်ုပ်တို့ အား အမြဲတမ်း ဘာမှမလုပ်ဘဲနေအောင်တားဆီးခြင်းကို ဘယ်တော့မှ ခွင့်မပြုသင့်ပေ။

၅။ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်ကဲ့သို့လမ်းပြသင့်သည်ဆိုသည်ကို ကိုယ်တော်၏လက်တော်ထဲ ၌သာ အပ်နှံထားသင့်ပါသည်။